【 နိုင်ငံတကာဆောင်းပါး 】 ၉/၁၁ အပြီး ၂၂ နှစ်အကြာ အကြမ်းဖက်ဝါဒ၏ ဆင့်ကဲဖြစ်စဉ်

【 နိုင်ငံတကာဆောင်းပါး 】 ၉/၁၁ အပြီး ၂၂ နှစ်အကြာ အကြမ်းဖက်ဝါဒ၏ ဆင့်ကဲဖြစ်စဉ်

၉/၁၁ တိုက်ခိုက်မှုတွေအပြီး ၂၂ နှစ်တာကာလအတွင်းမှာ အကြမ်းဖက်ဝါဒဟာ ပုံစံများ၊ အယူအဆများ ပြောင်းလဲလာပြီး အကြမ်းဖက်မှုအန္တရာယ်ကနေ ကာကွယ်ရမဲ့ နည်းလမ်းတွေဟာလည်း ပိုပြီးလိုအပ်လာပါတယ်။  

မကြာသေးခင်ကာလအတွင်းမှာ အနောက်နိုင်ငံတွေအတွင်း ထင်ရှားတဲ့ အကြမ်းဖက်တိုက်ခိုက်မှု မရှိခဲ့ဖူးဆိုသော်ငြားလည်း အခွင့်အရေးကို စောင့်ဆိုင်းနေတဲ့ အကြမ်းဖက်အဖွဲ့တွေ များစွာရှိလို့ ကာကွယ်ရေးနည်းလမ်းတွေ တိုးလို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။  

အကြမ်းဖက်မှုကို တိုက်ဖျက်ရေးမှာ တိုးတက်မှုတွေရှိခဲ့သော်လည်း အန္တရာယ်ဖြစ်စေတဲ့အခြေအနေကနေ ကျော်လွန်နိုင်ခြင်း မရှိသေးပါဘူး။အကြမ်းဖက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းအတွက် စိုးရိမ်ဖွယ်ပြဿနာဖြစ်ပြီး ပုံစံတွေကတော့ နေရာဒေသအလိုက် ကွဲပြားတာမျိုးရှိပါတယ်။

ပထဝီနိုင်ငံရေး၊ လူမှု-စီးပွားရေး၊ အယူဝါဒနဲ့ နိုင်ငံရေးအခွင့်အလမ်းတွေပေါ်မှာ မူတည်ပြီး အကြမ်းဖက်မှုရဲ့ ခြိမ်းခြောက်မှုတွေက အန္တရာယ်အနိမ့်အမြင့်လည်း မတူညီကြပါဘူး။ အစိုးရပိုင်းအားနည်းပြီး လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေများတဲ့ အာဖရိကတိုက်က နိုင်ငံတွေမှာ အကြမ်းဖက်မှုရဲ့ အန္တရာယ်တွေက ပိုမိုမြင့်မားပါတယ်။ဒီလိုဒေသတွေမှာဆိုရင် နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်၊ ဆိုမာလီယာမှာ အယ်လ်ရှာဘက်နဲ့ အရှေ့အာဖရိကနဲ့ ဆာဟာရတစ်လျှောက်မှာ အယ်ကေဒါလ်တွေရဲ့ အဆက်အနွယ်တွေလိုမျိုး အစွန်းရောက်အဖွဲ့တွေ များစွာရှိနေတာလည်းဖြစ်ပါတယ်။

ပါကစ္စတန်နဲ့ အာဖဂ္ဂန်နစ္စတန်တို့ဟာလည်း တာလီဘန်နဲ့ အခြားစစ်သွေးကြွအဖွဲ့တွေကြောင့် အကြမ်းဖက်မှုရဲ့ အဓိကနေရာတွေ ဖြစ်နေပါတယ်။  

အကြမ်းဖက်မှုတွေရဲ့ အဓိကအကြောင်းအရာတွေကတော့ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှု၊ ပဋိပက္ခနဲ့ အခြားသော လူမှုရေးပြဿနာတွေကြောင့်ဖြစ်ပါတယ်။အကြမ်းဖက်မှုကွန်ရက်တွေဟာ တစ်ဖြည်းဖြည်းကြီးထွားလာပြီး မမျှော်လင့်ထားတဲ့ ရလဒ်တွေ ဖြစ်စေပါတယ်။

ဥပမာဆိုရင် တူရကီမှာ ဆယ်စုနှစ်လေးခုလောက် လှုပ်ရှားနေတဲ့ ပီကေကေ အကြမ်းဖက်အဖွဲ့ဟာ ဗုံးကြဲမှုတွေ၊ လုပ်ကြံမှုတွေနဲ့ ခြုံခိုတိုက်ခိုက်မှုတွေကိုလုပ်ဆောင်ပြီး ထောင်ချီတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားခဲ့တာပဲဖြစ်ပါတယ်။ဒီအဖွဲ့ဟာ တူရကီနယ်မြေကိုကျော်လွန်ပြီး ဆီးရီးယားတို့မှာပါ ကြားခံအဖွဲ့တွေဖွဲ့ကာ လေ့ကျင့်ရေးတွေပေးပါတယ်။ပီကေကေအဖွဲ့ဟာ ဒီကြားခံအဖွဲ့တွေကနေတစ်ဆင့် ဆီးရီးယားမှာ ကလေးစစ်သားတွေ ခေါ်ယူသုံးစွဲနေတယ်လို့လည်း အစီရင်ခံစာတွေမှာ ဖော်ပြကြပါတယ်။

အမေရိကန်မှာဆိုရင်တော့ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း နိုင်ငံရေးတင်းမာမှု မြင့်တက်လာတာကြောင့် အစွန်းရောက်အဖွဲ့တွေပေါ်လာပြီး သာဓကအားဖြင့် ဂုဏ်ယူသောကောင်လေးများကဲ့သို့သော လက်ယာစွန်းအဖွဲ့တွေဟာ လွှတ်တော်တိုက်ခိုက်မှုလို ဖြစ်ရပ်တွေမှာပါဝင်ပြီး အကြမ်းဖက်နည်းလမ်းတွေကို အသုံးပြုလာတာကို တွေ့ရပါတယ်။

နောက်ထပ် ဥပမာတစ်ခုကတော့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားက ကက်ရှ်မားဒေသမှာ ပဋိပက္ခရှည်ကြာလာတာနဲ့အမျှ စစ်သွေးကြွအဖွဲ့တွေလည်း ပိုပြီးများပြားလာတာကို တွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာတော့ လူမျိုးရေးမုန်းတီးမှုကတစ်ဆင့် အကြမ်းဖက်မှုတွေဖြစ်တာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက သေနတ်သမားတစ်ဦးဟာ နယူးဇီလန်က ဗလီတစ်ခုကို တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၅၁ ဦး သေစေခဲ့ပါတယ်။ဒီလိုမျိုး တစ်ဦးတည်းတိုက်ခိုက်တဲ့သူတွေဟာ အမှီအခိုမဲ့ လှုပ်ရှားတာကြောင့် ထောက်လှမ်းရေးအေဂျင်စီတွေအနေနဲ့ လိုက်ဖို့ ခက်ခဲပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း ပြင်သစ်မှာ ကုန်သားမောင်းသူတစ်ဦးဟာ လူအုပ်ထဲကို မောင်းချပစ်ခဲ့တဲ့ ဖြစ်ရပ်မျိုး ၂၀၁၃ ခုနှစ်တုန်းကလည်း ညီအစ်ကိုနှစ်ဦးက ဘော်စတွန်မာရသွန်မှာ ဗုံးခွဲခဲ့တဲ့ဖြစ်ရပ်မျိုးတွေဟာ အဖွဲ့အစည်းမရှိဘဲ သီးသန့်လှုပ်ရှားတဲ့ အကြမ်းဖက်မှုမျိုးတွေဖြစ်ပါတယ်။  

အကြမ်းဖက်မှုတွေကို တိတိကျကျ ထောက်လှမ်းနိုင်ဖို့ ခက်ခဲပါတယ်။ပွင့်လင်းမြင်သာမှုမရှိဘဲ အစီရင်ခံခြင်း ယန္တရားတွေ၊ အချက်အလက်စုဆောင်းနိုင်စွမ်းနဲ့ မျှဝေနိုင်စွမ်းနည်းပါးတဲ့ နေရာတွေမှာ ပိုပြီးစိန်ခေါ်မှုကြီးမားပါတယ်။ဒါ့အပြင် လူတွေရဲ့ အပြုအမူဆိုတာလည်း ခန့်မှန်းလို့မရနိုင်တဲ့ အရာဖြစ်ပါတယ်။လူတစ်ဦးတစ်ယောက်ဟာ ဘာကိုမုန်းတီးပြီး ဘယ်အရာက သူ့ကို အကြမ်းဖက်သူဖြစ်စေမလဲဆိုတာက အကြောင်းအရာများစွာရှိတဲ့အတွက်ကြောင့် ဘယ်သူကတော့ အနာဂတ်မှာ ခြိမ်းခြောက်မှုဖြစ်နိုင်မလဲလို့ ခန့်မှန်းရမလွယ်ကူတာဖြစ်ပါတယ်။  

အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာလည်း လိုက်ပါစီးမျောတတ်ကြပြီး နည်းပညာအသစ်တွေကိုလည်း ရှာဖွေတတ်ကာ ဝါဒဖြန့်ချိခြင်းတွေကိုလည်း ကျွမ်းကျင်ကြပါတယ်။သူတို့ရဲ့နည်းလမ်းတွေ၊ ပစ်မှတ်တွေက ပြောင်းလဲလေ့ရှိပြီး လူမှုရေးနဲ့ နိုင်ငံရေး ကွဲပြားမှုအခြေအနေတွေကိုကြည့်ပြီး လူသစ်တွေပါဝင်လာဖို့ စည်းရုံးရေးတွေလည်း ကောင်းမွန်ကြပါတယ်။  

အကြမ်းဖက်အဖွဲ့အစည်းတွေဟာ တစ်ဦးတည်းက ချုပ်ကိုင်ထားမှုမရှိတော့ဘဲ ကွန်ရက်ကျယ်ပြန့်ကာ အသီးသီးက အာဏာကုန်လက်ကိုင်ထားနိုင်တာကြောင့် အပျော်တမ်းအကြမ်းဖက်သမားတွေလည်း ပိုပြီးများလာပါတယ်။နည်းပညာတိုးတက်မှုတွေကလည်း တစ်နည်းအားဖြင့် အထောက်အကူဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ တိုက်ခိုက်ရေးပုံစံတွေက ရှုပ်ရှုပ်ထွေးထွေး မရှိတော့ဘဲ ရိုးရှင်းတဲ့နည်းလမ်းတွေဖြစ်တဲ့ ယာဉ်နဲ့တိုက်ခိုက်ခြင်း၊ သေနတ်ပစ်ခြင်းတွေဘက်ကို ဦးတည်လာတာလည်းဖြစ်ပါတယ်။  
ခေတ်မီလာတဲ့အချိန်မှာ လူမှုအသိုက်အဝန်းမှာ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွေပေါ် မှီခိုလာတာနဲ့အမျှ ဆိုက်ဘာတိုက်ခိုက်မှုတွေက တိုးလာပါတယ်။ကမ္ဘာကြီးဟာ ဒစ်ဂျစ်တယ်စနစ်ကနေ အချင်းချင်းဆက်သွယ်လာတဲ့အချိန်မှာ အကြမ်းဖက်သမားတွေဟာ ဒီစနစ်တွေရဲ့ အားနည်းချက်ကိုရှာပြီး ဝန်ဆောင်မှုတွေကို နှောင့်ယှက်ပစ်တာ၊ အရေးကြီးအချက်အလက်တွေ ခိုးယူတာမျိုးတွေကို လုပ်လာကြပါတယ်။  

၂၀၂၁ ခုနှစ်တုန်းက ကိုလိုနီပိုက်လိုင်း တိုက်ခိုက်မှုက ဆိုက်ဘာရာဇဝတ်မှုရဲ့ ဥပမာပဲဖြစ်ပါတယ်။ရုရှားဟက်ကာအဖွဲ့လို့ ယူဆရသူတွေဟာ ဘော်စတွန်အခြေစိုက်ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကို ခိုးယူပြီး ငွေညစ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့် ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်ပြီး စီးပွားရေးနဲ့ လူမှုရေးအကျိုးဆက်တွေ ဖြစ်စေခဲ့ပါတယ်။  

အယ်လ်ဘန်နီတက္ကသိုလ် အရေးပေါ်ပြင်ဆင်ရေး၊ အမိမြေလုံခြုံရေးနဲ့ ဆိုက်ဘာလုံခြုံရေးကောလိပ်က တွဲဖက်ပါမောက္ခဖြစ်တဲ့ ဂရေး အက်ကာမန်းနဲ့ ဂျော့မန်ဆန်တက္ကသိုလ် မူဝါဒနှင့် အစိုးရဆိုင်ရာကျောင်းက တွဲဖက်ပါမောက္ခဖြစ်တဲ့ ဇာချရီ ကယ်လန်ဘောန်းတို့ ရေးသားခဲ့တဲ့ ဆောင်းပါးမှာဆိုရင် အကြီးအကျယ်ပျက်စီးစေတဲ့ သမားရိုးကျလက်နက်တွေထုတ်လုပ်ဖို့ အရင်းအမြစ်လုံလုံလောက်လောက်မရှိတဲ့ အကြမ်းဖက်အဖွဲ့တွေဟာ ဉာဏ်ရည်တုတွေ၊ ဇီဝလက်နက်တွေနဲ့ အနုမြူနည်းပညာတွေကို အသုံးပြုပြီး ကမ္ဘာပျက်ကိန်းကို ဖန်တီးနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီလိုအကြမ်းဖက်ခြိမ်းခြောက်မှုတွေက ရှုပ်ထွေးပြီး ပြောင်းလဲလာတာနဲ့အမျှ အကြမ်းဖက်မှု ပုံစံမျိုးစုံကနေ မိမိတို့ရဲ့အသိုက်အဝန်းတွေကို ကာကွယ်နိုင်ဖို့ မတူညီတဲ့ အယူဝါဒတွေကို ဖြေရှင်းဖို့၊ ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေကို နားလည်ဖို့နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အားပေးဖို့က ပိုပြီးအရေးကြီးလာပါတယ်။  

NaYoe
Ref - TRTworlds | Evolution of terrorism: 22 years after 9/11