【 အလှအပနှင့်ကျန်းမာရေး 】ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်း(Deep Vein Thrombosis)

【 အလှအပနှင့်ကျန်းမာရေး 】ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်း(Deep Vein Thrombosis)

DVT လို့အတိုကောက်ခေါ်ကြတဲ့ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်းဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

ခြေထောက်‌သွေးပြန်ကြောသွေးခဲပိတ်ခြင်းဟာ ခြေသလုံးမှာအဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်း‌ကြောင့်ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကတော့ -

  • ခြေသလုံး၊‌ ပေါင်များနာခြင်း
  • ခြေထောက်ရောင်ခြင်း
  • ခြေသလုံးအရေပြားနီခြင်း၊အရောင်ရင့်လာခြင်း
  • ခြေသလုံးသွေးခဲပိတ်သောနေရာတွင် ပူ‌နွေးမှုခံစားရခြင်း
  • ခြေ‌သလုံးတွင်အနာဖြစ်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်းကြောင့်ဘယ်လိုဆိုးကျိုးတွေခံစားရနိုင်ပါသလဲ?

ခြေထောက်သွေးပြန်ကြောသွေးခဲခြင်းဟာ စောလျင်စွာသိရှိဖို့လိုပြီးအချိန်မီကုသမှုမခံယူပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

-ခြေထောက်သွေးပြန်ကြောမှသွေးခဲ ပြုတ်ထွက်ပြီးနောက် အဆုတ်သွေးကြော‌တွင်ပိတ်ခြင်းကြောင့်

  • မောခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ရင်တုန်ခြင်း
  • သတိလစ်ခြင်း
  • ချောင်းဆိုးသွေးပါခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ဘယ်လိုသူတွေမှာ သွေးခဲပိတ်နိုင်ချေပိုများသလဲ?

၁- အသက်အရွယ်ကြီးသူများ

၂- သွေးခဲလွယ်သောရောဂါရှိသူများ

၃- အချိန်ကြာမြင့်စွာလှုပ်ရှားမှုမရှိသူများ

(ဥပမာ- ကား၊လေယာဉ် စသဖြင့် အချိန်ကြာမြင့်စွာ ခရီးသွားလာရသူများ၊ ခွဲစိတ်ထားသူများ၊ လေဖြတ်ထားသူများ)

၄- အဝလွန်သူများ

၅- မိသားစုမျိုးရိုးထဲတွင် ခြေထောက်သွေးခဲပိတ်ရောဂါရှိသူများ

၆- ဆေးလိပ်သောက်သူများ

၇- ကိုယ်ဝန်ဆောင်မိခင်များ၊ကလေးမီးဖွားပြီးခါစမိခင်များ

၈- ကိုယ်ဝန်တားဆေး၊ဟော်မုန်းဆေးများ သောက်သုံးနေသူများ

၉- ကင်ဆာရောဂါခံစားနေရသူများ

၁၀- ကင်ဆာဆေးသွင်းကုသမှုခံယူနေရသူများ စတဲ့သူတွေမှာ ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်း ဖြစ်နိုင်ချေပိုများပါတယ်။

သွေးခဲပိတ်ခြင်းကိုဘယ်လိုကုသမှုခံယူမလဲ?

ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်းကို

  • သွေးကျဲဆေး
  • သွေးခဲဖျော်ဆေး
  • သွေးပြန်ကြောတွင် သွေးခဲပြုတ်ထွက်ခြင်းကို ကာကွယ်သော filter တပ်ခြင်း
  • Compression stockings (သွေးခဲပိတ်ခြင်းအတွက်အသုံးပြုသော ခြေအိတ်)ဝတ်ဆင်ခြင်း စတဲ့နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။

ခြေထောက်သွေးခဲပိတ်ခြင်းကို ဘယ်လိုကာကွယ်နိုင်ပါသလဲ?

  • ခြေထောက်ကိုမကြာခဏ လှုပ်ရှားမှုပြုလုပ်ပေးပါ။
  • ကြာရှည်စွာလေယာဉ်၊ကား စီးရသော ခရီးစဉ်တစ်လျှောက်တွင် ခြေထောက်ကိုမကြာခဏလှုပ်ရှားပါ၊ ခြေထောက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။ခြေထောက်ကိုချိတ်၍ထိုင်ခြင်းမျိုးကိုရှောင်ကြဉ်ပါ။
  • ခရီးရှည်သွားလာခြင်းမျိုးအတွက် ဒူးအထိရှည်‌သော knee high compression stockings ကို အသုံးပြုနိုင်ပါတယ်။
  • အကြောင်းအမျိုးမျိုး‌ကြောင့် အိပ်ရာထဲတွင်ကြာရှည်စွာလဲ‌ လျောင်းနေရသောလူနာများ(ဥပမာ- လေဖြတ်ထားသောလူနာများ၊ခွဲစိတ်ထားသောလူနာများ)တွင် ခြေထောက်လေ့ကျင့်ခန်းကိုမကြာခဏ ပြုလုပ်ပေးပါ။
  • ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။ အဝမလွန်ပါစေနှင့်။
  • ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။
  • ရေဓါတ်ခမ်းခြောက်မှုမရှိစေရန်ကာကွယ်ပါ

မိမိမှာခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်းရောဂါခံစားနေရတယ်လို့သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသစစ်ဆေးပြီးကုသမှုခံယူပါ။

ခြေထောက်သွေးခဲပိတ်ခြင်းရောဂါခံစားနေရသောလူနာများအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို သေချာစွာ သောက်သုံးပါ။

ဆရာဝန်နှင့်ပြသရန် ချိန်းဆိုထားသောရက်ချိန်းများကို မှန်မှန်ပြသပြီး စစ်ဆေးကုသမှုခံယူပါ။

Dr. Phyu

Photo credit -freepik