【 နိုင်ငံတကာ‌ဆောင်းပါး 】 ပိုအဆင်ပြေစေသည့် တရုတ်ဗီဇာ စည်းမျဉ်းသစ်များ

【 နိုင်ငံတကာ‌ဆောင်းပါး 】 ပိုအဆင်ပြေစေသည့် တရုတ်ဗီဇာ စည်းမျဉ်းသစ်များ

ပြီးခဲ့သောလပိုင်းများအတွင်းတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်သည် များစွာသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပြီး စီးပွားရေးသမားများ၊ ကျောင်းသားများနှင့် ခရီးသွားများအတွက် များစွာသော အကျိုးသက်ရောက်မှုများရှိခဲ့သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်၏ အမျိုးသားလူဝင်မှုကြီးကြပ်ရေးသည် ၂၄ နာရီ ဗီဇာကင်းလွတ်သော ကူးပြောင်းခွင့်၊ ပိုမိုရိုးရှင်းသော ဗီဇာလျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းနှင့် ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်သူများ၏ အရေအတွက်ကို တိုးမြှင့်ခြင်းတို့အတွက် စည်းမျဉ်းအသစ်များကို ကြေညာခဲ့သည်။

အဓိက ဗီဇာစည်းမျဉ်း ငါးခုအနက် လေးခုသည် ဗီဇာလျှောက်ထားခြင်းနှင့် သက်ဆိုင်ပြီး တစ်ခုက တရုတ်နိုင်ငံသို့ နိုင်ငံခြားသားများ ရောက်ရှိလာခြင်းကို ချောမွေ့စေမည့် နယ်စပ်စစ်ဆေးရေးနှင့် သက်ဆိုင်သည်။

နိုဝင်ဘာလတွင်လည်း တရုတ်သည် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် မလေးရှားတို့အတွက် ၁၅ ရက်တာ ဗီဇာကင်းလွတ်ပြီး နေထိုင်နိုင်ခွင့်ကို ခွင့်ပြုပေးခဲ့သည်။ထိုသို့ပြုလုပ်ရခြင်း၏ ပထမဆုံးရည်ရွယ်ချက်မှာ ၂၀၂၃ အစောပိုင်းတွင် နယ်စပ်များ ပြန်လည်ဖွင့်လှစ်ပြီးနောက် တရုတ်အစိုးရသည် ပြည်သူအချင်းချင်း ဖလှယ်မှုများကို အားပေးနေခြင်းကြောင့်ဖြစ်သည်။တရုတ်သည် ပို၍အဆင့်မြင့်သော တံခါးဖွင့်ဝါဒီကို တွန်းအားပေးပြီး နယ်စပ်ဖြတ်ကျော် ကူးလူးဖလှယ် ဆက်ဆံရေးတို့အတွက် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာဖြင့် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

ပြည်ဝင်ရောက်ခွင့်အတွက် အဟန့်အတားများ ပယ်ဖျက်လိုက်ခြင်းကြောင့် တရုတ်နှင့် ကမ္ဘာ့နိုင်ငံများအကြားတွင် အထူးသဖြင့် ပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် ကျွမ်းကျင်သူများအတွက် အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ စီမံကိန်းများ ပူးတွဲလုပ်ဆောင်ရန်ဖြစ်စေ ဗီဇာလိုအပ်ခြင်း မရှိတော့သောကြောင့် ပို၍ပူးပေါင်းဆောင်ရွက်ခွင့် ရရှိစေမည်ဖြစ်သည်။

တရုတ်၏ ၂၀၂၄ ခုနှစ်အတွက် ထိပ်တန်းဦးစားပေးများတွင် စီးပွားရေးတိုးတက်မှုကလည်း အပါအဝင်ဖြစ်သောကြောင့် ဗီဇာစည်းမျဉ်းများ ဖြေလျှော့ပေးလိုက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေလာနိုင်ပြီး နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာစေမည်ဖြစ်သည်။

အသစ်ကြေညာလိုက်သော မူဝါဒသည် နိုင်ငံခြားမှ စီးပွားရေးလုပ်ငန်းများအတွက် တရုတ်ကုမ္ပဏီများနှင့် မျက်နှာချင်းဆိုင် ထိတွေ့ဆက်ဆံနိုင်ပြီး အပြန်အလှန်အကျိုးဖြစ်မည့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ဖော်ဆောင်စေနိုင်မည်ဖြစ်သည်။လူချင်းတွေ့ဆုံခြင်းများသည် ပို၍မြင့်မားသော ကတိကဝတ်၊ တာဝန်ယူမှု၊ သဘောတူညီမှုဖော်ဆောင်ခြင်း၊ မိတ်ဖက်ဖွဲ့ခြင်းများကို အားဖြည့်စေပြီး အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခြင်းများထက် ရင်းနှီးမြှုပ်နှံမှု၊ ကတိကဝတ်များကို ပိုမိုရရှိစေနိုင်သည်။

ခရီးသွားကဏ္ဍသည် နိုင်ငံတိုင်းအတွက် နေထိုင်ခြင်း၊ သွားလာခြင်း၊ စားသောက်ခြင်း၊ ဖျော်ဖြေခြင်း စသည့် ဘက်ပေါင်းစုံမှ ဝင်ငွေရရှိစေသောကြောင့် စီးပွားရေးအတွက် အရေးပါသလို အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း အရေးပါသည်။မကြာခင် ရောက်ရှိလာတော့မည့် တရုတ်၏ အရေးအကြီးဆုံး ရိုးရာပိတ်ရက်ဖြစ်သည့် နွေဦးပွဲတော်အပါအဝင် ခရီးသွားအများဆုံးရာသီအချိန်ကြောင့် ဗီဇာမူဝါဒကို ပိုပြီးအင်အားဖြစ်စေမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ပြည်တွင်းသို့ ခရီးသွားများဝင်ရောက်မှု တိုးတက်လာပြီး နိုင်ငံတကာခရီးသွားလေယာဉ်များလည်း ပြန်လည်စတင်ပြီ ဖြစ်သောကြောင့် တရုတ်၏ ခရီးသွားနယ်ပယ်ကို အကျိုးကျေးဇူးရရှိစေနိုင်ပြီး ဒေသခံများ၏ ပြည်တွင်း၌ ခရီးသွားလာမှု မြင့်တက်လာခြင်းကလည်း ယခုနှစ်အကုန်တွင် ကပ်ရောဂါမတိုင်မီက အခြေအနေကို ပြန်ရောက်နိုင်မည်ဟု မျှော်မှန်းထားသည်။

တရုတ်သည် နိုင်ငံသို့ ခေတ္တခဏလာရောက်သူများကိုဖြစ်စေ ရေရှည်အခြေချနေထိုင်မည့်သူများကိုဖြစ်စေ နွေးထွေးပွင့်လင်းစွာ ကြိုဆိုလျက်ရှိသည်။ဒီဇင်ဘာလ ၁ ရက်နေ့၌ တရုတ်နိုင်ငံအတွင်း အမြဲတမ်းနေထိုင်မည့်သူများအတွက် မှတ်ပုံတင်ကဒ်များကို ပုံစံအသစ်ဖြင့် ထုတ်ပေးခဲ့ပြီး နိုင်ငံခြားသားများအတွက် ပို၍ကြိုဆိုဖွယ်ဖြစ်သော နေရာဖြစ်အောင် ဖန်တီးပေးခဲ့ကာ တရုတ်နိုင်ငံသားများနည်းတူ ဝန်ဆောင်မှုများကိုရရှိနိုင်ပြီး နေ့စဉ်ဘဝများကို အဆင်ပြေချောမွေ့စေခဲ့သည်။

အားလုံးကို ခြုံငုံကြည့်လျှင် မကြာသေးခင်က ချမှတ်လိုက်သော အာရှနှင့် ဥရောပတို့အကြား ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်များနှင့်အတူ အမြဲတမ်းနေထိုင်သူများအတွက် အဆင့်မြှင့်တင်ပေးလိုက်သော ဗီဇာနှင့် နေထိုင်ခွင့်ပြုခြင်းများက တရုတ်သည် တံခါးဖွင့်ထားရုံသာမက ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖလှယ်မှုများအတွက် လမ်းကြောင်းများဖောက်နေသည်ကို သက်သေပြနေခြင်းဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | China's new visa rules clear the stage for more interconnectedness