【 အလှအပနှင့် ကျန်းမာရေး 】 ဘာကြောင့် အပူလျှပ်တာလဲ ?

【 အလှအပနှင့် ကျန်းမာရေး 】 ဘာကြောင့် အပူလျှပ်တာလဲ ?

ရာသီဥတုပူပြင်းလှတဲ့ နွေရာသီမှာ အပူလျှပ်တာ အဖြစ်များပါတယ်။
 
အထူးသဖြင့် အသက်ကြီးသူများ၊ ကလေးသူငယ်များနှင့် ရောဂါအခံရှိသူများမှာ ပိုမိုအဖြစ်များပါတယ်။
 
အပူလျှပ်ရတဲ့ အကြောင်းအရင်း‌တွေကတော့
 
- ပတ်ဝန်းကျင်အပူချိန် အလွန်အမင်းမြင့်ခြင်း
- ပူပြင်းသော အပူချိန်အောက်တွင် သွားလာလှုပ်ရှားခြင်း/ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
- ပတ်ဝန်းကျင် အပူချိန်မြင့်ချိန်တွင် ထူထဲသော အဝတ်အစားများ ဝတ်ဆင်ခြင်း
- ပတ်ဝန်းကျင် အပူချိန်မြင့်ချိန်တွင် အရက်သောက်သုံးခြင်း
- ရုတ်တရက် အပူချိန်ပြောင်းလဲခြင်း (အပူချိန်ပူရာမှ အေးရာ (သို့မဟုတ်) အေးရာမှ ပူရာသို့ ရုတ်တရက် အပူချိန်ပြောင်းလဲခြင်း) စတဲ့အခြေအနေတွေမှာ အပူလျှပ်ခြင်း ဖြစ်စေနိုင်ပါတယ်။
 
အပူလျှပ်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့
 
- ခန္ဓာကိုယ် ပူလိုက်၊ အေးလိုက် ခံစားရခြင်း/ကြက်သီးထခြင်း
- ခန္ဓာကိုယ် အပူချိန်တက်ခြင်း
- ချွေးထွက်ခြင်း (အပူလျှပ်ခြင်း ပြင်းထန်ပါက ခန္ဓာကိုယ်အပူချိန်တက်သော်လည်း ချွေးမထွက်တော့ခြင်း)
- ခေါင်းမူး/ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- ရင်တုန်ခြင်း/နှလုံးခုန်နှုန်းမြန်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ကြွက်တက်ခြင်း
- သတိလစ်ခြင်း
- တက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
အပူလျှပ်ခြင်းလက္ခဏာ‌တွေ ခံစားရတဲ့အခါ
- အေးမြသောနေရာတွင်နေပါ။ (အရိပ်ရှိသောနေရာ၊ ပန်ကာ၊ အဲလ်ကွန်း) စတဲ့ အေးတဲ့နေရာမှာ နေထိုင်ပါ။
- ရေဓာတ်ခမ်းခြောက်ခြင်းက ကာကွယ်ဖို့ ဓာတ်ဆားရည် များများသောက်ပါ။
- ပွပွချောင်ချောင် ချည်ထည်အဝတ်အစားများကို ဝတ်ဆင်ပါ။
- အပူလျှပ်ခြင်းကြောင့် ချွေးမထွက်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း စတဲ့ အရေးပေါ်လက္ခဏာတွေ ခံစားနေရတဲ့သူကို တွေ့ရှိပါက   
 
- အေးသောနေရာအောက်သို့ အမြန်ဆုံးရွှေ့ပါ။
- ခန္ဓာကိုယ်နေရာအနှံ့ အထူးသဖြင့် ချိုင်းကြား၊ ပေါင်ခြံ၊ လည်ပင်း စတဲ့ နေရာများကို ရေပတ် ရွှဲနေအောင် တိုက်ပါ။
- ‌ ရေစွတ်ထားသော စောင်၊ ရေခဲထုပ် စတာတွေနဲ့ ခန္ဓာကိုယ်အပူချိန်ကျအောင်ပြုလုပ်ပါ။
- ထူထဲသော အဝတ်အစားများ ဝတ်ဆင်ထားပါက အမြန်ဆုံးလဲလှယ်ပေးပါ။
- ဆေးရုံသို့ အမြန်ဆုံးသွားရောက်ပါ။
 
နွေရာသီမှာ အဖြစ်များတဲ့ အပူလျှပ်ခြင်း‌ကို ကာကွယ်ဖို့ အပူလျှပ်ခြင်းဖြစ်စေတဲ့ အပြုအမူတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။
 
အပူလျှပ်ခြင်းကို သေချာမကုသရင်တော့ ပိုမိုပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်တာကြောင့်  အပူလျှပ်တဲ့ ရောဂါလက္ခဏာတွေ ခံစားရပါက ထိထိရောက်ရောက် ကုသဖို့ တိုက်တွန်းလိုပါတယ်။
 
Dr.Phyu
Photo Credit - freepik