【 နိုင်ငံတကာဆောင်းပါး 】 ၂၀၂၄ ဒါဗို့စ်ဖိုရမ်နှင့် တရုတ်အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】 ၂၀၂၄ ဒါဗို့စ်ဖိုရမ်နှင့် တရုတ်အခန်းကဏ္ဍ

COVID-19 ကြောင့် ပိတ်ဆို့မှုများအပြီး နိုင်ငံတကာရင်းနှီးမြုပ်နှံသူများကို စီးပွားရေးဖိတ်ခေါ်ရန်အတွက် ကြိုးပမ်းသည့် ယခုနှစ် ဒါဗို့စ်ဖိုရမ်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာရင်းနှီးမြုပ်နှံသူအားလုံး၏ အာရုံစိုက်မှုကို  သိမ်းပိုက်ခဲ့သည်။

ယခုနှစ် ဒါဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အဓိကဆောင်ပုဒ်မှာ “ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း” ဖြစ်သည်။

ယခုနှစ်အစည်းအဝေးတွင် စီးပွားရေးတိုးတက်မှု၊ ရာသီဥတုနှင့် သဘာဝရေးရာ လုပ်ဆောင်မှုများကဲ့သို့သော အရေးတကြီး ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဇန်နဝါရီ ၁၅ ရက်မှစကာ ၅ ရက် ကြာ ဆွေးနွေးကြမည်ဖြစ်သည်။ဆွေးနွေးပွဲကာလအတွင်း ကဏ္ဍပေါင်းစုံမှ နိုင်ငံတကာကိုယ်စားလှယ်များသည် လက်ရှိ ကမ္ဘာ့ဖွံ့ဖြိုးရေးတွင် ရင်ဆိုင်နေရသော အရေးတကြီးပြဿနာများနှင့်ပတ်သက်၍ အတူဆွေးနွေးကာ၊ လက်တွေ့လုပ်နိုင်ခြေရှိပြီး ဆန်းသစ်တီထွင်မှုရှိသော ဖြေရှင်းရေးနည်းလမ်းများကို တင်ပြကြမည်ဖြစ်သည်။

ဒါဗိုစ့်အစည်းအဝေး ဒုတိယရက် ဇန်နဝါရီ ၁၆ ရက်တွင် တရုတ်ဝန်ကြီးချုပ် လီချန်က “တရုတ်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုကို ရွေးချယ်တာဟာ အန္တရာယ်မဟုတ်ဘဲ အခွင့်အလမ်းပါ” ဟု ပြောကြားခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်က ပေကျင်း၏ ခန့်မှန်းချက်ထက် ၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်းကိုပါ ပြောခဲ့သည်။

ခန့်မှန်းမှုများနှင့် အကောင်းမမြင်မှုများကို ကျော်လွှားနေကြ တရုတ်စီးပွားရေးအခြေအနေသည် ယခုနှစ်တွင်လည်း အစဉ်အလာအတိုင်း အရှိန်အဟုန်ကောင်းနေဆဲဟု နိုင်ငံတကာစီးပွားရေးရင်းနှီးမြုပ်နှံသူများက ယူဆထားသည်။ယခုရက်ပိုင်းအတွင်း ဆက်တိုက်ထုတ်ပြန်နေသည့် တရုတ်စီးပွားရေးဆိုင်ရာ အချက်အလက်များကလည်း တရုတ်၏ လက်ရှိစီးပွားရေးအခြေအနေ ကောင်းမွန်နေကြောင်းကို ပြသနေသည်။

ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်သော ၂၀၂၃ ခုနှစ် အမျိုးသားစီးပွားရေးလည်ပတ်မှု အခြေအနေနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ် တရုတ်အမျိုးသားစီးပွားရေး စုစုပေါင်းပမာဏမှာ ယွမ်ငွေ ၁၂၆.၀၅၈၂ ထရီယံကျော်ရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၅.၂ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံး ပြည်သူများစားသုံးမှုဈေးနှုန်း (CPI) မှာ ယခင်နှစ်ကထက် ဝ.၂ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြခဲ့သည်။

အသေးစိတ် အချက်အလက်အဖြစ် အမျိုးအစားအလိုက် အစားအသောက်၊ ဆေးလိပ်နှင့် အရက်ဈေးနှုန်း ဝ.၃ ရာခိုင်နှုန်း၊ အဝတ်အထည်ဈေးနှုန်း ၁ ရာခိုင်နှုန်း၊ နေ့စဉ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှုဈေးနှုန်းများ ဝ.၁ ရာခိုင်နှုန်း တိုးလာပြီး အိမ်ရာဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးဈေးနှုန်း ၂.၃ ရာခိုင်နှုန်း ကျဆင်းပြီး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးဈေးနှုန်းများ ၂ ရာခိုင်နှုန်း၊ ဆေးဝါးကုသရေးဈေးနှုန်း ၁.၁ ရာခိုင်နှုန်း၊ အခြားသောပစ္စည်းနှင့် ဝန်ဆောင်မှုဈေးနှုန်းများ ၃.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီချန်က ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ကျင်းပသော ဒါဗို့စ်ဖိုရမ်တွင် ယုံကြည်မှုပြန်လည်တည်ထောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း၊ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူမှု တွန်းအားပေးခြင်းနှင့်ပတ်သက်ပြီး အဆိုပြုချက်ငါးရပ်ကို တင်ပြခဲ့သည်။ ထိုအဆိုပြုချက်ငါးရပ်မှာ မက်ခရိုစီးပွားရေးမူဝါဒများ ညှိနှိုင်းမှုကို တွန်းအားပေးပြီး ဘက်ပေါင်းစုံ ကုန်သွယ်ရေးစည်းစနစ်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတကာကုန်ထုတ်လုပ်မှု လုပ်ငန်းတာဝန် ခွဲဝေရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေးနှင့် အဆင်ပြေစေရေးကို ဦးလည်မသုန် တွန်းအားပေး၍ နိုင်ငံတကာကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့မှုကွင်းဆက် တည်ငြိမ်အဆင်ပြေရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတကာ သိပ္ပံနည်းပညာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး တံခါးဖွင့်သည့် တရားမျှတသည့် အထင်သေးမှု ကင်းမဲ့သည့် သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်ကို လက်တွဲဖန်တီးပေးရန်၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး အစိမ်းရောင်အသွင်ကူးပြောင်းခြင်းကို လက်တွဲတွန်းအားပေး၍ နိုင်ငံတကာရာသီဥတုပြောင်းလဲမှုကို တက်ကြွစွာ ရင်ဆိုင်ဖြေရှင်းရန်၊ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို ဘက်စုံဖော်ဆောင်ကာ ကျယ်ကျယ်ပြန့်ပြန့် အကျိုးခံစားစေနိုင်သော သက်ညှာထောက်ထားသော ကမ္ဘာ့စီးပွားရေးကို တိုးမြှင့်တည်ဆောက်ရန်တို့ဖြစ်သည်။

လက်ရှိ ကမ္ဘာ့စီးပွားရေးအခြေအနေသည် ကပ်ဘေးဖြစ်သည့် ကိုဗစ်ကြောင့် ကာလရှည်ထိခိုက်နေရာမှ ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ကမ္ဘာတစ်ဝန်း အကျပ်အတည်း ဆက်တိုက်ဖြစ်ပေါ်စေခဲ့သည်။ယခုနောက်ဆုံး အစ္စရေးကို ဟားမတ်စ်က အလစ်ငိုက်တိုက်ခိုက်ရာမှ ဖြစ်လာသည့် ဂါဇာစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအခြေအနေမှာ ပိုမိုဆိုးရွားလာနေခဲ့သည်။ထိုအခြေအနေတွင် ကမ္ဘာတစ်ဝန်း ရင်းနှီးမြုပ်နှံသူများအတွက် ပြန်ရချက်သေချာသည့်  စိတ်ချယုံကြည်ရသည့် နေရာမှာ ရှားပါးနေပြီး ထိုလစ်ဟာမှုကို တရုတ်က တစ်သမတ်တည်း တက်ရိပ်ပြနေသည့် စီးပွားရေးတိုးတက်မှုဖြင့် ဆွဲဆောင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံခေါင်းဆောင်ပိုင်းက ကမ္ဘာ့တခြားစီးပွားရေးအင်အားကြီးနိုင်ငံများနှင့်မတူဘဲ စီးပွားရေးကို အထူးအလေးထားသည်ကို ပြသခဲ့သည်။ထိုအချက်က ရင်းနှီးမြုပ်နှံသူများအတွက် စိတ်ချရသည့် ယုံကြည်မှုကိုဖြစ်စေသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြည်နယ်နှင့် ဝန်ကြီးအဆင့် အဓိက ကေဒါခေါင်းဆောင်များ၏ ငွေရေးကြေးရေးလုပ်ငန်း အရည်အသွေးမြင့်မားစွာ တိုးတက်မှုကို တွန်းအားပေးရေး နှီးနှောဖလှယ်ပွဲ တက်ရောက်ပြီး  မိန့်ခွန်းပြောခဲ့သည်။ထိုမိန့်ခွန်းတွင် တရုတ်ထူးခြားချက် ဝိသေသပါရှိသော ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဦးလည်မသုန် လျှောက်လှမ်းရမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ငွေရေးကြေးရေးလုပ်ငန်း အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း အလေးအနက်ပြောခဲ့သည်။  

ကမ္ဘာ့စီးပွားရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည့် အရေးပါသောနေရာတွင်ရှိနေသည်။ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စျေးကွက်ကို ထပ်မံဖွင့်လှစ်ကာ နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဟု Deloitte China မှ Jiang Ying က ဆင်ဟွာနှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ တိုးတက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ်က ၅.၂ ရာခိုင်နှုန်းရှိခဲ့ရာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၂ ရာခိုင်နှုန်းတစ်ဝိုက်လောက်သာရှိခဲ့သည့် အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများထက် သာလွန်နေသည်။သို့ဖြစ်ရာ နာလန်ထူရန် ခက်ခဲနေသည့် လက်ရှိ ကမ္ဘာ့စီးပွားရေးအတွက် တရုတ်တည်ရှိရာ အာရှ-ပစိဖိတ်ဒေသသည် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသည်။

တရုတ်ဘက်ကလည်း ယခု ဒါဗို့စ်အစည်းအဝေးကို မည်မျှမျှော်လင့်ထားသည်ကို ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅၀ ကျော်ဖြင့် ဝန်ကြီးချုပ် လီချန်းကိုယ်တိုင် ဦးဆောင် တက်ရောက်လာသည်ကို ကြည့်လျှင်ပင် သိနိုင်သည်။  

ယခုနှစ် ကမ္ဘာ့စီးပွားရေးက မသေချာမရေရာမှုများက ပိုများနေသည်။ယူကရိန်းတွင် ရုရှားစစ်ပွဲ၊ ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို အီရန်ကျောထောက်နောက်ခံ ဟူသီများက တိုက်ခိုက်မှု၊ လတ်တလော အီရန်က အီရတ်နှင့် ပါကစ္စတန်ကို ကျူးကျော်ပစ်ခတ်မှု၊ ထိုင်ဝမ်ရွေးကောက်ပွဲတွင် တက်ကြွလှုပ်ရှားသူများ အနိုင်ရမှုကြောင့် ဖြစ်လာနိုင်သည့် ထိုင်ဝမ်ရေလက်ကြား မတည်ငြိမ်မှု၊ မြောက်ကိုရီးယားက တောင်ကိုရီးယားကို အဓိကရန်ဘက်အဖြစ် ကြေညာမှု၊ တောင်တရုတ်ပင်လယ်အရေး စသည့် အကြောင်းအရာများက ကိုဗစ်အလွန် ကမ္ဘာ့စီးပွားရေးကို နာလန်ထူလာစေရန် ခက်ခဲစေသည့် အကြောင်းတရားများဖြစ်နေသည်။

ထို့ကြောင့် နိုင်ငံတကာရင်းနှီးမြုပ်နှံသူများအတွက် သေချာရေရာသည့် ရွေးချယ်ရင်းနှီးမြုပ်နှံမှုသည့် ပိုအရေးကြီးလာသည်။မတည်ငြိမ်သည့် နေရာဒေသထက် တည်ငြိမ်သေချာသည့် နေရာဒေသကို ရင်းနှီးမြုပ်နှံသူများဘက်က ပိုရွေးချယ်လာသည်။ထိုအကြောင်းအချက်ကြောင့် ကမ္ဘာ့ရင်းနှီးမြုပ်နှံသူများအတွက် တရုတ်နိုင်ငံသည် ရွေးချယ်စရာဖြစ်လာသည်။

လွန်ခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံခြားလုပ်ငန်းရှင်များ၏ တရုတ်ပြည်တွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမြတ်အစွန်းရရှိမှုနှုန်းသည် ၉ ရာခိုင်နှုန်းခန့်ဖြစ်ကာ နိုင်ငံတကာ၌ အသင့်အတင့်မြင့်သည့် အဆင့်အတန်း၌ရှိနေသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တရုတ်နိုင်ငံ၌ အသစ်တိုးလာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းကုမ္ပဏီပမာဏသည် ၂၀၂၂ ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၃၆.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၃ ရာခိုင်နှုန်းဖြစ်သည်ဟု IMF က ခန့်မှန်းခဲ့သည်။တရုတ်နိုင်ငံ၏ တိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်းရှိခဲ့ရာ နှိုင်းယှဉ်ကြည့်လျှင် တရုတ်စီးပွားရေးတိုးတက်မှုနှုန်းသည် ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံများတွင် ရှေ့တန်း၌ ရပ်တည်နေသည်။

ယခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အဓိကဆောင်ပုဒ်မှာ “ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း” ဖြစ်သည်။သို့ဖြစ်ရာ ရင်းနှီးမြုပ်နှံသူများအတွက် ယုံကြည်သော နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံဘက်က တင်ပြသည့် ကမ္ဘာ့စီးပွားရေး နာလန်ထူရေး အဆိုပြုချက် ၅ ရပ်သည် ယခုနှစ် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မဖြစ်မနေထည့်သွင်းစဉ်းစားရမည့် အကြောင်းအရင်းတစ်ရပ် ဖြစ်လာခဲ့သည်။

စိုးငြိမ်း