【 ပြည်တွင်း 】ကြက်ဥစျေးမြင့်နေသော်လည်း ဥစားကြက်မွေးမြူသူများအရှုံးပေါ်အကြွေးတင်ကာ ကြက်ခြံများ ပြန်ရောင်းနေ

【 ပြည်တွင်း 】ကြက်ဥစျေးမြင့်နေသော်လည်း ဥစားကြက်မွေးမြူသူများအရှုံးပေါ်အကြွေးတင်ကာ ကြက်ခြံများ ပြန်ရောင်းနေ

ယခုကာလအတွင်းမှာ ကြက်ဥစျေးနှုန်းများမြင့်မားနေပေမယ့် ဥစားကြက်မွေးမြူသူအများစုဟာ အရှုံးပေါ်လို့ ကြက်ခြံတွေကို ရတဲ့စျေးနဲ့ ထိုးရောင်းနေတာတွေ ပိုများလာပြီး တချို့ဆိုရင် အကြွေးပါတင်နေတဲ့အတွက် ကြက်ခြံရောင်းပြီး အကြွေးဆပ်ရတာတွေရှိနေတယ်လို့ ရန်ကုန် အခြေစိုက် ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ ကြက်ဥစျေးက  စျေးအမြင့်ပိုင်းဆိုပေမယ့် ကျွန်တော်တို့ ခြံသမားတွေရတာမှ မဟုတ်တာ၊ သယ်ယူစရိတ်၊ ဘာညာနဲ့ အဆင့်ဆင့်စျေးတင်ပြီး စျေးကွက်ထဲရောက်တော့ အဲ့ဒီစျေးဖြစ်သွားတာ၊ ခြံကောက်စျေးက လက်ရှိ CP တစ်ပိဿာကို ၄၃၀၀၀ ဝန်းကျင်လောက်ပဲရတာ၊ ကြက်စာနဲ့ အထွေထွေစရိတ်တွေက တစ်ရက်နဲ့ တစ်ရက်ကို ထိုးတက်နေတာ၊  အစာ၊ ဆေးဝါး အထွေထွေကုန်ကျစရိတ်အားလုံးပေါ့၊ ကျွန်တော်ဆို ကြက်အကောင်ရေ ၆၀၀၀ ခြံကို ဟိုတစ်ပတ်ကပဲ ရတဲ့စျေးနဲ့ ထိုးရောင်းပြီး အကြွေးတွေဆပ်လိုက်ရတယ်၊ မမြတ်တဲ့အပြင် အရှုံးပါ ပေါ်တယ်”လို့  ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်အတွင်း ဥစားကြက် စီးပွားဖြစ်မွေးမြူသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ခေတ်ကာလ အခြေနေအရ ဥစားကြက်မွေးမြူရေးလုပ်ငန်းဟာ ရပ်တန့်သွားပြီလို့ ဥစားကြက် စီးပွားဖြစ်မွေးမြူသူ တစ်ဦးကလည်း လူမှုကွန်ရက်မှာ ရင်ဖွင့်ရေးသားလာသလို ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖော်ပြထားပါတယ်။ ဒီရက်ပိုင်း ဥစားကြက်အကောင်ရေ ၅၀၀၀ ကနေ ၈၀၀၀ ဝန်းကျင်အထိ မွေးမြူထားတဲ့ ကြက်ခြံတွေကို ရောင်းချလိုက်ရတဲ့အကြောင်း မွေးမြူရေးလုပ်ငန်းရှင်တွေက လူမှုကွန်ရက်မှာ ရေးသား အသိပေးလာကြတာကို ခပ်စိပ်စိပ်တွေ့နေရပါတယ်။

 “ကျွန်တော်က ခြံတော့ ပြုတ်မသွားဘူး၊ အရင်းရလိုက်တယ်၊ ပစ္စည်းဖိုးနဲ့ ခြံဆောက်ခတော့ ရှုံးတယ်၊ သူငယ်ချင်း တစ်ယောက်ကတော့ အကုန်ရူံးသွားတယ်၊ အကြွေးတင်တာ ခုထိပဲ”လို့ ဥစားကြက်မွေးမြူသူတစ်ဦးက ဆိုထား ပါတယ်။

မြန်မာနိုင်ငံမှာ ကြီးပွားချင်ရင်တော့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးကို မလုပ်သင့်ဘူးလို့ ဥစားကြက်မွေးမြူသူတစ်ဦးက အခုလိုပြောပါတယ်။

“ မွေးမြူရေးနဲ့ စိုက်ပျိုးရေးကို မြန်မာနိုင်ငံမှာ မလုပ်သင့်ဘူး၊ ကုန်သည်၊ ပွဲစား၊ ဆေးရောင်းတဲ့သူတွေ၊ အစာရောင်းတဲ့သူတွေပဲ  ကြီးပွားချမ်းသာသွားကြတာ၊ တောင်သူနဲ့ မွေးမြူသူတွေက အကြွေးကမ္ဘာထဲ တဝဲလည်လည်ပဲ၊ ကိုယ်စိုက်ပျိုး၊ မွေးမြူထားတဲ့ဟာကို အရိပ်တကြည့်ကြည့်ပြုစုရ၊ ရှိသမျှ အရင်းပြုရနဲ့ ရောင်းလို့ရတဲ့ အဆင့်လည်းဖြစ်လာရော စျေးနှိမ်ခံရနဲ့ ရတဲ့စျေးနဲ့ ထိုးရောင်းရနဲ့  စိတ်မော၊ လူမော ပင်ပန်းတာနဲ့ အကြွေးတင်တာပဲ အဖတ်တင်တယ်၊ တတ်နိုင်ရင် ကိုယ်တိုင်စျေးထဲ ထိုင်ရောင်းမှပဲရမယ်”လို့ ဆိုပါတယ်။

လက်လီစျေးကွက်ထဲမှာတော့ ကြက်ဥတွေဟာ အရွယ်အစားပေါ်မူတည်ပြီး ၁၈၀ ကျပ်မှ ၂၅၀ ကျပ်အထိ မြင့်တက်နေတာကို ရန်ကုန်မြို့က လက်လီစျေးတွေထဲမှာ တွေ့လာရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၉