【 နိုင်ငံတကာဆောင်းပါး 】 အရှေ့အာရှထိပ်သီးဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးကြမလဲ ?

【 နိုင်ငံတကာဆောင်းပါး 】 အရှေ့အာရှထိပ်သီးဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးကြမလဲ ?

ယခုရက်သတ္တပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့်  အရှေ့အာရှထိပ်သီးဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။
 
အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများကို စက်တင်ဘာ ၅ ရက်ကနေ ၈ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ထို့အစည်းအဝေးများအတွင်း အရှေ့အာရှထိပ်သီးဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ရာ အစည်းအဝေးအတွင်း ဒေသတွင်း ရင်ဆိုင်နေရသော နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးကြမည်ဖြစ်သည်။
 
အရှေ့အာရှထိပ်သီးဆွေးနွေးပွဲဖိုရမ်သည် အင်ဒို-ပစိဖိတ် အဓိကကျသော မိတ်ဖက်များအားလုံး တွေ့ဆုံသည့် တစ်ခုတည်းသော ဖိုရမ်ဖြစ်ပြီး ပိုမိုနီးကပ်သော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
 
ယခုထိပ်သီးအစည်းအဝေး၏ ထူးခြားမှုမှာ ယခင်ထိပ်သီးအစည်းအဝေးများလို တရုတ်၊အမေရိကန်နှင့် ရုရှားခေါင်းဆောင်များ တက်ရောက်မည်မဟုတ်ခြင်းဖြစ်သည်။သို့သော် တရုတ်ဝန်ကြီးချုပ် လီချန်၊ အမေရိကန် ဒုသမ္မတ ဟားရစ်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့နှင့် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား စသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
 
ယခု ၁၈ ကြိမ်မြောက် အစည်းအဝေးသည် ယခင် ၁၇ ကြိမ်မြောက် အစည်းအဝေးထက် နိုင်ငံတကာ ပြဿနာများ ပိုများလာသည်။ဒေသတွင်းပြဿနာများဖြစ်သည့် တောင်တရုတ်ပင်လယ်ပြဿနာ၊ ဖူကူရှီးမား နျူကလီးယားစက်ရုံ စွန့်ပစ်ရေပြဿနာ၊ မြန်မာပြဿနာနှင့် ယူကရိန်းစစ်ပွဲပြဿနာများက ဒေသတွင်းနိုင်ငံများအတွက် အလေးပေးဆွေးနွေးရမည့် ကိစ္စရပ်များအဖြစ် ခန့်မှန်းကြသည်။
 
အရှေ့အာရှထိပ်သီးအစည်းအဝေးသည် အာဆီယံအစည်းအဝေးနှင့် ဆက်စပ်ကာ ပေါ်ပေါက်လာခြင်းဖြစ်ရာ ပုံမှန်အားဖြင့် အာဆီယံဒေသတွင်းကိစ္စရပ်များနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များက အဓိကလွှမ်းမိုးထားလေ့ရှိသည်။သို့သော် ၂၀၁၉ ခုနှစ် ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်းတွင် ဒေသတွင်းရှိ တရုတ်နိုင်ငံ၏ စီပွားရေးခံနိုင်ရည်အားနှင့် အာဆီယံဒေသ၏ အလျင်အမြန် စီးပွါးရေးနာလန်ထမှုကြောင့် အာဆီယံနိုင်ငံများပါဝင်သော အင်ဒိုချိုင်းနားဒေသနှင့် အာရှ-ပစိဖိတ်ဒေသမှာ ကမ္ဘာ့စီးပွားရေးတွင် နောက်ဆုံးထွန်းတောက်ရာဒေသ ဖြစ်လာခဲ့သည်။
 
အမေရိကန်တွင် ဘိုင်ဒင် အုပ်ချုပ်မှုရယူပြီးနောက်ပိုင်း တရုတ်အား မဟာဗျူဟာပြိုင်ဘက်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း တရုတ်နှင့်ထိစပ်မှုကြောင့် စီးပွားရေးအားကောင်းနေသည့် အာဆီယံဒေသမှာ အင်အားကြီးနိုင်ငံများ၏ အားပြိုင်ရာအခင်းအကျင်းအဖြစ် ပြောင်းလဲလာခဲ့သည်။
 
ဘိုင်ဒင်အစိုးရသည် အရှေ့တောင်အာရှအပါအဝင်ဖြစ်သော အင်ဒို-ပစိဖိတ်ဒေသတွင် လုံခြုံရေး မဟာမိတ်အဝန်းဝိုင်းကို တောင့်တင်းအောင်လုပ် နေသောကြောင့် ဒေသတွင်းကျင်းပသည့် အစည်းအဝေးတိုင်းတွင် နိုင်ငံရေးဆိုင်ရာ ပြဿနာများတွင် တိကျသည့် ရလဒ်မထွက်ဘဲ အားပြိုင်မှုများဖြင့်သာ ပြီးဆုံးခဲ့ရသည်ကို တွေ့ရသည်။
 
ယခုအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များသည် အင်္ဂါနေ့ဆွေးနွေးပွဲများ ပြီးဆုံးသောအခါ အာရှနှင့် အနောက်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ တွေ့ဆုံမည်ဖြစ်ပြီး အမေရိကန်၊ တရုတ်နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများက လွတ်လပ်သောကုန်သွယ်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာ့လုံခြုံရေး ဆိုင်ရာအတွက် ဂျကာတာတွင် ကျယ်ပြန့်သော ဆွေးနွေးပွဲများကို ကျင်းပမည်ဖြစ်သည်။ထိုအစည်းအဝေးများတွင် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်မှ ပြဿနာများနှင့် ကာလကြာမြင့်ပြီဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ် အားပြိုင်မှုတို့သည် အခရာကျသော ခေါင်းစဉ်များဖြစ်လာဖွယ်ရှိသည်။
 
ယခု အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးတွင် အာဆီယံ၏ မိတ်ဖက်နိုင်ငံကြီးများဖြစ်သော အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ အိန္ဒိယနဲ့ ရုရှားအပါအဝင် အင်အားကြီးနိုင်ငံအချို့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ရာ ဒေသတွင်းခေါင်းဆောင်တွေသာမက ကမ္ဘာ့ခေါင်းဆောင်တွေပါ ယခုဆွေးနွေးပွဲကို အာရုံစိုက်ကြသည်။
 
ယခုအစည်းအဝေးမတိုင်မီ တောင်တရုတ်ပင်လယ်အရေးနှင့် မကြာခင်က တရုတ်ဘက်က ထုတ်ပြန်ခဲ့သည့် မြေပုံအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အိမ်နီးချင်းနိုင်ငံတွေနဲ့ တအုံ့နွေးနွေးဖြစ်နေတဲ့ ရေပိုင်နက် အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့တာကို တနင်္ဂနွေနေ့ထုတ် Global Times သတင်းစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။
 
ဂျကာတာတွင် ယခုနှစ်ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ထိပ်သီးဆွေးနွေးပွဲများတွင် တွေ့ရဖွယ်ရှိသည်က အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံကြား အားကောင်းသော BRI ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအစည်းအဝေးများဖြစ်သည်။လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် BRI ထိပ်သီးအစည်းအဝေးအတွက် တရုတ်နိုင်ငံက ပြင်ဆင်နေရာ ယခုအရှေ့အာရှထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီချုပ် လီချန်းနှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံရာတွင် ဒေသတွင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဦးစားပေးဆွေးနွေးဖွယ်ရှိပေသည်။
 
စီးပွားရေးကို အာရုံစိုက်သော အင်ဒို-ပစိဖိတ်ဒေသအဖို့ ယခုထိပ်သီးအစည်းအဝေးအတွင်း ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေသည့်ကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ်မရှိဟု ဒေသတွင်းမီဒီယာများက ခန့်မှန်းထားသည်။အထူးသဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားနှင့် တရုတ်တို့အကြား တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုများနှင့် မကြာသေးမီက တင်းမာမှုမြင့်တက်နေသည့် တရုတ်-အမေရိကန် နိုင်ငံရေးတင်းမာမှုမျိုးများဖြစ်သည်။သို့သော် ဒေသတွင်း အကျိုးစီးပွားအတွက် အရေးပါသော သဘောတူညီမှုမျိုး ယခုအစည်းအဝေးတွင် ထွက်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရဖွယ်ရှိသည်။
 
အာဆီယံထိပ်သီးအစည်းအဝေး ပထမရက်ဖြစ်သည့် စက်တင်ဘာ ၅ ရက် အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဖွင့်ပွဲအခမ်းအနား၌ အာဆီယံအနေဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ရန်နှင့် မည်သည့်အင်အားကြီးနိုင်ငံ၏ တစ်ဆင့်ခံအဖြစ် ကိုယ်စားမပြုရန် အာဆီယံကို တိုက်တွန်းခဲ့ခြင်းကိုကြည့်လျှင် ဒေသတွင်း၌ရှိနေသည့် ပြင်းထန်သည့် အခင်းအကျင်းကို မြင်နိုင်မည်ဖြစ်သည်။
 
တရုတ်ကလည်း အာဆီယံဒေသကို မည်သည်ကိုမှ ကိုယ်စားပြုခြင်းအဖြစ် မမြင်လိုဘဲ ဖွံ့ဖြိုးမှုနည်းပါးသောဒေသကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်မှုဖြစ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းပေါ် ဆွဲတင်လိုသည့်သဘောကို ပြောခဲ့သည်ကို တွေ့ရသည်။
 
ယခုအစည်းအဝေးသို့ တက်ရောက်လာသည့် တရုတ်ဝန်ကြီးချုပ် လီချန်း၏ ခရီးစဉ်သည် ငါးနှစ်အတွင်း တရုတ်ဝန်ကြီးချုပ်တစ်ဦး၏ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်သည်။ထိုခရီးစဉ်အတွင်း လီချန်းသည် စက်တင်ဘာ ၅ ရက်တွင် ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ ၂၆ ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးနှင့် ၁၈ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်မည်ဖြစ်သည်။လီသည် “ASEAN Matters: Epicentrum of Growth” ခေါင်းစဉ်အောက်တွင် ကျင်းပသော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေးများအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကိုလည်း မြှင့်တင်သွားရန် စီစဉ်ထားကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
 
အစည်းအဝေးများတွင် တရုတ်၏ပါဝင်မှုသည် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု၏ အဓိကကျသည့်အချက်ဖြစ်သည့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခိုင်မာသော သဘောဆန္ဒကို အားကောင်းလာစေပြီး ထွန်းသစ်စကဏ္ဍများတွင် ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင် ရွက်မှုသည် ဘုံဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်လေသည်။
 
လင်းသစ်အောင်