【 နိုင်ငံတကာဆောင်းပါး 】နွေရာသီ ဒါဗို့စ်နှင့် ကမ္ဘာ့စီးပွားရေးမျှော်လင့်ချက်

【 နိုင်ငံတကာဆောင်းပါး 】နွေရာသီ ဒါဗို့စ်နှင့် ကမ္ဘာ့စီးပွားရေးမျှော်လင့်ချက်

နွေရာသီ ဒါဗို့စ် ဖိုရမ်ဟု လူသိများသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တစ်ခုကို ဇွန်လ ၂၇  ရက်နေ့မှ ၂၉ ရက်နေ့ အထိ တရုတ်နိုင်ငံမြောက်ပိုင်းတီယန်ကျင်းတွင် ကျင်းပတော့မည်ဖြစ်သည်။ ယခုကျင်းပသည့်ဖိုရမ်သည် ၁၄ ကြိမ်မြောက်ဖြစ်ပြီး Covid-19 ကပ်ရောဂါကြောင့် ၃ နှစ်ကြာရပ်ဆိုင်းထားခဲ့ပြီးနောက် ပြန်လည်ကျင်းပရန် ဆုံးဖြတ်ရာတွင် ကမ္ဘာ့စီးပွားရေးကျဆင်းနေမှုမှ လွတ်မြောက်နေသည့် တရုတ်နိုင်ငံကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုသည်မှာ စီးပွားရေးနာလံထူရန်အတွက် ကမ္ဘာ့အတွက်အရေးကြီးနေသည်ကို တစ်စိတ်တစ်ပိုင်းပြနေခြင်းလည်းဖြစ်သည်။

ယခုနှစ်တွင် ထိုဖိုရမ်ကျင်းပခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာက နွေရာသီ ဒါဗို့စ်ဖိုရမ်မှ အသံ၊ သတင်း စကားနှင့် မျှော်မှန်းချက်များကို မျှော်လင့်နေကြသည်။ထို့ပြင် စွမ်းအင်အကျပ်အတည်းဖြစ်နေသည့် ယနေ့ကမ္ဘာ့တွင် ယခုဖိုရမ်မှာ ထူးခြားမှုအဖြစ် ပထမဆုံးအကြိမ် အစိမ်းရောင်စွမ်းအင်ဖြင့် အပြည့်အဝကျင်းပမည်ဖြစ်ပြီး ထို့အတွက် ကျောက်မီးသွေး ၃၂၀ တန်နှင့် ညီမျှပြီး ကာဗွန်ဒိုင်အောက်ဆိုက် ၈၀၀ တန် လျှော့ချနိုင်သည့် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီတစ်သန်းကို ရောင်းဝယ်ထားကြောင်းဆိုသည်။  

ထိုသည်က ယခုဖိုရမ်ကို တရုတ်တွင် ကျင်းပရန်ရွေးချယ်ခြင်းမှာ အနာဂတ်တွင် နည်းပညာဦးဆောင်နိုင်သည့်နိုင်ငံအဖြစ် တရုတ်နိုင်ငံဖြစ်လာနိုင်ခြင်းကို ပြနေခြင်းဘဲ ဖြစ်သည်။ ယခုနှစ်အစည်းအဝေး၏ ဆောင်ပုဒ်ကလည်း  "Entrepreneurship: The Driving Force of the Global Economy" ဖြစ်ရာ အသွင်ကူးပြောင်းရေး အဆင့်ကို ဖြတ်သန်းနေရသည့် ကမ္ဘာ့စီးပွားရေးအခြေအနေကို ထင်ဟပ်နေသည်။ လက်ရှိတွင်လည်း ကမ္ဘာကြီးသည် ရိုးရာပုံစံများကို စိန်ခေါ်သည့် နက်နဲစနစ်ကျသော၊ တည်ဆောက်ပုံဆိုင်ရာ စီးပွားရေး၊ ပထဝီဝင်နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အသွင်ကူးပြောင်းမှုများကို တွေ့ကြုံနေရသည်။

ယခုကျင်းပနေသည့် ဖိုရမ်တွင် အဓိကအကြောင်းအရာ ခြောက်ခုကို ဆွေးနွေးဖွယ်ရှိသည်ဟု ဖိုရမ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယင်းအကြောင်းအရာ ၆ ခုမှာ တိုးတက်မှုကို ပြန်လည်သွယ်တန်းခြင်း ၊ ကမ္ဘာ့အခြေအနေရှိ တရုတ်နိုင်ငံ၊ စွမ်းအင်အကူးအပြောင်းနှင့် ရုပ်၀တ္တုပစ္စည်းများ၊ ကပ်ရောဂါလွန်စားသုံးမှု၊ သဘာဝနှင့် ရာသီဥတုကို အကာအကွယ်ပေးခြင်းနှင့် ဆန်းသစ်တီထွင်မှုဖြန့်ကျက်ခြင်းတို့ ဖြစ်သည်။ ထိုသည်မှာ အာရှနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုတို့ကို ပြန်လည်အားဖြည့်ပေးရန်ဖြစ်သည်။

WEF Greater China ဥက္ကဋ္ဌ Chen Liming က ယခုကျင်းပသည့် ၁၄ ကြိမ်မြောက် နွေရာသီဒါဗင့်ပို့စ်မှာ ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူရန် နည်းလမ်းများကို ရှာဖွေရန်၊ စက်မှုလုပ်ငန်း ပုံစံသစ်များနှင့် မိတ်ဖက်များကို အပြီးသတ်လုပ်ဆောင်ရန်နှင့် ပိုမိုမျှတသော၊ ရေရှည်တည်တံ့ပြီး ခံနိုင်ရည်ရှိသော အနာဂတ်ဆီသို့ ကမ္ဘာ့စီးပွားရေးကို မောင်းနှင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားထားခဲ့တာရှိသည်။ထိုသည်က ယခုဖိုရမ်နှင့် ပတ်သက်ပြီး ကမ္ဘာ့စီးပွားရေးအတွက် များများစားစားမျှော်လင့်ထားသည်ကို ပြနေခြင်းဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် လီချန်းကိုယ်တိုင် ယခုဖိုရမ်ကို တက်ရောက်မည်ဖြစ်သည်။ ဇွန် ၂၀ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ထုတ်ပြန်မှုတွင် ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်လီ တက်ရောက်၍ အမှာစကားပြောကြားမည်ဖြစ်သည်။ ယခုဖိုရမ်သို့ တရုတ်ဝန်ကြီးချုပ်အပြင် ဘာဘေးဒိုးစ်ဝန်ကြီးချုပ်၊ မွန်ဂိုလီးယားဝန်ကြီးချုပ်၊နယူးဇီလန်ဝန်ကြီးချုပ် ၊ ဗီယက်နမ်ဝန်ကြီးချုပ်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်မည်ဖြစ်ရာ ကမ္ဘာ့အစိတ်အပိုင်းစုံမှဟုဆိုနိုင်သည်။ ဖိုရမ်ကာလအတွင်း အဆိုပါခေါင်းဆောင်များအပြင် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အမှုဆောင်ဥက္ကဋ္ဌကလော့စ်ရှပ်နှင့် အခြားနိုင်ငံခြားဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ ကမ္ဘာ့စီးပွားရေးဖိုရမ် ကမ္ဘာ့စီးပွားရေးခေါင်း ဆောင်များနှင့် တွေ့ဆုံကာစီးပွားရေးအတွက် ဆွေးနွေးကြမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ၊ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပညာရှင်များ အစရှိသောလူပေါင်း ၁၅၀၀ ကျော်တက်ရောက်မည့် ယခုဖိုရမ်မှ ထွက်ပေါ်လာနိုင်သည့် ရလဒ်များမှာ ကမ္ဘာ့စီးပွားရေးအတွက် အဖြေတစ်ခုဖြစ်လာနိုင်သည်။ အထူးသဖြင့် ကမ္ဘာ့စီးပွား ရေးနာလန်ထူမှုအတွက် တရုတ်နိုင်ငံ၏ ဦးဆောင်နိုင်မှုကို ဖြစ်သည်။ကပ်ရောဂါအလွန်၊ တရုတ်၏စီးပွားရေးတိုးတက်မှုနဲ့ပတ်သက်ပြီး အားလုံးက မျှော်လင့်ချက်ကြီးမားစွာထားလာကြသည်။ကပ်ရောဂါနှင့် ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းစီးပွားရေးကပ်သင့်နေအချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာမှုက အံ့ဩဖွယ်ဖြစ်သည်။

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ သုံးပုံတစ်ပုံခန့်ကို တရုတ်စီးပွားရေးက အထောက်အကူဖြစ်စေရန် မျှော်လင့်ချက်နှင့် တစ်ဘီလီယံခွဲနီးပါးရှိသည့် တရုတ်စားသုံးသူစျေးကွက်က ကမ္ဘာ့စားသုံးသူ စျေးကွက်ယုံကြည်မှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားကြသည်။ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ ၃၈.၆ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သိရသည်။ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်နှင့်အပြီးတွင် အခြားစီးပွားရေးနိုင်ငံကြီးများသည် GDP တိုးတက်မှုနှုန်း အပေါင်းဘက်ပြရန် ရုန်းကန်နေရချိန်တွင် တရုတ်နိုင်ငံသည် ခိုင်မာသောတိုးတက်မှုယန္တရားအဖြစ် ရှိနေခဲ့သည်။

ထို့ကြောင့် ကျဆင်းနေသော ကမ္ဘာ့စီးပွားရေးအတွက် တရုတ်နိုင်ငံကိုမျှော်လင့်ထားကြသည်။နိုင်ငံတကာလုပ်ငန်းရှင်များ ယခုနှစ်ပထမနှစ်ဝက်အတွင်း တရုတ်သို့လာရောက်မှုကိုကြည့်ပါက တရုတ်စီးပွားရေးတွင် ကြီးမားသော အလားအလာရှိနေသည်ကိုပြနေသည်။  ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ၂.၈ ရာခိုင်နှုန်းသာရှိနေချိန်တွင် တရုတ်စီးပွားရေးက ထို့ထက်နှစ်ဆနီးပါးတက်နေရာ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများအ တွက် သေချာသော စျေးကွက်အဖြစ် တရုတ်ကိုပြနေသည်။ IMF က တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု စုစုပေါင်း ၏ ၃၀ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုအပါအဝင် နယ်ပယ်များစွာတွင် အရေးပါပြီး မရှိမဖြစ် အခန်းကဏ္ဍတွင် ပါဝင်နေသည်။ ယခုနှစ်တွင် ကမ္ဘာ့တစ်ဝန်း AI နည်းပညာကြောင့် စီးပွားရေးနှင့် စက်မှုလုပ်ငန်းအပါအဝင် ကဏ္ဍများစွာတွင် ဂယက်များစွာရိုက်ခတ်ခဲ့သည်။ထိုရိုက်ခတ်မှုသည့် ကမ္ဘာ့စီးပွားရေးအပါအဝင် နယ်ပယ်များစွာကို အခွင့်အလမ်းများရရှိစေခြင်းလည်းရှိခဲ့သည်။

ယခုအစည်းအဝေးတွင် WEF သည် ထိပ်တန်း ၁၀ ၏ ထွန်းသစ်စနည်းပညာအစီရင်ခံစာ (၂၀၂၃) ကို ထုတ်ဝေမည်ဖြစ်သည်။ ထိုအစီရင်ခံစာတွင် နောက်လာမည့်နည်းပညာလှိုင်းကို ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် အန္တရာယ်များကို လျော့ပါးသက်သာစေရန် ဆက်စပ်အခွင့်အလမ်းများကို မည်သို့ရယူရမည်ကို နားလည်စေရန် ကျွမ်းကျင်သူ၏ထိုးထွင်းသိမြင်မှုနှင့် ခန့်မှန်းချက်များကို ပံ့ပိုးပေးမည်လည်းဖြစ်သည်။ နိုင်ငံတကာစီးပွား ရေး တိုးတက်မှုမှာ ‌ယခုနှစ်တွင်လည်း အားနည်းနေဆဲဖြစ်သည်။ သို့ရာတင် တရုတ်နိုင်ငံမှာ စီးပွားရေးတိုးတက်မှုအား ကောင်းလာရန် ကြိုးပမ်းနေပြီး နိုင်ငံတကာက ကုမ္ပဏီများအတွက် အခွင့်အလမ်းကောင်းများစွာကို ဖန်တီးပေးလျှက်ရှိနေရာ တီယန်ကျန်းတွင် ကျင်းပသည့် နွေရာသီဒါဗင်ပို့စ်တွင် ယနေ့ကမ္ဘာအတွက် တရုတ်က မည်သည့်စီးပွားရေးအခွင့်ကောင်းအသစ်ကို ယူဆောင်ပေးလာမည်လဲဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းနေပေသည်။

လင်းသစ်အောင်