【 အလှအပနှင့် ကျန်းမာရေး 】 ကြေးနီပါသော သားအိမ်အတွင်းထည့်သော သားဆက်ခြားပစ္စည်း

【 အလှအပနှင့် ကျန်းမာရေး 】 ကြေးနီပါသော သားအိမ်အတွင်းထည့်သော သားဆက်ခြားပစ္စည်း

Copper_IUCD လို့ အတိုကောက်ခေါ်ကြတဲ့ သားအိမ်တွင်းထည့်ရတဲ့ သားဆက်ခြားပစ္စည်း ကတော့ ထိရောက်ပြီး နှစ်ရှည် သားဆက်ခြားချင်တဲ့သူတွေ၊ ဟော်မုန်းအာနိသင်မပါတဲ့ သားဆက်ခြားနည်း အသုံးပြုလိုတဲ့သူတွေအတွက် အဆင်ပြေစေတဲ့ နည်းလမ်းဖြစ်ပါတယ်။
 
IUCD အမျိုးအစားတွေကတော့ ဟော်မုန်းပါတဲ့ သားဆက်ခြားပစ္စည်းနဲ့ ဟော်မုန်းမပါတဲ့ သားဆက်ခြားပစ္စည်းဆိုပြီး ၂မျိုးရှိပါတယ်။
 
- Copper IUCD
- ကြေးနီနဲ့ ပြုလုပ်ထားတဲ့ IUCD ကတော့ ဟော်မုန်းအာနိသင် မပါဝင်တာကြောင့် အသက်အရွယ်ကြီးသူ၊ သွေးဆုံးခါနီးတဲ့ အမျိုးသမီးတွေ၊ ဟော်မုန်းအသုံးပြုဖို့ မသင့်တော်တဲ့သူတွေ အဓိကအသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။
 
- Hormonal IUCD
ဟော်မုန်းပါဝင်တဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းကတော့ ဟော်မုန်း ပရိုဂျက်စတီရုန်း ထုတ်လွှတ်ပေးနိုင်တဲ့ အာနိသင်ပါဝင်တဲ့ သားဆက်ခြားပစ္စည်းဖြစ်ပါတယ်။
 
ကြေးနီပါတဲ့ သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်းရဲ့ သက်တမ်းကတော့ ၁၀ နှစ် အထိ ခံပါတယ်။
 
သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း နေရာတကျရှိ၊ မရှိကို သိနိုင်ဖို့ ကြိုးစလေးကို ပုံမှန်စမ်းသပ် စစ်ဆေးနေဖို့ လိုပါတယ်။
 
ကြေးနီပါတဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း (#Copper_IUCD) ရဲ့အားသာချက်တွေကတော့
 
- သားဆက်ခြားဆေးများကို နေ့စဉ်သောက်ရန် မလိုအပ်ခြင်း
- IUCD ဖယ်ရှားပြီးနောက်တွင် ကလေးပြန်ရရန် အချိန်စောင့်ရန် မလိုအပ်ခြင်း
- ဆေးသောက်ရန်၊ ဆေးထိုးရန် မေ့မှာ မစိုးရိမ်ရခြင်း
- ဟော်မုန်းအသုံးပြုရန် မသင့်တော်သူများတွင် အသုံးပြုနိုင်ခြင်း‌
- ဟော်မုန်း၏ ဘေးထွက်ဆိုးကျိုးများ မခံစားရခြင်း
- နို့တိုက်မိခင်များတွင် အသုံးပြုနိုင်ခြင်း
 
သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း အသုံးမပြုသင့်တဲ့သူတွေကတော့
 
- သားအိမ်တွင် အလုံးရှိသူများ
- သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာရောဂါရှိသူများ
- ကလေးပျက်ကျခြင်း၊ ကလေးဖျက်ချခြင်း ကြောင့် သွေးဆိပ်တက်ဖူးသူများ
- မျိုးပွားလမ်းကြောင်းရောဂါရှိသူများ
- မိန်းမကိုယ်လမ်း‌ကြောင်းမှ ပုံမှန်မဟုတ်သော သွေးဆင်းသူများ
- ကြေးနီနှင့် ဓာတ်မတည့်သူများ
- ခန္ဓာကိုယ်တွင်း ကြေးနီဓါတ်များသော ရောဂါ (Wilson disease) ရှိသူများ
 
#Copper_IUCD ကြောင့် ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
 
- ရာသီသွေးပမာဏများခြင်း
- ရာသီလာစဉ် ကိုက်ခဲခြင်း
- ရာသီစက်ဝန်း မမှန်ခြင်း
- မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်နိုင်ခြင်း
- သားအိမ်ပေါက်ခြင်း 
 
#Copper_IUCD အသုံးပြုသူများ သတိပြုသင့်တဲ့ အချက်တွေကတော့
- ရာသီ‌သွေးပမာဏ အလွန်အမင်းများခြင်း
- ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း
- လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်း
- မိန်းမကိုယ်မှ အနံ့နံသောအရည်များဆင်းခြင်း
- ‌သားအိမ်အတွင်း ထည့်ထားသော သားဆက်ခြားပစ္စည်း၏ ကြိုးစအမျှင်ကို စမ်းမမိခြင်း
- ကြိုးစအမျှင်လေး အပြင်သို့ ရှည်ထွက်လာခြင်း စတဲ့ အချက်တွေ ခံစားရရင်တော့ သားဖွားမီးယပ်ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသဖို့လိုပါတယ်။
 
Dr.Phyu
Photo Credit - freepik