【 နိုင်ငံတကာဆောင်းပါး 】 အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာတွေ့ရတဲ့ တရုတ်အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】 အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာတွေ့ရတဲ့ တရုတ်အခန်းကဏ္ဍ

တရုတ်၊ အမေရိကန် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်လေ့ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့ရာ ဒေသတွင်းခေါင်းဆောင်များ အမေရိကန် ဒုသမ္မတ၊ တရုတ်ဝန်ကြီးချုပ်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီ လန်နှင့် တောင်ကိုရီးယား နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
 
စက်တင်ဘာ ၅ ရက်မှ စက်တင်ဘာ ၇ ရက်အထိ ၃ ရက်ကြာကျင်းပသည့် ယခုအစည်းအဝေးတွင် ခေါင်းဆောင်များသည် ဒေသတွင်းဆိုင်ရာ ပြဿနာများနှင့် ကမ္ဘာ့ပြဿနာများကို ကောင်းစွာကိုင်တွယ်နိုင်ရန် ကြိုးစားခဲ့ကြသည်ကို တွေ့ရသည်။
 
ယခုအစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာမီဒီယာများက အာရုံစိုက်စောင့်ကြည့်ကြသည်မှာ တရုတ်ဝန်ကြီးချုပ် လီချန် ဖြစ်သည်။ 
 
အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ တရုတ်ကိုယ်စားပြု တက်ရောက်လာသည့် လီချန်သည် ဆယ်နှစ်အတွင်း တရုတ်ဘက်က အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်အဆင့်ဖြင့် ပထမဆုံးတက်ရောက်ခြင်း ဖြစ်သည်။ယခင်နှစ်က ယခုလိုအစည်းအဝေးမျိုးကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။
 
ထို့အတူ အမေရိကန်၊ ရုရှားနှင့် ဒေသတွင်း ထိပ်တန်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
 
ယခုနှစ်တွင် အမေရိကန် ဒုသမ္မတ၊ တရုတ်ဝန် ကြီးချုပ်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးသာ တက်ရောက်ခဲ့ရာ နိုင်ငံတကာမီဒီယာများနှင့် နိုင်ငံတကာအရေးသုံးသပ်သူများအတွက် အာဆီယံ၏ အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
 
သို့သော် သိသာမြင်သာသည်က နိုင်ငံတကာလက်ရှိအခြေအနေတွင် အာဆီယံဒေသသည် စစ်အေးတိုက်ပွဲ၏ မျက်နှာစာသစ်အဖြစ် ဖြေးညှင်းစွာ ပြောင်းလဲလာနေပြီလားဆိုသည့် ယူဆချက်ရှိနေခြင်းဖြစ်သည်။ထိုယူဆချက်သည် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်ဖွံ့ဖြိုးမှုကို လိုလားသည့် အာဆီယံနှင့် တရုတ်အတွက် စိန်ခေါ်မှုတစ် ရပ်ဖြစ်သည်။
 
ယခုကျင်းပခဲ့သည့် ဂျကာတာ အာဆီယံထိပ်သီးညီလာခံတွင်လည်း တရုတ်နှင့် အမေရိကန်ပြည် ထောင်စုတို့အကြား အားပြိုင်မှုပြဿနာကိုလည်း အာဆီယံခေါင်းဆောင်များက အဓိကထားဆွေးနွေးခဲ့ကြောင်း သတင်းများအရ သိရသည်။ 
 
အိမ်ရှင်နှင့် ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အရှေ့တောင်အာရှသည် စစ်အေးတိုက်ပွဲသစ်၏ ရှေ့တန်းစစ်မျက်နှာဖြစ်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
 
ဝီဒိုဒိုက “ကျွန်တော်တို့ အတူလိုက်ပါကြတဲ့ အာဆီယံဆိုတဲ့ သင်္ဘောကြီးက အပြန်အလှန် ပျက်စီးအောင် တိုက်ခိုက်ယှဉ်ပြိုင်ရတဲ့နေရာ မဖြစ်သင့်ပါဘူး။ဒေသတွင်းအတွက်သာမက ကမ္ဘာအတွက်ပါ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဖန်တီးမှုရှိတဲ့ အခြေခံအဖြစ် တည်ဆောက်ရမှာဖြစ်ပါတယ်” လို့ ပြောခဲ့သည်။  
 
အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင်လည်း အာဆီယံသည် ယနေ့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအမြုတေကျသည့်နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အာဆီယံ၏ စွမ်းရည်နှင့် အကျိုးသက်ရောက်မှုများကို အားဖြည့်တိုးမြှင့်မည်ဖြစ်ကြောင်း၊ အာဆီယံသည် ဘက်ပေါင်းစုံဝါဒ ထိန်းသိမ်းကာကွယ်ရေးကို ပြတ်ပြတ်သားသားထောက်ခံပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးကို ထိန်းသိမ်းတိုးမြှင့်ကာ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
 
လတ်တလော နိုင်ငံတကာအရေးတွေကြောင့် စောင့်ကြည့်ရမည်ထဲပါခဲ့သည်က အာဆီယံ+ ၃ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဖြစ်သည်။ထိုအစည်းအဝေးနှစ်ခုလုံးတွင် တရုတ်၊ အမေရိကန်၊ ရုရှားတို့ပါဝင်သည်။စက်တင်ဘာ ၆ ရက်က ကျင်းပသည့် အာဆီယံ+၃ အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် လီချန်က “ကျွန်တော်တို့အနေနဲ့ ရှုပ်ထွေးပြီး ပြောင်းလဲမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ အရှေ့အာရှဒေသက တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းထားပါတယ်” ဟု ပြောခဲ့သည်။
 
လီက အင်အားကြီးနိုင်ငံများအနေဖြင့် စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားရေးအတွက် သဘောထားကွဲလွဲမှုများကို စီမံခန့်ခွဲရန် အရေးကြီးကြောင်း သတိပေးခဲ့သည်။
 
ရှုပ်ထွေးကာ ပွတ်တိုက်မှုများနေသည့် အာရှ-ပစိဖိတ်ဒေသအတွင်း အရေးပါသည့် လိုအပ်ချက်မှာ စီးပွားရေးကောင်းမွန်လာရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးဖြစ်သည်။အဆိုပါဒေသတွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံကျော်နေထိုင်ပြီး ကမ္ဘာ့စီးပွားရေး၏ ၈၀ ရာခိုင်နှုန်းနီးပါးရှိနေသည်။ထိုဒေသ မတည်ငြိမ်ခြင်းက ကမ္ဘာကို တိုက်ရိုက်သက်ရောက်မှုကိုဖြစ်စေသည်။ထို့ကြောင့် ဒေသတွင်းတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်ရေးအတွက် ဘယ်နိုင်ငံမဆို အာရှ-ပစိဖိတ်ဒေသ၏ ဗဟိုချက်ဟု တင်စားသည့် အာဆီယံဒေသနှင့် နီးကပ်သည့်ဆက်ဆံရေးနှင့် မျှ‌ဝေသည့် အကျိုးစီးပွားဖြစ်ထွန်းဖို့က အရေးပါသောအချက်ဖြစ်သည်။  
 
သီးခြားကျင်းပသည် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ထိုအချက်ကို တရုတ်ဘက်က ထုတ်ပြခဲ့သည်။တရုတ်ဝန်ကြီးချုပ် လီချန်က နှစ်ဘက်အနေဖြင့် ပုံမှန်နှင့် ပုံမှန်မဟုတ်သော လုံခြုံရေးနယ်ပယ်များ၌ လက်တွေ့ပူးပေါင်းဆောင် ရွက်မှုများ နက်ရှိုင်းလျက်ရှိပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့် TAC (အရှေ့တောင်အာရှဒေသတွင် ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်) ၏ ရည်ရွယ်ချက်ကို ထိန်းသိမ်းလျက်ရှိကြောင်း ပြောခဲ့သည်။ 
 
ထို့အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ရင်ဆိုင်ရန် ပူးတွဲကြိုးပမ်းမှုများအပါအဝင် နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ကွဲပြားမှုများကို မည်သို့ဖြေရှင်းခဲ့ကြသည်ကို ကိုးကားခဲ့သည်။လီက ပို၍နီးကပ်သည့် တရုတ်-အာဆီယံ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက် ရေးအတွက် အကြံပြုချက် ၄ ရပ်ကိုလည်း တင်ပြခဲ့သည်။
 
ထိုအကြံပြုချက်မှာ ပထမအချက်အဖြစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗဟိုကို လက်တွဲအတူ တည်ဆောက်သွားရမည်ဖြစ်ပြီး အပြန်အလှန်ချိတ်ဆက်မှုကို အားကောင်းအောင်၊ စက်မှုလုပ်ငန်းကွင်းဆက်၊ ပံ့ပိုးမှုကွင်းဆက် ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်သွားရန်၊ 
 
ဒုတိယအချက်အနေဖြင့် ထွန်းသစ်စ စက်မှုလုပ် ငန်း ပူးပေါင်းဆောင်ရွက်မှုများကို လက်တွဲအတူ တွန်းအားပေးရမည်ဖြစ်ပြီး စွမ်းအင်သစ်မော်တော်ယာဉ်၊ နေရောင်ခြည်စွမ်းအင်၊ ဉာဏ်ရည်တု စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ 
 
တတိယအချက်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကို လက်တွဲအတူကာကွယ်ထိန်းသိမ်းရမည်ဖြစ်ပြီး “တောင်တရုတ်ပင်လယ်နိုင်ငံများအပြုအမူဆိုင်ရာ သတ်မှတ်ချက်” ဆွေးနွေးမှုများကို တက်ကြွစွာ တွန်းအားပေး၍ ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရန်၊ 
 
စတုတ္ထအချက်အနေဖြင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို လက်တွဲအတူ တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယဉ်ကျေးမှု၊ ခရီးသွား၊ မွမ်းမံသင်တန်း၊ လူငယ်ရေးရာ စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးအားဖြည့်ရန် စသဖြင့် အကြံပြုခဲ့သည်။
 
အာဆီယံဘက်က တရုတ်နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲအတူရင်ဆိုင်သွားလိုကြောင်း၊ “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ရေးဆွဲရာတွင် တိုးတက်မှုများ ရရှိခဲ့သည့်အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကြိုဆိုကြောင်းပြောခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အခွင့်အလမ်းများကို အတူဆုပ်ကိုင်သွားမည်ဖြစ်သလို စိန်ခေါ်မှုများကို ရင်ဆိုင်၍ အာဆီယံ-တရုတ် အေးအတူပူအမျှ အသိုက် အဝန်းတည်ဆောက်သွားလိုကြောင်းကို ပြောခဲ့သည်။
 
အာဆီယံဥက္ကဋ္ဌ ဝီဒိုဒိုက ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်း ထူထောင်ရာတွင် အာဆီယံနှင့် တရုတ်နိုင်ငံအတွက် အပြန်အလှန်ယုံကြည်မှုသည် အပြုသဘောဆောင်သော တွန်းအားတစ်ရပ်ဖြစ်ကြောင်း ပြောခဲ့သည်။
 
နိုင်ငံပေါင်း ၁၈ နိုင်ငံပါဝင်သည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသည် လတ်တလော နိုင်ငံတကာတင်းမာမှုများတွင် ပါဝင်နေသည့် နိုင်ငံများပါဝင်လေရာ ထိုတင်းမာမှုများ အတက်အကျကိုသိရန်အတွက် တစ်စားပွဲတည်းထိုင်ကာ မျက်နှာချင်းဆိုင် ဆွေးနွေးကြသည့် ယခုအစည်းအဝေးက အသံများကို နားထောင်ဖို့လိုသည်။ထို့ ကြောင့်လည်း အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ကမ္ဘာက အာရုံစိုက်ကြခြင်းဖြစ်သည်။ 
 
ယခုအစည်းအဝေးတွင်း ဆွေးနွေးသည့် အကြောင်းအရာများက လတ်တလော နိုင်ငံတကာအရေးနှင့် ဒေသတွင်းအရေးကိစ္စများပါဝင်သည်။သို့သော် အစည်းအဝေးအပြီးထုတ်ပြန်ချက်တွင်မူ ယူကရိန်းအရေးနှင့် တောင်တရုတ်ပင်လယ်အရေးကိစ္စကို ဖယ်ထုတ်ထားခဲ့သည်ကိုကြည့်လျှင် နှစ်ဘက်စလုံးက ထိပ်တိုက်တွေ့မှုကို ရှောင်ရှားလိုသည့် အပြုသဘောများကို တွေ့ရသည်။
 
အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဒေသတွင်း တင်းမာမှု လျှော့ချပြီး ပဋိပက္ခရှောင်ရှားရန် ခေါင်းဆောင်များကို အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။ 
 
ဝီဒိုဒိုက “ပဋိပက္ခသစ်၊ တင်းမာမှုသစ်နဲ့ စစ်ပွဲသစ်တွေ မဖန်တီးဖို့ အခန်းထဲက လူတိုင်းမှာ တူညီတဲ့ တာဝန်ရှိတယ်” ဟု ပြောခဲ့သည်။
 
၎င်းက “တစ်ချိန်တည်းမှာပဲ ကျနော်တို့မှာ ပူလောင်တဲ့ တင်းမာမှုတွေလျှော့ချဖို့၊ အေးစက်နေတဲ့ ကိစ္စတွေ နွေးထွေးလာအောင်လုပ်ဖို့၊ တွေ့ဆုံဆွေးနွေးရေးကို နေရာပေးဖို့နဲ့ လက်ရှိသဘောထားကွဲလွဲမှုတွေကို ပေါင်းကူးပေးဖို့လည်း ကျနော်တို့မှာ တာဝန်ရှိတယ်” လို့ ပြောခဲ့သည်။
 
အခြေအနေသစ်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ဒေသတွင်း ရေရှည်တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော သာယာဝပြောရေးကို ကူညီဆောင်ရွက်ပေးရန် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ (EAS) အနေဖြင့် ၎င်း၏ အခန်းကဏ္ဍကို စွဲမြဲစွာ ဆုပ်ကိုင်ထားဖို့ ယင်းအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် လီချန်က တိုက်တွန်းခဲ့ သည်။
 
လီက အရှေ့အာရှသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခက်အခဲများ၊ ပွင့်လင်းမြင်သာမှုနှင့် ငြိမ်းချမ်းရေး၏ တန်ဖိုးတို့ကို အပြည့်အဝသိရှိနားလည်ပြီး စည်းလုံးညီညွတ်မှုသည် သာယာဝပြောမှုနှင့် ကွဲပြားခြင်းသည် ဆုတ်ယုတ်ခြင်းတို့ ဖြစ်ပေါ်စေသည်ကို ဒေသတွင်းနိုင်ငံများက ကောင်းစွာနားလည်ကြောင်း ၎င်းကဆိုသည်။
 
ထို့ကြောင့် (EAS) အတွက် ပထမဆုံးလုပ်ဆောင်ရမည့်အရာမှာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာတိုးတက်မှုကို မြှင့်တင်ရာတွင် ၎င်း၏အခန်းကဏ္ဍကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
 
ထိုအစည်းအဝေးတွင် တောင်ကိုရီးယားသမ္မတယွန်ဆွတ်ယိုးလ်က မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်မှုအစီစဉ်တွေအကြောင်းပြောခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသအတွက် ခြိမ်းခြောက်တဲ့အနေအထားဖြစ်နေသလို ဒေသတွင်းငြိမ်းချမ်းရေးအတွက်ဆို တိုက်ရိုက်ခြိမ်းခြောက်မှုရှိနေကြောင်း ပြောခဲ့သည်။
 
ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗက်ဗော့က နေတိုးအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသတွင် ၎င်း၏သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ကြိုးစားနေပြီး ခြိမ်းခြောက်မှုစနစ်ကို ယင်းဒေသသို့ ဆောင်ကြဉ်းလာခြင်းသည် အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။
 
အစည်းအဝေးအတွင်း အမေရိကန်ဒုသမ္မတက ထိုင်ဝမ်နှင့် တောင်ပင်လယ် စသည့် ကိစ္စများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအား အပြစ်တင်ရှုတ်ချခဲ့သည်။ယင်းအပေါ် နောက်ရက်တွင် တရုတ်ဘက်က ပြန်လည်တုံ့ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။
 
၃ ရက်တာ အစည်းအဝေးကာလအတွင်း တရုတ်ဘက်က ဒေသတွင်း ဆွေးနွေးဘက်နိုင်ငံများနှင့် ဘေးဆွယ်တွေဆုံဆွေးနွေးမှုများဖြင့် တရုတ်ဝန်ကြီးချုပ် လီချန်၏ နိုင်ငံတကာသံခင်းတမန်ခင်းအဖွင့်ကို ကောင်းစွာဖွင့်နိုင်ခဲ့သည်ကို တွေ့ရသည်။တွေ့ဆုံမှုများကိုကြည့်လျှင် အပြုသဘောဆောင်သော ဆွေးနွေးမှုများလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။
 
သီးခြားအစည်းအဝေးအဖြစ် တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံအနေဖြင့် ကြားဝင်စွက်ဖက်မှုများကို ခုခံပြီး လမ်းတစ်ဝက်တွင် တွေ့ဆုံကာ ခေတ်၏အပြောင်းအလဲများကို ထင်ဟပ်အောင် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် တိုက်တွန်းပြောခဲ့သည်။
 
ကာလရှည်ပဋိပက္ခဖြစ်ခဲ့သည့် ဩစတြေးလျနှင့်လည်း ထိုအစည်းအဝေးတွင် တွေ့ဆုံခဲ့သည်။တွေ့ဆုံမှုတွင် တရုတ်ဝန်ကြီးချုပ် လီချန်က နယ်ပယ်အသီးသီးတွင် အပြန်အလှန်ထိတွေ့ဆက်ဆံမှုများ ပြန်လည်စတင်ရန်အတွက် သြစတြေးလျနှင့် အတူတကွလုပ်ဆောင်ရန် အသင့်ရှိနေကြောင်းပြောခဲ့ပြီး တည်ငြိမ်ပြီး ခိုင်မာသော အပြန်အလှန်ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် အယ်ဘာနိစ်ကို ပြောခဲ့သည်။
 
ယခုထိပ်သီးအစည်းအဝေးသည် နိုင်ငံတကာတွင် မျက်နှာသစ်ဖြစ်သည့် တရုတ်ဝန်ကြီးချုပ် လီချန်အတွက် အရေးပါသော အခင်းအကျင်းဖြစ်ပြီး အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်ကို မြင်ရလေရာ အမေရိကန်သမ္မတ တက်ရောက်မည့် ရှေ့လာမည့် G-20 အစည်းအဝေးတွင် ကမ္ဘာနှင့် ဒေသတွင်း တည်ငြိမ်တိုးတက်ဖွံ့ ဖြိုးရေးအတွက် လီချန်၏ ကြိုးပမ်းမှုကို ပိုမိုမြင်တွေ့ရဖွယ်ရှိပေသည်။
 
လင်းသစ်အောင်