【အလှအပနှင့်ကျန်းမာရေး 】“ အရိုးပွခြင်း ”
ပုံမှန်လူတစ်ယောက်မှာရှိရမယ့် အရိုးသိပ်သည်းဆထက် နည်းသွားချိန်မှာ အရိုးပါးခြင်းဆိုတဲ့အဆင့်စ ဖြစ်ပါတယ်။အရိုးပါးရာကနေသိပ်သည်းဆပိုနည်းလာရင်တော့အရိုးပွရောဂါအဆင့်ကိုရောက်ရှိပါတယ်။
အရိုးပွခြင်းဟာ များသောအားဖြင့်အသက် ၅၀အထက်လူများမှာ အဖြစ်များပြီး အမျိုးသမီးများမှာ အဖြစ်များသော အရိုးရောဂါတစ်ခုဖြစ်ပါတယ်။
အရိုးပွခြင်းရဲ့ထူးခြားချက်ကတော့ ရောဂါလက္ခဏာပြလေ့မရှိပဲ အရိုးကျိုးမှသာ အရိုးပွနေကြောင်းကို သိနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မိမိမှာ အရိုးပါးနေပြီလား၊ပွနေပြီလားသိဖို့ အရိုးသိပ်သည်းဆတိုင်းတာခြင်း (Bone Mineral Density) ကိုတိုင်းတာခြင်းဖြင့် သိနိုင်ပါတယ်။
ဘယ်လိုလူတွေအရိုးသိပ်သည်းဆကိုတိုင်းသင့်သလဲ?
အရိုးပွနိုင်ခြေများသူတွေဖြစ်တဲ့....
၁.အသက် ၅၀ကျော်သူအမျိုးသမီးများ။
၂.မိသားစုမျိုးရိုးတွင် အရိုးပွရောဂါရှိသူများ။
၃.ဆေးလိပ်သောက်သူများ။
၄.အရက်အလွန်အကျွံသောက်သုံးသူများ။
၅. စတီးရွိုက်ဆေး (steroid)ကို ရေရှည်သောက်သုံးနေရသူများ။
၆.စောလျင်စွာသွေးဆုံးသောအမျိုးသမီးများ …စသည်တို့မှာ အရိုးသိပ်သည်းဆတိုင်းတာခြင်းကို ပြုလုပ်စစ်ဆေးသင့်ပါတယ်။
အရိုးသိပ်သည်းဆကိုဘယ်လိုတိုင်းတာနိုင်သလဲ?
အရိုးသိပ်သည်းဆကို Dual Energy X-ray Absorptiometry (DEXA) scan လို့ခေါ်တဲ့သိပ်သည်းဆ တိုင်းတာတဲ့ စက်နဲ့လွယ်ကူစွာတိုင်းတာနိုင်ပါတယ်။
အရိုးသိပ်သည်းဆပမာဏ Tscore အနုတ် ၁မှ အနုတ် ၂.၅ အတွင်းကို အရိုးပါးခြင်းအဆင့်လို့ခေါပြီး အနုတ်၂.၅ အောက်ကိုတော့ အရိုးပွခြင်းအဆင့်လို့ခေါ်ပါတယ်။
အရိုးပွရောဂါဟာရောဂါလက္ခဏာမပြတတ်တဲ့အတွက် အရိုးသိပ်သည်းဆတိုင်းတာပြီးမိမိအရိုးပါးနေ ပါက အရိုးပွသောအဆင့်မရောက်အောင်ဆရာဝန်နှင့်ပြသ၍ကုသမှုရယူသင့်ပါတယ်။
အရိုးပွအဆင့်ရောက်နေလို့ဆိုပြီး အကြောက်လွန်ဖို့မလိုပါဘူး။အရိုးကျိုးနိုင်မယ့်အပြုအမူတွေကိုရှောင်ရှားပြီးဆရာဝန်နှင့်သေချာစွာပြသပြီးကုသမှုရယူပါလို့တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo crd: monib-health.com