【အလှအပနှင့်ကျန်းမာရေး】ဝက်သက်ရောဂါ

【အလှအပနှင့်ကျန်းမာရေး】ဝက်သက်ရောဂါ

ဝက်သက်ရောဂါဆိုတာကတော့ ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ကလေးတွေမှာအဖြစ်များပါတယ်။

ဝက်သက်ရောဂါကဘယ်လိုကူးစက်ပါသလဲ?

ဝက်သက်ရောဂါဟာ ကူးစက်လွယ်တဲ့ရောဂါအမျိုးအစားဖြစ်ပြီး အသက်ရှူလမ်းကြောင်း ကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။

ဝက်သက်ရောဂါရှိသူနဲ့တွေ့မိပြီး ၈-၁၂ ရက်အကြာမှာ ဝက်သက်ရောဂါရဲ့လက္ခဏာတွေပြနိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့

  • ကိုယ်အပူချိန်တက်ခြင်း
  • ခန္ဓာကိုယ်အနှံ့တွင်အနီကွက်များထွက်ခြင်း
  • ချောင်းဆိုးခြင်း
  • နှာရည်ယိုခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • ပါးစောင်အတွင်းတွင် အဖြူရောင်အစက်များထွက်ခြင်းစတဲ့ ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

ဝက်သက်ရောဂါဟာ အချို့သောသူများမှာ ပြင်းထန်နိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

အထူးသဖြင့်

  • အသက် ၅နှစ်အောက်ကလေးငယ်များ
  • ကိုယ်ဝန်ဆောင်မိခင်များ
  • ကိုယ်ခံအားနည်းသူများ
  • အသက်ကြီးသူများ စတဲ့သူတွေမှာ ပြင်းထန်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ဝက်သက်ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • ဝမ်းပျက်ဝမ်းလျှောခြင်း
  • အော့အန်ခြင်း
  • နားအတွင်းပိုးဝင်ခြင်း
  • အဆုတ်ရောင်နမိုးနီးယားဖြစ်ခြင်း
  • ဦးနှောက်အမြှေးပါးရောင်ခြင်း
  • ကိုယ်ဝန်ဆောင်မိခင်များတွင် လမစေ့ဘဲမွေးဖွားခြင်း၊ပေါင်မပြည့်သောကလေးမွေးဖွားခြင်း၊ သန္ဓေသားသေဆုံးခြင်းစတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ဝက်သက်ရောဂါကာကွယ်ဆေးကို ဘယ်အသက်အရွယ်မှာထိုးသင့်ပါသလဲ?

ဝက်သက်ရောဂါကာကွယ်ဆေးကို

  • ကလေးအသက် ၁၂လ-၁၅လ အတွင်း ပထမအကြိမ်
  • ကလေးအသက် ၄နှစ်-၅နှစ်အတွင်း ဒုတိယအကြိမ် ထိုးနှံသင့်ပါတယ်။
  • ဝက်သက်ရောဂါခံစားရပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံသွားရောက်ပြသပြီး ကုသမှုခံယူပါ။
  • ဝက်သက်ရောဂါဖြစ်နေသူကနေတစ်ဆင့် အခြားသူဆီကူးစက်မှုကို လျှော့ချဖို့အတွက် သီးခြားနေထိုင်ပါ။

Dr.Phyu

Photo credit -freepik