【 ဆောင်းပါး 】 စွယ်စုံစားလို့ရသည့် ဆီးသီးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်

【 ဆောင်းပါး 】 စွယ်စုံစားလို့ရသည့် ဆီးသီးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်

ဆောင်းရာသီတွင် ဆီးသီးများ လှိုင်လှိုင်ထွက်ပေါ်သည်။အသီးအနှံအမျိုးမျိုးထဲမှာ ဆီးသီးကလည်း ချို၊ ချဉ် အရသာတစ်မျိုးဖြင့် လူကြိုက်များသည့် အစာအာဟာရတစ်မျိုးဖြစ်သည်။

ဆီးပင်ကြီးအောက်တွင် ကြွေကျနေသော ဆီးသီးများကို ကလေးသူငယ်၊ လူငယ်၊ လူရွယ်များ သွားရင်းလာရင်း ပျော်ရွှင်စွာကောက်စားကြသည့် ပုံရိပ်များသည် ရန်ကုန်ကဲ့သို့ အောက်ပြည်အောက်ရွာ ဒေသများတွင်လည်း တစ်ချိန်က ပေါပေါများများ မြင်တွေ့ခဲ့ကြရသည်။

ဆီးသီးကို သရေစာအဖြစ် စားသုံးခြင်းသာမက ဆီးယို၊ ဆီးပြား၊ ဆီးတော်ဖီ၊ ဆီးဖျော်ရည်အဖြစ် တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သလို အလှကုန်များတွင်လည်း ထည့်သွင်းထုတ်လုပ်ကြသည်။ဆီးသီးကို ထက်ခြမ်းခွဲ၍ ငရုတ်သီးမှုန့်ဖြင့်လည်း အချဉ်ပေါင်းပြုလုပ်စားကြသည်။ဆီးသီးခွဲခြမ်းကို ပဲကြော်လုပ်ငန်းတွင် လောင်စာအဖြစ် အသုံးပြုကြသည်။ဆီးသီးသည် ပြည်ပပို့ကုန်အဖြစ်လည်း ဝင်ငွေရသဖြင့် ဆီးပင်စိုက်ပျိုးမှုများလည်း တွင်ကျယ်လာပါသည်။

မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားတွင် ဆီးသီးပေါက်ရောက်ပြီး ဆီးချိုသီး၊ ဆီးချဉ်သီး၊ ဆီးပဲလှော်၊ တောဆီးသီး၊ စလေဆီးသီးတို့အပြင် ထိုင်ဝမ်ဆီးသီး၊ တရုတ်ဆီးသီး ခေါ်ဆိုကြသည့် မျိုးရင်းမတူသည့် ဆီးသီးအမျိုးအမည်များလည်း စိုက်ပျိုးကြသည်။
စစ်ကိုင်းမြို့တွင် တရုတ်ဆီးသီးအများအပြား စိုက်ပျိုးထွက်ရှိပြီး မန္တလေးမြို့ပေါ်က စားသုံးသူများ အထူးကြိုက်နှစ်သက်ကြသလို ဒေသတော်တော်များများတွင်လည်း ရောင်းအားကောင်းကြသည်။ထို့အပြင် ဟုန်းပန်း တရုတ်ဆီးသီးနှင့် ယိုးဒယား တရုတ်ဆီးသီးများကလည်း လူကြိုက်များသည်။

ဆီးပင်သည် ပူအိုက်စိုစွတ်သော ဒေသများတွင် အလေ့ကျပေါက်လေ့ရှိသော အပင်မျိုးဖြစ်သည်။မြန်မာနိုင်ငံတွင် ဆီးပင်များကို ဒေသအနှံ့အပြား၌ တွေ့မြင်နိုင်သော်လည်း အများအားဖြင့် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပို၍ ပေါများစွာ ပေါက်ရောက်သည်။ပူပြင်းသော ရာသီဥတုရှိသည့် ပခုက္ကူဒေသဘက်တွင် ယာမြေများဘေး၌ ဆီးပင်အများအပြား ပေါက်ရောက်သည်။ဆီးပင်များသည် စိုက်ပျိုးရသော အပင်များ မဟုတ်ဘဲ အလေ့ကျပေါက်သော အပင်များဖြစ်သည်။အချို့က ဥယျာဉ်များတွင် ဆီးပင်များကို စိုက်ပျိုးကြသည်။

ဒေသအများအပြားတွင် ဆီးသီးပင်များကို ခြံဖြင့် စနစ်တကျ စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ ယာခင်း၊ ခြံစည်းရိုးစပ်နှင့် ထန်းပင်တန်းကြားများတွင် အလေ့ကျပေါက်သည့် ဆီးပင်များကို ပေါင်းမြက်ရှင်းလင်းပြီး အသီး သီးချိန်ရောက်မှသာ ကောက်ယူရောင်းချခြင်းဖြစ်သည်။

ဆီးပင်အများအပြား ပေါက်ရောက်သော ပခုက္ကူဒေသမှ  ဆီးခွဲစက်လုပ်ငန်းများ၊ ဖျော်ရည်လုပ်ငန်းများ၊ ဆီးယိုလုပ်ငန်းများ၊ ပဲကြော်လုပ်ငန်းများ၊ ကြက်သွန်ကြော်လုပ်ငန်းများ၊ မြေပဲဆားလှော်လုပ်ငန်းများ၊ နှမ်းလှော်လုပ်ငန်းများက ထုတ်ကုန်အမျိုးမျိုးအတွက် ကုန်ကြမ်းအဖြစ် အများအပြား ဝယ်ယူကြသည်။

စစ်ကိုင်းမြို့တွင် တရုတ်ဆီးသီးများအပြင် ဟုန်းပန်း တရုတ်ဆီးသီးနှင့် ယိုးဒယား တရုတ်ဆီးသီးများကိုလည်း စိုက်ပျိုးရောင်းချကြသည်။ယိုးဒယား တရုတ်ဆီးသီးကို မော်လမြိုင်တွင် အများဆုံးရရှိသည်။စလေမြို့မှ ထွက်ရှိသည့် ဆီးချိုသီးခေါ် စလေဆီးသီးကလည်း လူကြိုက်များကြသည်။စလေဆီသီး၏ အစေ့သည် အလွန်သေးငယ်ပြီး ပျော့သဖြင့် လူကြိုက်များခြင်းဖြစ်သည်။

ပူအိုက်လွန်းသော နွေရာသီတွင် ဆီးဖျော်ရည်တစ်ခွက်သည် ရင်ထဲအေးမြမှုကိုပေးသည်။ဆီးသီးသည် ခန္ဓာကိုယ်တွင်း အပူချိန်ကို လျော့ပါးသက်သာစေခြင်း၊ ဆီးရွှင်ခြင်းကို ဖြစ်ပေါ်စေသည်။ကျောက်ကပ်ရောဂါ၊ အရိုးရောဂါ၊ အအေးမိ၊ နှာစေးခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ကာကွယ်ပေးသည်ဟု ဆေးပညာရှင်များက ပြောကြားထားသည်။ဆီးသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သည့်အတွက် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားမှုများကို လျော့ကျစေပြီး အဆစ်အမြစ်များနှင့် အဆုတ်များတွင် ဖြစ်တတ်သည့် ရောင်ရမ်းခြင်းများကို သက်သာစေသည်ဟု သိရသည်။ထို့ကြောင့် ဆီးသီးတွင် လူတို့၏ကျန်းမာရေးကို အကျိုးပြုသည့် ဗီတာမင်နှင့် သတ္ထုဓာတ်များ ပါရှိသည်။

အညာဒေသမှ ထွက်ရှိသော ဆီးသီးသည် လူကြိုက်များသည့်အပြင် ဆီးဆံကလည်း တရုတ်နိုင်ငံမှ အဓိကဝယ်ယူသော ပြည်ပပို့ကုန်တစ်မျိုးဖြစ်သည်။ဆီးဆံကို ဆေးဖော်ရာတွင်လည်ကောင်း၊ အလှကုန်ထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်မြို့နယ်က ထွက်ရှိသော ထိုင်ဝမ်ဆီးသီးများသည် ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်သည်။လက္ကားဈေး ၁၀ ပြည်ပါဝင်သည့် တစ်ပြည်လျှင် အလုံးအကြီးအသေးပေါ် မူတည်၍ ၁၈,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်ဈေးဝန်းကျင်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသော ဆီးသီး အစို၊ အခြောက်များသည် တစ်တင်းလျှင် ကျပ် ၁၀,၀၀၀ ဝန်းကျင်ဈေးဖြင့် အရောင်းအဝယ်ကောင်းနေသည်ဟု ဆီးသီးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းခဲ့သော ဆီးသီးကို ယခုနှစ်တွင်လည်း ဝယ်လိုအားကောင်းရန် တောင်သူများက မျှော်လင့်နေကြသည်။ယခင်နှစ်က ဆီးသီး တစ်ဖာလျှင် တရုတ်ယွမ်ငွေ ၁၀၅ ယွမ်ဝန်းကျင် ဈေးကောင်းရရှိခဲ့ကြောင်း တောင်သူများကပြောသည်။လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်အချို့မှ ဆီးသီးများ ဈေးကွက်အတွင်း ရောင်းချနေပြီဖြစ်သည်။

ဆီးသီးသည် ပြင်တွင်းဈေးကွက်တွင် စားသောက်ကုန်များ ထုတ်လုပ်ရန်အတွက် အသုံးဝင်သကဲ့သို့ တရုတ်၊ ကိုရီးယား အစရှိသော ပြည်ပနိုင်ငံများမှလည်း ဝယ်ယူကြသဖြင့် စိုက်ပျိုးသူတောင်သူများနှင့် ဆီးခွဲစက်လုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်များ ရရှိကြသည်ဟု တောင်သူများထံမှ သိရသည်။

တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံနှင့် မတူညီသော ရာသီဥတုရှိသော်လည်း ဆီးပင်စိုက်ပျိုးထုတ်လုပ်မှု အားကောင်းသည်ဟု သိရသည်။တရုတ်နိုင်ငံတွင် ဂျပန်ဆီးသီး၊ ဥရောပဆီးသီး အစရှိသည့် ဆီးသီးမျိုးစိတ်အမျိုးမျိုး စိုက်ပျိုးကြသည်။
ဆီးသီးများကို တရုတ်အစားအစာ ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုပြီး ထုတ်ကုန်များတွင် အသုံးပြုကြသည်။ဆီးသီးခြောက်သည် တရုတ်နိုင်ငံတွင် လူကြိုက်များသော သရေစာဖြစ်ပြီး တရုတ်တိုင်းရင်းဆေးများတွင်လည်း အသုံးပြုကြသည်။ဆီးသီးထုတ်ကုန်များသည် တရုတ်ဓလေ့ထုံးတမ်း အစားအစာများတွင် ပါဝင်လေ့ရှိသည်။အထူးသဖြင့် ဆီးချဉ်ရည်ကို ဟင်းပွဲများတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။တရုတ်နိုင်ငံသည် ၎င်းတို့ ပြည်တွင်းထုတ်လုပ်သော ဆီးသီးများကို ပြည်ပနိုင်ငံများသို့ တင်ပို့သကဲ့သို့ ပြည်ပနိုင်ငံများမှလည်း တင်သွင်းစားသုံးကြသည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ကာလပြီးနောက် ဆီးသီး၏ ပြည်တွင်း၊ ပြည်ပဈေးကွက် အားကောင်းလာခဲ့သည်။မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့နယ်များတွင် အလေ့ကျပေါက်သော ဆီးပင်များမှ ၂၀၂၃ ခုနှစ် ဆီးသီးပေါ်ချိန်ကာလက ဝင်ငွေများကောင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံ၏ အဖိုးတန်သော လယ်ယာထွက်ကုန်များတွင် ဆီးသီး တန်ဖိုးမြှင့်ထုတ်ကုန်များ ပါဝင်လာသဖြင့် Made in Myanmar ဆီးသီးထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တွင်ကျယ်စွာ ပို့နိုင်ပါက ဒေသတွင်းစီးပွားရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

အမွန်