【 ဆောင်းပါး 】 မြန်မာ့ပို့ကုန်အတွက် အားထားရာ ကံပိုင်တည်စခန်း

【 ဆောင်းပါး 】 မြန်မာ့ပို့ကုန်အတွက် အားထားရာ ကံပိုင်တည်စခန်း

တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုတွေကို နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုကနေ နှစ်စဉ်ကုန်သွယ်မှု ပြုလုပ်လျက်ရှိပါတယ်။အဲဒီကုန်သွယ်ရေးစခန်းတွေကတော့ မြန်မာဘက်အခြမ်းကဆိုရင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုထဲမှာ မူဆယ်နဲ့ ချင်းရွှေဟော်ပြီးရင် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းက တတိယအများဆုံး ကုန်သွယ်မှုပြုလုပ်နေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀ဝ၃ ခုနှစ်၊ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့သော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အခြားသောအခြေအနေအရပ်ရပ်ကြောင့် ၂၀ဝ၆ ခုနှစ်၊ ဇွန်လ တတိယပတ်မှာ ပိတ်သိမ်းခဲ့ရပါသေးတယ်။သို့ရာတွင် ကံပိုင်တည်ကုန်သွယ်ရေးစခန်းကို ၂၀ဝ၉ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့် စခန်းအဖြစ် တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှုတွေကို ဒီနေ့အထိ ပြုလုပ်လျက်ရှိပါတယ်။

အဲဒီ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာ တည်ရှိတာဖြစ်ပြီး မြစ်ကြီးနားမြို့နဲ့ ၈၈ မိုင် အကွာအဝေးမှာ တည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ” မြို့ကို “ကံပိုင်တည်” မြို့အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အမည်ပြောင်းလဲ ပြင်ဆင်ခဲ့တာကြောင့် လက်ရှိမှာ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ပြောင်းလဲတည်ရှိနေတာဖြစ်ပါတယ်။ကံပိုင်တည်ကုန်သွယ်ရေးစခန်းရဲ့ တစ်ဖက်ခြမ်း တရုတ်ဘက်မှာတော့ ဟေးရိထန် နယ်စပ် ဝင်၊ ထွက်ဂိတ်ရှိပြီး ကံပိုင်တည်ကနေ ဟေးရိထန်အထိ ၆ မိုင် ကွာဝေးပြီး ထိန်ချုံးမြို့နဲ့ကတော့ ၇၁ မိုင် ကွာဝေးပါတယ်။

ကံပိုင်တည်စခန်းကနေ မြန်မာ့ပို့ကုန်တွေအဖြစ် တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲသီး၊ရာဘာအပါအဝင် ဒေသထွက်ကုန်တွေကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်အနေနဲ့ကတော့ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးအိမ်သုံးပစ္စည်းများကို အဓိကတင်သွင်းနေခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာလည်း ကံပိုင်တည်စခန်းကတစ်ဆင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ သန်း ၁၆၀၀ ကျော် ရှိခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီဖော်ပြချက်မှာတော့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ကံပိုင်တည်စခန်းရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂၉.၅၅၀ သန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ  ၅၉.၀၁၈ သန်း ၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၉၆.၂၄၄ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၁၀၆.၅၇၁ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၁၁၆.၆၄၅ သန်းနဲ့ ၂၀၁၈ မီနီဘတ်ဂျက်ကာလမှာ ကန်ဒေါ်လာ ၈၄.၂၃၆ သန်း တန်ဖိုး အသီးသီးကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။

စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ နှစ်အလိုက် ကုန်သွယ်မှုတန်ဖိုးဟာလည်း နှစ်အလိုက် တဖြည်းဖြည်းတိုးလာတာ တွေ့ရပါတယ်။

အလားတူ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၂၉၆.၄၄၈ သန်း၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၂၈၀. ၈၈၆ သန်း၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ   ၂၇၀.၄၉၉ သန်း တန်ဖိုး ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ နှစ်စဉ်ကုန်သွယ်မှုအများဆုံးကာလတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီစာရင်းတွေကိုကြည့်ရင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ကံပိုင်တည်စခန်းရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂၉.၅၅၀ သန်းသာ ရှိခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစ၍  ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၂၈၀ ဝန်းကျင်ရှိခဲ့တာ တွေ့ရပါတယ်။

သို့ရာတွင် ၂၀၂၁-၂၂ မီနီဘတ်ဂျက်ကာလမှာတော့ ကံပိုင်တည်စခန်းရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၄၅. ၅၀၆ သန်းသာရှိခဲ့သလို ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာလည်း ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁၂၄.၉၄၁ သန်းသာရှိခဲ့ပါတယ်။

ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုတွေနဲ့အတူ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေပါ ထိခိုက်ခဲ့ရပြီး ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုတန်ဖိုးဟာလည်း ပြန်လည်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ်ရဲ့ ၂၀၂၃ ခုနှစ် ဧပြီလကနေ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်အထိ ၉ လခွဲကျော်ကာလအတွင်းမှာတော့ ကံပိုင်တည်နယ်စပ်စခန်းကနေ အမေရိကန်ဒေါ်လာ  ၁၁၉.၇၉၃ သန်း တန်ဖိုး ကုန်သွယ်မှုပြုလုပ်ထားတာ တွေ့ရပါတယ်။လက်ရှိဘဏ္ဍာနှစ် ၉ လခွဲကျော်ကာလအတွင်းမှာ ကံပိုင်တည်နယ်စပ်စခန်းကနေ ပို့ကုန် ကန်ဒေါ်လာ ၁၀၀.၄၃၂ သန်းနဲ့ သွင်းကုန်ကန်ဒေါ်လာ ၁၉.၃၆၁ သန်း တန်ဖိုး ကုန်သွယ်မှုပြုလုပ်ထားခြင်းဖြစ်ပါတယ်။

ဒါကြောင့် ကံပိုင်တည်စခန်းဟာ ပို့ကုန်အသာစီးရတဲ့ စခန်းတစ်ခုဖြစ်ပြီး အခုလက်ရှိမှာလည်း မြန်မာဘက်က အဓိကပို့ကုန်များဖြစ်သည့် တစ်သျှူးငှက်ပျော၊ ဖရဲ၊ မြေပဲဆန်၊ နှမ်းနက်၊ ရော်ဘာ၊ ငရုတ်၊ ဆန်၊ ကြက်သွန်နီ၊ ရွှေဖရုံသီး စတဲ့ ပို့ကုန်တွေကို တင်ပို့လျက်ရှိပါတယ်။

တရုတ်ဘက်ကနေ အများဆုံးသွင်းကုန်ပစ္စည်းတွေကတော့ Iron Sheet ၊ Iron Pipe ၊Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပါတယ်။

လက်ရှိကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေနေတွေကြောင့် တရုတ်-မြန်မာ နယ်စပ်က အဓိကကုန်သွယ်ရေးစခန်းကြီးတွေဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်တွေကနေ ကုန်စည်စီးဆင်းမှု  ရပ်တန့်နေတဲ့အချိန်မှာ မြန်မာ့လယ်ယာထွက်ကုန်တွေကို ကံပိုင်တည်နယ်စပ်ကနေ အဓိကတင်ပို့ပေးနိုင်နေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း တရုတ်-မြန်မာ နယ်စပ်ရဲ့ တတိယကုန်သွယ်မှုအများဆုံးဖြစ်တဲ့ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ လက်ရှိဘဏ္ဍာနှစ်ကုန်အထိ ကုန်သွယ်မှုတန်ဖိုးက ဆက်လက်မြင့်တက်လာမယ့် အလားအလာတွေရှိနေတာဖြစ်ပါတယ်။

ခန့်မောင်