【 အလှအပနှင့် ကျန်းမာရေး 】 ရင်ကျပ်ရောဂါရှိတယ် ဆေးတွေသောက်နေတာပဲ မသက်သာတာ ဘာကြောင့်လဲ ?

【 အလှအပနှင့် ကျန်းမာရေး 】 ရင်ကျပ်ရောဂါရှိတယ် ဆေးတွေသောက်နေတာပဲ မသက်သာတာ ဘာကြောင့်လဲ ?

ရင်ကျပ်ရောဂါဟာ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ လေပြွန်ကျဉ်းခြင်းကြောင့်ဖြစ်ပြီး နာတာရှည်အမျိုးအစားဖြစ်တာကြောင့် သေချာစွာ စစ်ဆေးကုသမှုခံယူနေဖို့ လိုပါတယ်။

ရင်ကျပ်ရောဂါကို ဆေးဂေါက်တွေရှူနေတာ မသက်သာဘူး ခံစားရတာ၊ ခဏခဏရင်ကျပ်တာ ပြန်ပြန်ဖြစ်နေတာ ရင်ကျပ်ရောဂါကို မထိန်းနိုင်တာ ဘာကြောင့်လဲ ?

ရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ ရင်ကြပ်ဆေးတွေ သုံးနေရဲ့သားနဲ့ ရောဂါမသက်သာရခြင်းအကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။

           ၁။ ရင်ကျပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ ဆေးဝါးများကို မသုံးစွဲခြင်း

ရင်ကျပ်ရောဂါမှာ အဓိကအသုံးပြုတဲ့ ဆေးဝါးများမှာ အမျိုးအစား ၂ မျိုးရှိပါတယ်။ရင်ကျပ်ချိန်အသုံးပြုရသော ဆေးများနဲ့ နေ့စဉ် ပုံမှန်အသုံးပြုရသောဆေးဆိုပြီး ၂ မျိုး ခွဲခြားနိုင်ပါတယ်။ရင်ကျပ်အတွက် ထိန်းဆေးလို့ခေါ်တဲ့ ဆေးများဟာ ရင်ကျပ်နေချိန် မဟုတ်ပေမယ့်လည်း နေ့စဉ်အသုံးပြုဖို့ လိုအပ်ပါတယ်။ဒါမှသာ ရင်ကျပ်ရောဂါကို ပုံမှန်အတိုင်း ထိန်းထားနိုင်မှာဖြစ်ပါတယ်။

           ၂။ ရင်ကျပ်ရောဂါကို ပုံမှန်စစ်ဆေးမှု မပြုလုပ်ခြင်း

ရင်ကျပ်ရောဂါအတွက် ဆေးအသုံးပြုရာမှာလည်း ရောဂါအခြေအနေပေါ် မူတည်ပြီး ဆေးပမာဏ အတိုးအလျှော့ပြုလုပ်ဖို့ လိုပါတယ်။ဒါကြောင့် ရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ မိမိရဲ့ ရင်ကျပ်ရောဂါအခြေအနေအတွက် ဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးနေဖို့ လိုပါတယ်။

           ၃။ ရင်ကျပ်ဆေးဂေါက်များ ရှူပုံရှူနည်း မမှန်ခြင်း

ဆေးဂေါက်များဟာ သေချာစွာအသုံးပြုတတ်မှသာ ထိထိရောက်ရောက် ကုသနိုင်မှာဖြစ်လို့ ဆေးဂေါက်အသုံးပြုနည်း မှန်၊ မမှန်ကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။

           ၄။ ဆေးလိပ်သောက်ခြင်း

ရင်ကျပ်ရောဂါရှိသူတွေဟာ ဆေးလိပ်သောက်နေပါက ဖြတ်ဖို့လိုပါတယ်။

           ၅။ ရင်ကျပ်စေသော အကြောင်းအရင်းကို မဖယ်ရှားခြင်း

ရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ မိမိနဲ့ ဓာတ်မတည့်တဲ့ အရာဝတ္ထု၊ အနံ့၊ အငွေ့၊အမှုန့် စသဖြင့် ရင်ကျပ်စေတတ်တဲ့ အရာတွေက ထိတွေ့ခြင်း ရှောင်ရှားဖို့ လိုပါတယ်။လုပ်ငန်းခွင်တွင် ရင်ကျပ်ရောဂါ ခံစားနေရသူတွေအနေနဲ့ အလုပ်နေရာအမျိုးအစား ပြောင်းလဲဖို့ လိုအပ်နိုင်ပါတယ်။ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်ချိန်မှာ ရင်ကျပ်တတ်သူတွေအနေနဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း စတာတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။

           ၆။ အအေးမိ၊ တုပ်ကွေးရောဂါများကြောင့် ရင်ကျပ်ခြင်း

-    ရင်ကျပ်ရောဂါရှိသူတွေဟာ အအေးမိ၊ တုပ်ကွေးပိုး ဝင်ရောက်ပါက ရင်ကျပ်ခြင်း ပြန်လည်ဖြစ်နိုင်ပါတယ်။
-    ဒါကြောင့် ရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ ကိုယ်ခံအားကောင်းဖို့ အာဟာရမျှတအောင် စားသုံးပါ။
-     အိပ်ရေးဝဝ အိပ်ပါ။
-    လူထူထပ်တဲ့နေရာများ သွားရောက်ပါက နှာခေါင်းစည်း (mask) ကို အသုံးပြုပါ။
-     လက်ကို ဆပ်ပြာနှင့် ရေဖြင့် သေချာစွာ ဆေးကြောပါ။
-    တုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။

           ၇။ ရင်ကျပ်စေတတ်သော ဆေးဝါးများကို သုံးစွဲနေခြင်း

-    အချို့သောဆေးတွေဟာ ရင်ကျပ်ရောဂါရှိသူတွေမှာ အသုံးပြုလို့မရတာတွေရှိပါတယ်။
-    ဒါကြောင့် ရင်ကျပ်ရောဂါရှိသူတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာမျိုးကို ရှောင်ကြဉ်ဖို့လိုပါတယ်။
-    အခြားအကြောင်းအရင်းတစ်ခုခုကြောင့် ဆေးရုံ၊ ဆေးခန်း သွားရောက်ပြသရပါက၊ မိမိမှာ ရင်ကျပ်ရောဂါရှိကြောင်းကို ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများထံ ကြိုတင်အသိပေးထားဖို့ အရေးကြီးပါတယ်။

           ၈။ ရာသီဥတုအေးလွန်းခြင်း

-    ရင်ကျပ်ရောဂါ ပြင်းထန်ခြင်းဟာ အေးလွန်းတဲ့ ရာသီဥတုမှာ အဓိကအဖြစ်များတာကြောင့် နွေးနွေးထွေးထွေးနေဖို့ လိုအပ်ပါတယ်။
ရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေကို သေချာစွာလိုက်နာမယ်ဆိုရင်တော့ ရင်ကျပ်ရောဂါကို ကောင်းစွာထိန်းထားနိုင်ပြီး ကျန်းကျန်းမာမာ နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။

Dr.Phyu
Photo Credit - freepik