【 အလှအပနှင့်ကျန်းမာရေး 】ခရုသင်းရောဂါ (Vitiligo)

【 အလှအပနှင့်ကျန်းမာရေး 】ခရုသင်းရောဂါ (Vitiligo)

ခရုသင်းရောဂါ (သို့) သမင်ဖြူရောဂါလို့ခေါ်ကြတဲ့ Vitiligo ရောဂါဟာ ခန္ဓာကိုယ်အရေပြားမှာ ရောင်ခြယ်တွေ မရှိတော့ဘဲ အဖြူကွက်တွေဖြစ်လာတဲ့ ရောဂါကိုခေါ်တာဖြစ်ပါတယ်။

ဘာကြောင့် ခရုသင်းရောဂါဖြစ်ရတာလဲ?

  • ခရုသင်းရောဂါဟာ ကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်အချင်းချင်း တိုက်ခိုက်ခြင်းကြောင့်ဖြစ်တဲ့ (Autoimmune) ရောဂါတစ်မျိုးဖြစ်ပါတယ်။
  • အရေပြားမှာရှိတဲ့ ‌‌ရောင်ခြယ်ထုတ်‌ပေးတဲ့melanin ဆဲလ်တွေအလုပ်မလုပ်တာ၊ melanin ဆဲလ်များဆုံးရှုံးခြင်းကြောင့် ခရုသင်းရောဂါဖြစ်ရတာဖြစ်ပါတယ်။

ဘယ်သူတွေမှာရောဂါဖြစ်နိုင်ချေပိုများသလဲ?

  • မိသားစုမျိုးရိုးထဲမှာ ခရုသင်းရောဂါရှိသူများ
  • ဓါတုပစ္စည်းများကိုင်တွယ်ခြင်း၊နေရောင်ခြည်ထိတွေ့မှုများခြင်း၊ အရေပြားတွင်ထိခိုက်ဒဏ်ရာရခြင်း စတဲ့အခြေအနေတွေမှာ ခရုသင်းရောဂါဖြစ်နိုင်ချေများပါတယ်။

ခရုသင်းရောဂါရဲ့လက္ခဏာတွေကတော့

  • ခန္ဓာကိုယ် အရေပြားပေါ်တွင် အဖြူကွက်များထွက်ခြင်း
  • မျက်နှာ၊လက်၊ခြေထောက် စသဖြင့် ခန္ဓာကိုယ်နေရာအနှံ့တွင်အဖြူကွက်များထွက်ခြင်း
  • အချို့သောသူတွေမှာ ပါးစပ်အတွင်း၊ ဆံပင် ၊နှာ‌ခေါင်း၊မျက်လုံးအမြင်လွှာ စတဲ့နေရာတွေ ပါဝင်နိုင် ပါတယ်။
  • အသားရောင်ရင့်သူတွေမှာပိုသိသာနိုင်ပါတယ်။

ခရုသင်းရောဂါကကူးစက်နိုင်ပါသလား?

  • ခရုသင်းရောဂါဟာကူးစက်ရောဂါမဟုတ်ပါဘူး။
  • ဒါပေမယ့် ခရုသင်းရောဂါဟာအရေပြားမှာအဖြူကွက်များဖြစ်ခြင်းကြောင့် စိတ်အနှောက် အယှက် ပေးခြင်း၊ စိတ်ဖိစီးမှုဖြစ်စေခြင်း၊ စိတ်ဓါတ်ကျခြင်းစတဲ့ အခြေအနေများ ဖြစ်စေနိုင်ပါတယ်။

ခရုသင်းရောဂါကိုဘယ်လိုကုသမလဲ?

  • ကိုယ်ခံအားစနစ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တာကြောင့် ကိုယ်ခံအားချပေးသော စတီးရွိုက်ဆေးများအသုံးပြုခြင်း
  • အလင်းအသုံးပြု၍ကုသသော Phototherapy ဖြင့်ကုသခြင်း
  • ခွဲစိတ်ကုသခြင်းစတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။

ခရုသင်းရောဂါကပျောက်ကင်းနိုင်ပါသလား?

  • ခရုသင်းရောဂါဟာ လူတစ်ဦးနဲ့တစ်ဦးရောဂါတုန့်ပြန်မှုမတူညီကြပါဘူး။
  • အချို့သောသူတွေမှာ နဂိုပုံမှန်အသားရောင်ပြန်ပြောင်းသွားသူများရှိသလို၊ အချို့သူတွေမှာတော့ အ ကွက်တွေဆက်မဖြစ်တော့ဘဲ အနေအထားတစ်ခုမှာရပ်တန့်နေတာမျိုးရှိပါတယ်။
  • အချို့သောသူတွေမှာတော့ ခန္ဓာကိုယ်အနှံ့ အဖြူကွက်များပိုထွက်လာတတ်ပါတယ်။

ခရုသင်းရောဂါရှိသူတွေအနေနဲ့ဘယ်အချက်တွေလိုက်နာသင့်သလဲ?

  • နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကိုရှောင်ကြဉ်ပါ။
  • နေရောင်ထဲသွားရမည်ဆိုပါက အနည်းဆုံးSPF 30 ပါသော နေရောင်ကာ လိမ်း ဆေးများကိုအသုံးပြုပါ။

ခရုသင်းရောဂါခံစားရပြီဆိုလျှင်စိတ်ဓါတ်ကျဖို့မလိုဘဲ တတ်ကျွမ်းနားလည်တဲ့ အရေပြားဆရာဝန်ထံ သွားရောက်ပြသစစ်ဆေးပြီး ကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo credit -freepik