【 အလှအပနှင့် ကျန်းမာရေး 】 နားထဲမှာ တစ်ယောက်ယောက် စကားပြောနေတဲ့ အသံတွေကြားတာ၊ အပြင်မှာ မရှိတဲ့ ပုံရိပ်တွေ မြင်နေရတာ ဘာကြောင့်လဲ ? စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)

【 အလှအပနှင့် ကျန်းမာရေး 】 နားထဲမှာ တစ်ယောက်ယောက် စကားပြောနေတဲ့ အသံတွေကြားတာ၊ အပြင်မှာ မရှိတဲ့ ပုံရိပ်တွေ မြင်နေရတာ ဘာကြောင့်လဲ ?

စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)

စိတ်ကစဉ့်ကလျားရောဂါဆိုတာကတော့ ပြင်းထန်တဲ့ စိတ်ရောဂါတစ်ခုဖြစ်ပြီး သေချာစွာကုသမှုခံယူမှသာ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်‌အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
 
ဒါကြောင့် စိတ်ကစဉ့်ကလျားရောဂါရဲ့ လက္ခဏာတွေကို သိရှိထားဖို့ လိုပါတယ်။
 
ရောဂါလက္ခဏာတွေကတော့
 
- ထင်ယောင်ထင်မှားဖြစ်ခြင်း
 
(တစ်ယောက်ယောက်က မိမိကို ထိန်းချုပ်နေသည်ဟု ထင်ခြင်း၊ မိမိကို ဒုက္ခပေးမည့်သူရှိနေသည်၊ မိမိကို တစ်ယောက်ယောက်က သဘောကျနေသည်ဟု ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မိမိ၏အတွေးများကို လူအများက သိရှိနေသည်ဟု ထင်ခြင်း)
 
- ကယောင်ခြောက်ခြားဖြစ်ခြင်း
 
(ပြင်ပတွင် အမှန်တကယ်မရှိသော ပုံရိပ်များကို မြင်ရခြင်း၊ အမှန်တကယ်မရှိသော အသံများကို ကြားရခြင်း၊ တစ်ယောက်ယောက်က မိမိကို စကားလာပြောနေသည်ကို ကြားနေရခြင်း၊ လူနှစ်ယောက် အပြန်အလှန်စကားပြောနေသည်ကို ကြားနေရခြင်း)
 
- စကားပြောရာတွင် ဆီလျော်မှုမရှိခြင်း
 
(စကားပြောရာတွင် ဆက်စပ်မှုမရှိခြင်း၊ အကြောင်းအရာအဓိပ္ပါယ်မရှိခြင်း)
 
- မူမမှန်ပြုမူခြင်း
 
(ပုံမှန်မဟုတ်သော အပြုအမူများ ပြုလုပ်ခြင်း (သို့မဟုတ်) လုံးဝမလှုပ်မယှက်ဘဲ ငြိမ်နေခြင်း၊ စကားလုံးဝမပြောခြင်း၊ စိတ်ခံစားမှု လုံးဝမရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှုမရှိခြင်း) 
စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
စိတ်ကစဉ့်ကလျားရောဂါကို သေချာမကုသပါက ကြုံတွေ့နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုး‌တွေကတော့
 
- စိတ်ဖိစီးမှုများခြင်း၊ စိတ်စွဲလန်းလွန်သောရောဂါဖြစ်ခြင်း
- စိတ်ဓာတ်ကျခြင်း
- အရက်နှင့် မူးယစ်ဆေးဝါး အလွဲသုံးစားပြုလုပ်ခြင်း
- ကြမ်းတမ်းသောအပြုအမူများ ပြုလုပ်ခြင်း
- ပတ်ဝန်းကျင်၊ မိတ်ဆွေ၊ မိသားစုဝင်များနှင့် ပေါင်းသင်းဆက်ဆံရေးတွင် အခက်အခဲဖြစ်ခြင်း
- မိမိကိုယ်ကို အန္တရာယ်ပြုခြင်း၊ အဆုံးစီရင်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
 
စိတ်ကစဉ့်ကလျားရောဂါကို ဘယ်လိုကုသမလဲ ?
 
စိတ်ကစဉ့်ကလျားရောဂါကို
 
- ဆေးဝါးများဖြင့် ကုသခြင်း
- Cognitive Behavioural Therapy (CBT) လို့ ခေါ်တဲ့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်း
- Electroconvulsive Therapy (ECT) လို့ ခေါ်တဲ့ဦးနှောက်လျှပ်စီးလှိုင်း လှုံ့ဆော်မှုဖြင့် ကုသခြင်းဆိုပြီး နည်းလမ်းအမျိုးမျိုးနဲ့ ကုသနိုင်ပါတယ်။
 
အရေးကြီးတဲ့ အချက်တွေကတော့
 
- မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိရဲ့မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေမှာ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရတယ်လို့ သံသယရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသပြီး ကုသမှုခံယူဖို့ လိုပါတယ်။
- ရောဂါကို ကုသနေစဉ်မှာလည်း ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို သေချာသောက်သုံးဖို့လိုပြီး ရက်ချိန်းမှန်မှန်ပြသပြီး ရောဂါအခြေအနေကို ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။
- စိတ်ကျန်းမာရေးအတွက် အသုံးပြုရတဲ့ ဆေးဝါးများဟာ ရုတ်တရက်ဆေးဖြတ်လိုက် 
လျှင် ရောဂါအခြေအနေ ပိုဆိုးလာနိုင်တာဖြစ်လို့ မိမိသဘောနဲ့မိမိ ဆေးမသောက်ဘဲ ဆေးဖြတ်လိုက်တာမျိုး မပြုလုပ်ဖို့ လိုပါတယ်။
- အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းဟာ စိတ်ကစဉ့်ကလျားရောဂါ အခြေအနေကို ပိုမိုဆိုးဝါးစေနိုင်တာဖြစ်လို့ ရှောင်ကြဉ်ဖို့ လိုပါတယ်။
 
Dr.Phyu
Photo Credit - freepik