【 ဆောင်းပါး 】 စက်ဘီးစီးယဉ်ကျေးမှုနှင့် စီးပွားရေး

【 ဆောင်းပါး 】 စက်ဘီးစီးယဉ်ကျေးမှုနှင့် စီးပွားရေး

နံနက် နေရောင်ထွက်ပေါ်ချိန်မှစ၍ လှုပ်ရှားသွားလာနေကြနေသော ယာဉ်အမျိုးမျိုးထဲတွင် စက်ဘီးများဖြင့် သွားလာသော လှုပ်ရှားမှုပုံရိပ်များသည် လူ့သဘာဝအလှအပများကြားထဲတွင် ရသအမျိုးမျိုးကို ဆောင်ကြဉ်းပေးလျက်ရှိနေဆဲဖြစ်သည်။
 
လမ်းအသွယ်သွယ်တွင် မတူညီရာ ခရီးများသို့ စက်ဘီးများစီး၍ သွားလာနေကြသည့် အရွယ်စုံကို နေ့စဉ်မြင်တွေ့ ကြရမည်ဖြစ်သည်။
 
သာမာန်မိသားစုတစ်စုအတွက် စက်ဘီးတစ်စီးသည် လွန်စွာအသုံးဝင်သည်။နိစ္စဒူဝ လှုပ်ရှားသွားလာနေကြသော လူမှုဝန်းကျင်ထဲတွင် စက်ဘီး၏ အခန်းကဏ္ဍက အရေးပါလျက်ရှိနေပါသေးသည်။
 
အထူးသဖြင့် မန္တလေးမြို့တွင်  ကလေး၊ လူငယ်၊ လူကြီးမရွေး စက်ဘီးကိုမှီခိုပြီး စီးနင်းသွားလာနေကြသော ပုံရိပ်များသည် အခြားသောဒေသများထက် ထင်ပေါ်ကျော်ကြားသည်။တေးသီချင်း၊ကဗျာများထဲတွင် ပေါ်လွင်နေသော ရွှေမန်းသူတို့ အလှထဲတွင် စက်ဘီးကလည်း တစ်စိတ်တစ်ဒေသ ပါဝင်နေသည်။
 
မန္တလေးမြို့သည် တစ်ချိန်က စက်ဘီးမြို့တော်အဖြစ် ထင်ရှားခဲ့သော မြို့ဖြစ်သည်။ကိုလိုနီခေတ်ကတည်းက မန္တလေးမြို့တွင် စက်ဘီးများ စီးနင်းခဲ့ကြသည်။စက်ဘီးစီးသည့် ယဉ်ကျေးမှုသည် မန္တလေးမြို့၏ အထင်ကရတစ်ခုလို ဖြစ်ခဲ့သည်။
 
အချိန်နှင့်အမျှ လှုပ်ရှားရုန်ကန်လာကြရသည့်အတွက် ဆိုင်ကယ်၊ာသုံးဘီး၊ မော်တော်ကား စသဖြင့် ပိုမိုလျင်မြန်စွာ ခရီးရောက်နိုင်သည့် ယာဉ်အမျိုးမျိုးကို အသုံးပြုမှု များပြားလာသည်။ထိုအခါ မန္တလေးမြို့၌ စက်ဘီးစီးနင်းမှု လျော့ကျသွားသည်။သို့သော် လုံးလုံးလျားလျား လျော့ကျခြင်းမျိုးမဟုတ်ဘဲ သူ့နေရာနှင့်သူ အသုံးဝင်နေဆဲဖြစ်ပါသည်။
 
စက်ဘီးကို အဓိကအားကိုးရသော ခေတ်ကာလကဆိုလျှင် စက်ဘီးများကိုယ်စီဖြင့် လုပ်ငန်းခွင်သို့ သွားကြသူများရှိသလို ကျောင်း၊တက္ကသိုလ်ရိပ်မြုံတို့တွင် စက်ဘီးများကိုယ်စီဖြင့် ကျောင်းတက်ကြသူများစွာရှိသည်။ဒါသည်ပင် လောကသဘာဝထဲက အလှတရားတစ်ခုလိုပင် ဖြစ်ခဲ့သည်။
 
မြန်မာနိုင်ငံတွင် စက်ဘီးအသုံးပြုမှု ယနေ့ခေတ်ကာလအထိတိုင် များပြားလျက်ရှိပါသည်။လိုရာခရီးကို စက်ဘီးဖြင့်သွားခြင်းသည် မော်တော်ကား၊ သုံးဘီး၊ ဆိုင်ကယ်တို့ အသုံးပြုမှုများလာချိန်မှာ ခေတ္တမှေးမှိန်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ တစ်ဖန်ပြန်လည်၍ အသုံးပြုသူ ပိုများလာပါသည်။
 
ကမ္ဘာတစ်ဝန်းတွင် စက်ဘီးကို ၁၉ ရာစုက စတင်အသုံးပြုခဲ့ကြသည်။သယ်ယူပို့ဆောင်ရေးအတွက် အဓိကအသုံးပြုလာခဲ့ကြရာမှ ခေတ်ကာလအရွေ့များအတိုင်း ပြောင်းလဲလာခဲ့ရာ အားကစားနှင့် အပျော်စီးခြင်းတို့တွင်လည်း အသုံးပြုလာကြသည်။
 
စက်ဘီးကို ကမ္ဘာတစ်ဝန်းတွင် ကာဗွန်လျှော့ချနိုင်သည့် ယာဉ်တစ်မျိုးအဖြစ် အသုံးပြုခြင်းများ ပြန်လည်ခေတ်စားလာသည်။ဖွံ့ဖြိုးပြီးနိုင်ငံများသည် မော်တော်ယာဉ်များမှ ထွက်ရှိသည့် ကာဗွန်များ၏ လေထုညစ်ညမ်းမှုဒဏ်ကို ခံစားကြရပြီးနောက် ကာဗွန်လျှော့ချရေးအစီအစဉ်များ ပြုလုပ်ရာတွင် စက်ဘီးစီးနင်းခြင်းကို တွန်းအားပေး ဆောင်ရွက်လာကြသည်။ထိုအထဲတွင် တရုတ်နိုင်ငံသည် ထိပ်ဆုံးမှပါဝင်ခဲ့သည်။
 
တရုတ်နိုင်ငံ၏ မြို့ကြီးများတွင် လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည်။ထို့နောက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်လာသဖြင့် အစိမ်းရောင်စီးပွားရေး ပြောင်းလဲခြင်းများကို ဖန်တီးခဲ့သည်။
 
၂၀၂၃ ခုနှစ်က အာရှအားကစားပြိုင်ပွဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သော တရုတ်နိုင်ငံရှိ ဟန်ကျိုးမြို့တွင် စက်ဘီးစီးခြင်းယဉ်ကျေးမှု ယနေ့ထိတိုင် ထွန်းကားနေဆဲဖြစ်သည်။
 
တရုတ်နိုင်ငံတွင် စက်ဘီးများ မျှဝေအသုံးပြုသည့်စနစ်က အလွန်ပဲထင်ရှားပါသည်။စက်ဘီးများကို လမ်းဆုံများ၊ လူအသွားအလာများသော ပလက်ဖောင်းများပေါ်တွင် ချပေးထားခြင်းဖြစ်သည်။စက်ဘီးတွင် QR ကုတ်စနစ် ပါရှိသည်။စက်ဘီးစီးမည့်သူက QR ကုတ်ကို စကန်ဖတ်အသုံးပြုပြီး လိုရာခရီးကို စီးနင်းအသုံးပြုနိုင်သည်။လိုရာခရီးရောက်လျှင် ရောက်နေသည့် ပလက်ဖောင်းဘေးတွေ စက်ဘီးသော့ခတ်ပြီး ထားခဲ့လိုက်၍ ရသည်။အွန်လိုင်းငွေပေးချေမှုဖြင့် စီးနင်းသလောက် ကျသင့်ငွေကို Deposit တင်ထားသော ယွမ်ငွေထဲမှ နုတ်ယူထားခြင်းဖြစ်သည်။
 
မြို့တော်ပေကျင်း၏ လမ်းမများတွင် မျှဝေသုံးသည့် စက်ဘီးများစွာရှိပြီး စီနင်းသူများလည်း တော်တော်များများရှိကြသည်။တရုတ်ပြည်ရှိမြို့ကြီးများတွင် မော်တော်ယာဉ်များ အလွန်များသော်လည်း စက်ဘီးစီးနင်းရန်အတွက် လမ်းများပြုလုပ်ထားခြင်းကြောင့်လည်း အန္တရာယ်ကင်းစွာ သွားလာနိုင်ကြသည်။ထိုကဲ့သို့ စက်ဘီးကို လွယ်လင့်တကူဖြင့် စီးချင်စဖွယ်ဖြစ်အောင် ဖန်တီးထားသောပုံစံမျိုးက စိတ်ဝင်စားဖွယ်ကောင်းသော်လည်း မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဆိုလျှင် လိုအပ်ချက်များစွာရှိနေပါသေးသည်။
 
မြန်မာပြည်က ရပ်ရွာဒေသများရှိ နေအိမ်တော်တော်များများ၌ စက်ဘီးအများစုရှိကြပါသည်။ယခုခေတ်တွင် မြို့ပြဒေသထက် ကျေးလက်ဒေသများ၌ စက်ဘီးကို တွင်ကျယ်စွာ အသုံးပြုနေဆဲဖြစ်သည်။သို့သော် သုံးဘီး၊ ဆိုင်ကယ်များလောက်တော့ နေရာမရတော့ပေ။စက်ဘီးနှင့် အပိုပစ္စည်းအရောင်းဆိုင်များနှင့် စက်ဘီးပြင်ဆိုင်များလည်း တွင်ကျယ်လျက်ရှိနေပါသေးသည်။
 
မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုများ အားကောင်းသော်လည်း ရော်ဘာအခြေခံထုတ်ကုန်များဖြစ်သည့် စက်ဘီးနှင့်မော်တော်ဆိုင်ကယ်၊ တာယာများ၊ ကျွတ်များကို ပြည်ပမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၆၅ သန်းခန့် တင်သွင်းနေရကြောင်း သိရသည်။
 
အာဆီယံနိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံသည် စက်ဘီးထုတ်လုပ်တင်ပို့ရောင်းချသည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံများထဲတွင် ပါဝင်နေသည်။ကမ္ဘောဒီးယားထုတ် စက်ဘီးများကို ဥရောပနိုင်ငံများ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် အာဆီယံနိုင်ငံများ၊ တရုတ်နိုင်ငံ အစရှိသည့် နိုင်ငံတော်တော်များများကို တင်ပို့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံတွင် ရှေးယခင်က ခြေနင်းစက်ဘီးများကို အသုံးပြုကြသော်လည်း ယခုနောက်ပိုင်းတွင် ဘထ္ထရီဘီးများကို အသုံးပြုသူ ပိုများလာသည်။အများအားဖြင့် တစ်ပတ်ရစ်စက်ဘီးများသည် ဈေးကွက်ထဲတွင် တွင်ကျယ်လျက်ရှိသည်။အခြေခံလူတန်းစားတို့အတွက် အရည်အသွေးကောင်းပြီး ဈေးသက်သာသော ပြည်ပစက်ဘီးအဟောင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တင်သွင်းခွင့်ပြုထားသည်။ဂျပန်ကျစက်ဘီးများ အရောင်းသွက်သလို ဒီဇိုင်းကာလအမျိုးမျိုးဖြင့် ဈေးနှုန်းသက်သာသော တရုတ်ဘီးများ၏ ဈေးကွက်လည်းရှိသည်။
 
ထိုကဲ့သို့ ပြည်ပမှ Used bicycle များ တင်သွင်းရာတွင် ပြည်တွင်း၌ ပြန်လည်တပ်ဆင်ရောင်းချသည့် ဈေးကွက်များလည်းရှိသည်။မြန်မာနိုင်ငံရှိ တစ်ပတ်ရစ်စက်ဘီးများကို ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံတို့မှ အဓိကတင်သွင်းကြသည်။
 
စက်ဘီးစီးနင်းခြင်းသည် Gym သွားစရာမလိုသည့် အားကစားနည်းတစ်မျိုးအဖြစ်လည်း အသုံးချတတ်လျှင် အကျိုးကျေးဇူးများရှိသည်။စက်ဘီးစီးနင်းခြင်းက ကယ်လိုရီများစွာ လောင်ကျွမ်းစေသဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေသည်။
 
စက်ဘီးစီးခြင်းနှင့်ပတ်သက်၍ သုတေသနတွေ့ရှိချက်များအရ စက်ဘီးစီးလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်လျှင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို သိသာစွာ ကာကွယ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။
 
စက်ဘီးစီးလှုပ်ရှားမှုသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းအပြင် အားကစား လှုပ်ရှားမှုတစ်ခုလည်းဖြစ်သည့်အတွက် ဇွန်လ ၃ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ စက်ဘီးစီးနေ့ (The World Bicycle Day) အဖြစ် တရားဝင် သတ်မှတ်ထားကြသည်။
 
စက်ဘီးဖြင့် ဒေသတစ်ခုမှ တစ်ခုသို့ သွားလာလည်ပတ်ခြင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားလာခြင်း၊ ချစ်ကြည်ရေး နိုင်ငံဖြတ်ကျော် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲများကို ပြည်တွင်း၊ပြည်ပ၌ မကြာခဏ မြင်တွေ့ရမည်ဖြစ်သည်။ဖွံ့ဖြိုးပြီးသားနိုင်ငံများမှာတောင် စက်ဘီးစီးနင်းမှုများကို ပြန်လည်ဆန်းသစ်လာကြသဖြင့် ဖွံ့ဖြိုးမှုနိမ့် ကျသော မြန်မာနိုင်ငံတွင်လည်း စက်ဘီးစီးပွားရေးဈေးကွက်သည် ဆက်လက်တွင်ကျယ်နေဦးမည်ဖြစ်သည်။
 
သို့သော်လည်း မြို့ပြဒေသတွင် စက်ဘီးစီးနင်းရန် သီးသန့်လမ်းမရှိခြင်း၊ ယဉ်ကြောရှုပ်ထွေခြင်း အခြေအနေများရှိ၍ စက်ဘီးစီးယဉ်ကျေးမှုတစ်ခုကို သွားနိုင်ဖို့ဆိုသည်ကတော့ လိုအပ်ချက်များစွာရှိနေပါသေးသည်။
 
အမွန်
Photo Credit - Wikimedia Commons