【အလှအပနှင့်ကျန်းမာရေး】ရေကျောက်ရောဂါ

【အလှအပနှင့်ကျန်းမာရေး】ရေကျောက်ရောဂါ

ရေကျောက်ရောဂါဆိုတာကတော့ varicella zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီး ကလေးတွေမှာ အဖြစ်များပါတယ်။ရေကျောက်ရောဂါဟာ‌ ရောဂါကူးစက်ခံရပြီး ၁ပတ် မှ ၃ပတ် အတွင်း ရောဂါလက္ခဏာခံစားရနိုင်ပါတယ်။

ရေကျောက်ရောဂါဖြစ်ရင် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့

၁- ကိုယ်အပူချိန်တက်ခြင်း

၂- ခန္ဓာကိုယ်တွင် အရည်ကြည်ဖုများထွက်ခြင်း

၃- အရေပြားယားယံခြင်း

၄- ခေါင်းကိုက်ခြင်း

၅- ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ရေကျောက်ရောဂါကဘယ်လိုကူးစက်နိုင်ပါသလဲ?

  • ရေကျောက်ရောဂါပိုးရှိသူ နှင့်ထိတွေ့မိခြင်း
  • ရေကျောက်ရောဂါပိုးရှိသူထံမှထွက်သော တံတွေး၊အမှုန်အမွှား စတာတွေကတစ်ဆင့် အသက်ရှူလမ်းကြောင်းကနေကူးစက်နိုင်ပါတယ်။

ရေကျောက်ရောဂါကြောင့်ခံစားရနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • အဆုတ်ရောင်နမိုးနီးယားဖြစ်ခြင်း
  • ဦးနှောက်အမြှေးပါးရောင်ခြင်း
  • အရေပြားတွင်ဘက်တီးရီးယားပိုးဝင်ရောက်ခြင်း
  • ခန္ဓာကိုယ်တွင်းသွေးဆိပ်တက်ခြင်း
  • ရေဓါတ်ခမ်းခြောက်ခြင်း စတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ဘယ်လိုသူတွေမှာ ရေကျောက်ရောဂါ‌ကြောင့် နောက်ဆက်တွဲဆိုးကျိုးခံစားရနိုင်ချေများပါသလဲ?

  • ရေကျောက် ကာကွယ်ဆေးမထိုးထားသူများ
  • အသက်၁နှစ်‌အောက်ကလေးများ
  • ကိုယ်ခံအားနည်းသူများ

(HIV/AIDS ရောဂါရှိသူများ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ခံအားကျစေသောဆေးဝါးများသုံးစွဲနေရသူများ)

  • ကိုယ်ဝန်ဆောင်မိခင်များ
  • နာတာရှည်ရောဂါရှိသူများစတဲ့သူတွေမှာ ရောဂါပြင်းထန်နိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ရေကျောက်ကူးစက်ခံရပြီဆိုရင်တော့

  • တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။
  • ရေဓါတ်မခမ်းခြောက်အောင်နေထိုင်ပါ။
  • အရေပြားယားယံခြင်းကို မကုတ်မိအောင်သတိထားပါ။

(Calamine lotion, anti-histamine ဆေးများ အသုံးပြုနိုင်ပါတယ်)

  • ကိုယ်အပူချိန်တက်ပါက ပါရာစီတမော ၊အဖျားကျဆေး အသုံးပြုနိုင်ပါတယ်။

ရေကျောက်ရောဂါကိုဘယ်လိုကာကွယ်နိုင်ပါသလဲ?

  • ရေကျောက်ရောဂါရဲ့ ပြင်းထန်တဲ့ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ရေကျောက်ရောဂါကာကွယ်ဆေးထိုးပါ။
  • ရေကျောက်ရောဂါ ကာကွယ်ဆေးကို အသက် ၁၃နှစ်အောက် ကလေးများတွင်
  • ပထမအကြိမ် ကာကွယ်ဆေးကို အသက် ၁၂လ-၁၅လ တွင် တစ်ကြိမ်
  • ဒုတိယအကြိမ် ကာကွယ်ဆေးကို အသက် ၄နှစ်- ၆နှစ် အတွင်း တစ်ကြိမ် ထိုးနိုင်ပါတယ်။
  • အသက် ၁၃နှစ်အထက်ဆိုရင်တော့ အနည်းဆုံး ၂၈ ရက် (၄ပတ်)ခြားပြီး ဆေး၂ကြိမ်ထိုးနိုင်ပါတယ်။
  • ရေကျောက်ရောဂါရှိသူနဲ့ထိတွေ့မိပြီး ကာကွယ်ဆေးမထိုးထားသူများ၊နောက်ဆက်တွဲဆိုးကျိုး ခံစားရနိုင်ချေများတဲ့ အုပ်စုတွင်ပါဝင်သူများအနေနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး အရေးပေါ် ရေကျောက်ရောဂါကာကွယ်ဆေး (Varicella Zoster Immunoglobulin) ထိုးနိုင်ပါတယ်။

Dr.Phyu

Photo credit -freepik