【 နိုင်ငံတကာဆောင်းပါး 】 အသက်ကြီးသူများ လိုအပ်ချက်နှင့် တရုတ်၏ ငွေရောင်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】 အသက်ကြီးသူများ လိုအပ်ချက်နှင့် တရုတ်၏ ငွေရောင်စီးပွားရေး

တရုတ်တွင် အသက်ကြီးပိုင်း ပြည်သူဦးရေ မြင့်မားလာသည်နှင့်အမျှ နိုင်ငံသည် အသက်ကြီးသူများ၏ လိုအပ်ချက်ကို မူတည်သော စီးပွားရေးဖြစ်သည့် ငွေရောင်စီးပွားရေးဘက်သို့ ခြေလှမ်း လှမ်းလာပြီဖြစ်သည်။

တရုတ်သည် လူဦးရေဆိုင်ရာ စိန်ခေါ်မှုများကို ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝမှုအတွက် အခွင့်အလမ်းအဖြစ် ပြောင်းလဲပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတီထွင်ဆန်းသစ်မှုကို စတင်ဦးဆောင်နေပြီဖြစ်သည်။

တရုတ်၏ လူဦးရေသည် လျင်မြန်စွာ ပြောင်းလဲလျက်ရှိပြီး အသက် ၆၅ နှစ်အထက် အသက်ကြီးပိုင်းလူဦးရေသည် ၁၄.၉ ရာခိုင်နှုန်းကျော် ရှိလာပြီဖြစ်သည်။တစ်ချိန်တည်းတွင် လူဦးရေအသစ် တိုးပွားမှု လျော့ကျလာသောကြောင့် စီးပွားရေးဆိုင်ရာများတွင် တီထွင်ဆန်းသစ်မှုရှိသော ဖြေရှင်းချက်များ လိုအပ်လာခြင်းဖြစ်သည်။

ဗဟိုအာဏာပိုင်များသည် အသက်ကြီးလာသော လူဦးရေပြဿနာကို ဖြေရှင်းရန်အတွက် အမျိုးသားမူဝါဒတစ်ခုကို အဆိုပြုခဲ့ပြီး လုပ်သားများ၏ ထုတ်လုပ်နိုင်စွမ်းရည်ကို တိုးမြှင့်ရေးအတွက် အဓိကအာရုံစိုက်လာကြသည်။လုပ်သားအင်အား၏ အရည်အသွေးကို မြှင့်တင်ခြင်းသည် အရေးပါပြီး ထို့အတွက် ပညာရေးပြန်လည်ပြုပြင်ရေး လိုအပ်ချက်ကိုလည် သတိပြုမိကာ တီထွင်ဆန်းသစ်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းများအတွက် ဦးစားပေးလာသည်။ထို့အပြင် မြို့ပြနှင့် ကျေးလက်ကြားတွင် ပညာရေးအရင်းအမြစ်များ တန်းတူရရှိရေးအတွက်လည်း အဝေးသင်ပညာရေးစနစ်များကို အကောင်အထည်ဖော်လျက် ပညာရေးတွင် အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။လုပ်သားဈေးကွက်အတွက် အသက်မွေးဝမ်းကျောင်း ပညာရေးကိုလည်း ဦးစားပေးလျက်ရှိသည်။

တရုတ်သည် အသက်ကြီးမြင့်လာသော လူဦးရေများကို ဝန်ထုပ်ဝန်ပိုးအဖြစ် မရှုမြင်ဘဲ အခွင့်အရေးတစ်ခုအဖြစ် ယူဆကာ အသက်ကြီးပိုင်းများကို စောင့်ရှောက်ခြင်း ဝန်ဆောင်မှုစနစ်ဆိုင်ရာ အစီအစဉ်ကို ရေးဆွဲခဲ့သည်။ထိုအစီအစဉ်အရ အသက်ကြီးပိုင်းများအား စောင့်ရှောက်ခြင်းကို ယဉ်ကျေးမှုဖျော်ဖြေရေးနယ်ပယ်များ၊ စီးပွားရေးနှင့် တက္ကသိုလ်များကဲ့သို့ ကဏ္ဍအသီးသီးဖြင့် ချိတ်ဆက်လိုက်ပြီး စီးပွားရေးတိုးတက်မှု လမ်းကြောင်းအသစ်အဖြစ် ဖန်တီးမည်ဖြစ်သည်။

တရုတ်သည် တစ်ဦးတစ်ယောက်ချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အစီအစဉ်များကို စိတ်ကြိုက်ရွေးချယ်နိုင်သော ပြုပြင်ပြောင်းလဲလွယ်သော ပင်စင်အာမခံစနစ် လိုအပ်ချက်ကို နားလည်သဘောပေါက်သည်။အသက်ကြီးသူများ၏ လိုအပ်ချက်အမျိုးမျိုးကို ကိုက်ညီဖြည့်တင်းနိုင်ရေးအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် အရေးပါသည်။ရွေးချယ်ရနိုင်သော ပေးချေမှုစနစ်များ၊ ငွေစုစနစ်များနှင့် ငွေစီမံခန့်ခွဲမှုများသည် ပင်စင်စားများအတွက် အကျိုးရှိသည်သာမက စီးပွားရေးတည်ငြိမ်မှုကိုပါ အထောက်အကူပြုနိုင်သည်။

အသက်ကြီးပိုင်းများသည် ပင်စင်ယူပြီးနောက် အပန်းဖြေခြင်း ပိုများလာပါက ခရီးသွားကဏ္ဍလည်း တိုးတက်လာမည်ဖြစ်ပြီး အသက်ကြီးသူများ၏ ဘဝအပေါ် ပျော်ရွှင်မှုလည်း မြင့်တက်လာမည်ဖြစ်သည်။

တရုတ်အစိုးရသည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး လုပ်သားထုတ်လုပ်မှုစွမ်းရည်နှင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အားဖြည့်စေလျက်ရှိသည်။အလုပ်သမားများသည် အမျိုးသား၊ အမျိုးသမီး ခွဲခြားခံရခြင်းမရှိစေဘဲ သာတူညီမျှကာ အားလုံးပါဝင်သော လုပ်သားဈေးကွက် ဖြစ်ပေါ်လာရေးအတွက်လည်း အလေးပေးဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့သော အစီအစဉ်များအတွက် တရုတ်အစိုးရသည် မက်လုံးများပေးခြင်းနှင့် ဈေးကွက်လေ့လာခန့်ခွဲရေးတို့ဖြင့် ပြုလုပ်လျက်ရှိသည်။သက်ကြီးရွယ်အိုများအတွက် ဘဏ္ဍာရေးထုတ်ကုန်များအပေါ်တွင် အခွန်အခလျှော့ချခြင်းဖြင့် ပင်စင်အာမခံ စီးပွားရေးနယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်လာစေသည်။

လူဦးရေက အသက်အရွယ်ကြီးမြင့်လာခြင်းနှင့် လူဦးရေတိုးပွားမှု နည်းပါးနေခြင်းသည် အဟန့်အတားများမဟုတ်ဘဲ တိုးတက်ခြင်းအတွက် အရှိန်အဟုန်များ ဖြစ်လာသည်။သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းဆိုင်ရာ နယ်ပယ်ကို အခြားသောနယ်ပယ်များဖြင့် ပေါင်းစပ်လိုက်ပြီး သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်ကို ဖြည့်တင်းပေးခြင်းသည် သူတို့၏ ကောင်းမွန်မှုအတွက် အထောက်အကူဖြစ်သည်သာမက စီးပွားရေးတိုးတက်မှုအတွက် လမ်းကြောင်းသစ်လည်း ဖြစ်လာသည်။အထူးသဖြင့် ကျန်းမာရေးနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ပေါင်းစည်းလိုက်ခြင်းက ပို၍အရေးပါသည်။သက်ကြီးရွယ်အိုများကြားတွင် ရောဂါကာကွယ်ရေးနှင့် နာတာရှည်ရောဂါ ကုသခြင်းများကို အာရုံစိုက်ခြင်းဖြင့် ကျန်းမာရေးကဏ္ဍ၏ အလုံးစုံအခြေအနေကို တိုးတက်လာစေပြီး စီးပွားရေးတိုးတက်မှုနှင့် အသက်ကြီးပိုင်းများ၏ ဘဝကောင်းမွန်မှုကို မြှင့်တင်ပေးနိုင်သည်။

အသက်ကြီးပိုင်းလူဦးရေနှင့်ပတ်သက်ပြီး တရုတ်၏ ချည်းကပ်မှုသည် မှတ်သားဖွယ် အမြင်တစ်ခုနှင့် နည်းလမ်းတစ်ခုကို ပေးဆောင်လျက်ရှိသည်။သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်ကို မူတည်သော စီးပွားရေးကို အကောင်အထည်ဖော်ပြီး ပညာရေးတွင် ရင်းနှီးမြှုပ်နှံကာ ပင်စင်စနစ်များကို မြှင့်တင်ခြင်းဖြင့် တရုတ်သည် လူဦးရေပြဿနာကို ကောင်းစွာကိုင်တွယ် ဖြေရှင်းနေရုံသာမက စီးပွားရေးတိုးတက်မှုအတွက် လမ်းကြောင်းအသစ်ပင် ဖွင့်လှစ်နိုင်ခဲ့သည်။

သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်ကို မူတည်သော စီးပွားရေးသည် ဗဟိုအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် တရုတ်သည် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော အနာဂတ်ဖန်တီးရာတွင် ဦးဆောင်မည့်ကဏ္ဍသို့ ခြေလှမ်း လှမ်းနေပြီဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | China's silver economy: A path to sustainable growth