【 နိုင်ငံတကာဆောင်းပါး 】 “သီးခြားရပ်တည်ခြင်း” မှ “အန္တရာယ်လျှော့ချခြင်း” သို့ စကားလုံးပြောင်းခြင်းက အလုပ်ဖြစ်မည်မဟုတ်

【 နိုင်ငံတကာဆောင်းပါး 】 “သီးခြားရပ်တည်ခြင်း” မှ “အန္တရာယ်လျှော့ချခြင်း” သို့ စကားလုံးပြောင်းခြင်းက အလုပ်ဖြစ်မည်မဟုတ်

ပြီးခဲ့သောလများအတွင်းမှာ “အန္တရာယ်လျှော့ချခြင်း” ဆိုတဲ့ စကားလုံးက သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ လွှမ်းမိုးထားခဲ့ပါတယ်။

ဒီစကားလုံးဟာ ယခင်က နာမည်ကြီးခဲ့တဲ့ “သီးခြားရပ်တည်ခြင်း” ဆိုတဲ့ စကားလုံးရဲ့နေရာမှာ အစားဝင်လာပြီး နိုင်ငံများစွာက နိုင်ငံရေးသမားတွေရဲ့ မိန့်ခွန်းတွေနဲ့ အစိုးရကြေညာချက်တွေမှာ နေရာယူလာပါတယ်။

ဥပမာအားဖြင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်က ဧပြီလတုန်းက ပြောခဲ့တဲ့အထဲမှာ ဘိုင်ဒန်အုပ်ချုပ်ရေးဟာ တရုတ်နဲ့ သီးခြားရပ်တည်ချင်တာမဟုတ်ဘဲ တရုတ်ရဲ့ အန္တရာယ်တွေကို လျှော့ချဖို့ လုပ်နေတာလို့ ဆိုခဲ့ပါတယ်။ဆိုလိုချင်တာကတော့ အမေရိကန်ဟာ ဘယ်နိုင်ငံရဲ့ ခြိမ်းခြောက်လွှမ်းမိုးမှုကိုမှ မခံရဘဲ ကြံ့ကြံ့ခံတဲ့ ထောက်ပံ့ရေးကွင်းဆက် တည်ဆောက်မှာဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

သို့သော်လည်း “အန္တရာယ်လျှော့ချခြင်း” ပဲဖြစ်ဖြစ် “သီးသန့်ရပ်တည်ခြင်း” ပဲဖြစ်ဖြစ် ဒါဟာ စကားလုံးတွေကို ကစားကွက်ရွှေ့လိုက်ခြင်းသာဖြစ်ပါတယ်။မည်သို့ပင်သုံးနှုန်းပါစေ အချို့နိုင်ငံများအနေဖြင့် ပြဿနာများကို ဖုံးကွယ်ပြီး လက်တွေ့ကနေ ထွက်ပြေး၍ မရနိုင်ပေ။တရုတ်နိုင်ငံမှ အန္တရာယ်ကို လျှော့ချခြင်းဆိုတာ ဘာအဓိပ္ပာယ်ဖြစ်မလဲ။

အချို့သော အနောက်နိုင်ငံတွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို ကြည့်ခြင်းအားဖြင့် တစ်ဖက်မှာတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေမှာ တရုတ်အပေါ် မှီခိုမှုကိုလျှော့ချပြီး အခြားတစ်ဖက်မှာတော့ တရုတ်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ကူးသန်းမှုတွေကို ကန့်သတ်ကာ တရုတ်ရဲ့ အဆင့်မြင့်နည်းပညာနဲ့ အမျိုးသားလုံခြုံရေးစွမ်းရည်တွေကို အားနည်းစေဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။  

အန္တရာယ်လျှော့ချခြင်းဆိုသည်မှာ တစ်နည်းအားဖြင့် တရုတ်အား အားနည်းစေခြင်း (သို့မဟုတ်) ဂလိုဘယ်လိုက်ဇေးရှင်းကို လျှော့ချခြင်းဟူ၍ပင် ဆိုနိုင်ပါတယ်။ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ တရုတ်ဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၄၀ ကျော်အတွက် အဓိကကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပါတယ်။တရုတ်ထံမှ အန္တရာယ်လျှော့ချခြင်းဟာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ရဲ့ ပုံမှန်လည်ပတ်မှုကို အပြင်းအထန် ထိခိုက်စေရုံသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ် ကပြောင်းကပြန် ပြဿနာကို ပိုဆိုးစေကာ နိုင်ငံတကာနည်းဥပဒေများကို ရှုပ်ထွေးစေပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် သက်ရောက်မှု ပြင်းထန်စေပါတယ်။   

သီးသန့်ရပ်တည်ခြင်းနဲ့ ကွဲပြားသွားတာကတော့ “အန္တရာယ်လျှော့ချခြင်း” ဟာ ပိုပြီးပစ်မှတ်ထားတာဖြစ်ပါတယ်။ Foreign Affairs မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးအရ အမေရိကန်ဟာ တရုတ်ကို နယ်ပယ်သုံးခုမှာ ထိန်းချုပ်မယ်လို့ ဆိုပါတယ်။ပထမတစ်ခုကတော့ တရုတ်ထုတ် ဟာ့ဒ်ဝဲလ်နဲ့ ဆော့ဝဲလ်အသုံးပြုမှုတွေကို လျှော့ချပြီး အမျိုးသားလုံခြုံရေးအပေါ် တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ကန့်သတ်ရန်ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ တရုတ်အား လီသီယန်ကဲ့သို့သော အဓိကကုန်ကြမ်းများ ရနိုင်ရေးမှ ကန့်သတ်ထားရန်ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ ကမ္ဘာ့ဈေးကွက်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ရန်ဖြစ်ပါတယ်။  

အန္တရာယ်လျှော့ချခြင်းဟူသော စကားကို တွင်တွင်ကျယ်ကျယ် သုံးလာသော်လည်း ကုမ္ပဏီများဟာ ပို၍သတိထားပြီး တရုတ်နှင့် ကုန်သွယ်နေဆဲဖြစ်ပါတယ်။ထုတ်လုပ်မှုစရိတ်သက်သာတဲ့ နေ့စဉ်သုံးပစ္စည်းများကို တရုတ်ထံမှ ဝယ်ယူ၍ ရရှိမြဲဖြစ်ပါတယ်။သို့သော်လည်း နည်းပညာအဆင့်မြင့် ထုတ်ကုန်များ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ (သို့မဟုတ်) ပြီးဆုံးပြီးသား နည်းပညာအဆင့်မြင့်ထုတ်ကုန်များကို တရုတ်နဲ့ ဖလှယ်ဖို့ မရှိတာဖြစ်ပါတယ်။ဒီနည်းနဲ့ သေးငယ်တဲ့ ခြံဝန်းကို မြင့်မားတဲ့ စည်းရိုးများနဲ့ ကာရံပြီး တရုတ်အပေါ် နည်းပညာပိတ်ဆို့မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ရလဒ်အားဖြင့် တရုတ်အနေနဲ့ အမေရိကန်ကို ပြိုင်ဆိုင်ဖို့ စွမ်းရည်မရှိဘဲ ထောက်ပံ့ရေးကွင်းဆက်ရဲ့ အောက်ခြေမှာရှိနေဦးမှာဖြစ်ပါတယ်။  

စီးပွားရေးကမ္ဘာမှာ အန္တရာယ်တွေကတော့ အမြဲတည်ရှိမြဲဖြစ်ပြီး အကြောင်းပြချက်တွေကလည်း အမျိုးမျိုးဖြစ်ပါတယ်။အမေရိကန်အနေနဲ့ ကြုံလာသမျှ ပြဿနာအများစုကို တရုတ်တစ်ခုတည်းအပေါ် ပုံချပြီး တရုတ်ကို ထိန်းချုပ်ပြီး ပြဿနာကို ဖြေရှင်းနေတာဟာ ကျိုးကြောင်းမသင့်လျော်တာပဲဖြစ်ပါတယ်။ဒီလိုလုပ်နေခြင်းဟာ စီးပွားရေးဥပဒေကို ဆန့်ကျင်နေရုံသာမက နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားနဲ့လည်း မကိုက်ညီတာကြောင့် ပိုပြီးကြီးတဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။

နိုင်ငံတိုင်းက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ ကမ္ဘာကြီးမှာ တရုတ်ရဲ့အန္တရာယ်ကိုလျှော့ချခြင်း အယူဝါဒရဲ့ အကျိုးသက်ရောက်မှုဟာ အချို့နိုင်ငံများအတွက် လက်ခံနိုင်သည့် အတိုင်းအတာထက် ပိုကြီးတဲ့ ထိခိုက်မှုဖြစ်လာနိုင်ပါတယ်။ညှိနှိုင်းဆွေးနွေးမှုမရှိခြင်းဟာ အမှန်တကယ် အန္တရာယ်ဖြစ်ပါတယ်။ Nvidia ရဲ့ စီအီးအို ဂျန်ဆန် ဟွမ်း သတိပေးခဲ့သလို “တရုတ်ဈေးကွက်ကို ဝင်ရောက်ခွင့် ဆုံးရှုံးသွားမယ်ဆိုရင် အစားထိုးဖို့ အခြားနည်းလမ်းမရှိပါဘူး။တရုတ်လိုမျိုးနေရာဟာ တရုတ်တစ်နိုင်ငံတည်းရှိပါတယ်” ဆိုတဲ့ စကားအတိုင်း ပေကျင်းနဲ့ ကုန်သွယ်ခွင့်မရပါက အမေရိကန်ကုမ္ပဏီများအတွက် ကြီးမားသော ပျက်စီးမှုကို ဖြစ်စေမှာဖြစ်ပါတယ်။  

တရုတ်ထံမှ အန္တရာယ်များကိုလျှော့ချခြင်း အယူအဆဟာ အခြားနိုင်ငံများကို ပျံ့နှံ့သွားလျှင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ ပိုပြီးအပိုင်းပိုင်းကွဲလာမှာဖြစ်ပါတယ်။ဂျာမနီအနေနဲ့ တရုတ်ထံမှ ဆက်ဆံရေးခွဲထွက်လျှင် တစ်နှစ်ကို ဂျီဒီပီ ၂ ရာခိုင်နှုန်း ကျဆင်းမှာဖြစ်ပြီး ထိုဆုံးရှုံးမှုဟာ ယူရို ၆၀ ဘီလီယံနဲ့ တန်ဖိုးတူကြောင်း သြစတီးယားအကြံပေးအဖွဲ့က ခန့်မှန်းထားပါတယ်။စိန်ခေါ်မှုများနဲ့ မရေရာမှုများ ပြည့်နှက်နေတဲ့ ခေတ်ကာလမှာ တရုတ်ထံမှ အန္တရာယ်လျှော့ချခြင်း အယူဝါဒဟာ ကမ္ဘာ့စီးပွားရေးအတွက် ဆိုးကျိုးအန္တရာယ်များကိုသာ ဖြစ်စေပါတယ်။  

ထို့ကြောင့်ပင် အန္တရာယ်လျှော့ချခြင်း အယူဝါဒကို မိတ်ဆက်ပြီးပြီးချင်းပင် သဘောထားကွဲလွဲမှုများနှင့် ငြင်းခုံမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ Apple ၊ JP Morgan နဲ့ General Motors ကဲ့သို့သော ကုမ္ပဏီကြီးများရဲ့ စီအီးအိုများက မကြာသေးခင်ကပင် တရုတ်ကို အလည်အပတ်ရောက်လာခဲ့ကြပြီး ထပ်မံပူးပေါင်းဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများကို ရှာဖွေခဲ့ကြပါတယ်။

တက်ဆလာကုမ္ပဏီရဲ့ စီအီးအို အီလွန် မက်စ်ခ်ကလည်းအပါအဝင်ဖြစ်ပြီး တရုတ်သို့ အလည်အပတ်ရောက်ရှိချိန်က တက်ဆလာအနေဖြင့် ကွင်းဆက်ကို ဖြတ်တောက်ခြင်းအား ဆန့်ကျင်ကြောင်းနှင့် တရုတ်နှင့် စီးပွားရေးကို တိုးချဲ့လုပ်ဆောင်လိုကြောင်း ပြောခဲ့ပါတယ်။  

အချို့နိုင်ငံများအတွက် သီးသန့်ရပ်တည်ခြင်းပင်ဖြစ်စေ အန္တရာယ်လျှော့ချခြင်းပင်ဖြစ်စေ လိုလားသော ဖြေရှင်းချက်ကို ယူဆောင်ပေးနိုင်မည် မဟုတ်ပေ။

စိုးနိုင်ထွန်း
Ref - CMG | From 'decoupling' to 'de-risking': Playing with words simply does not work