【 ပြည်တွင်း 】မြန်မာ့သိုင်းပညာ စိတ်ဝင်စားမှုများ၍ အမျိုးသမီးများအများဆုံးသင်ကြားလာ

【 ပြည်တွင်း 】မြန်မာ့သိုင်းပညာ စိတ်ဝင်စားမှုများ၍ အမျိုးသမီးများအများဆုံးသင်ကြားလာ 

လက်ရှိမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ မြန်မာ့သိုင်းပညာကို အရင်ကထက် စိတ်ဝင်စားမှုများလာသလို အွန်လိုင်းစနစ်နဲ့ သိုင်းသင်ကြားမှုတွေကလည်း တွင်တွင်ကျယ်ကျယ်နဲ့ ပိုများလာတဲ့အနေအထား ဖြစ်တယ်လို့ မြန်မာ့သိုင်းကလပ်နဲ့ သိုင်းပြောင်းပြန်သင်တန်းတွေကနေ သိရပါတယ်။

“ ခေတ်ကာလနဲ့လည်း ဆိုင်မယ်ထင်တယ်၊ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်လို့ ရတာပေါ့။ အခုက အမျိုးသမီးတွေပါ သိုင်းပညာကို ပိုစိတ်ဝင်စားလာကြတယ်၊ မြေပြင်သင်တန်းတက်တာလည်း များလာတယ်၊ အဓိကတော့ ဝါသနာပါလို့ လာကစားကြသလို အရေးကြုံလာရင် ကိုယ့်အသက်အန္တရာယ် ကိုယ်ကာကွယ်နိုင်အောင် လာသင်ကြတာ များတယ်၊ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိမယ်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်မယ်၊ အခုက အွန်လိုင်းကနေ သင်ကြားတာတွေလည်း အရင်ထက်ပိုများလာတယ်၊ ကိုယ့်အိမ်ကနေကိုယ် လေ့ကျင့်လို့ရတာပေါ့၊ အွန်လိုင်းဂရုကနေ ရုပ်သံဖိုင်နဲ့ တစ်ဆင့်ချင်းသင်ပေးတာပေါ့၊ ပြီးရင် သင်တန်းသားက ဒီအကွက်တွေ ကျင့်ပြီးရင် Video ရိုက်ပြီး ပြန်ပို့ပေးရတယ်၊ အဲ့ဒီမှာ သင်တန်းဆရာက ပြန်အကဲဖြတ်ပေးတာ”လို့ ရန်ကုန်အခြေစိုက်သိုင်းပညာ ပို့ချသင်ကြားနေတဲ့ ဆရာတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၁၉ ရပ်ကွက်၊ ပိတောက်ရွှေဝါ ၄ လမ်းမှာ မိုးရာသီသိုင်းပြောင်းပြန် သင်တန်းဖွင့်လှစ်သင်ကြားပေးနေသလို မန္တလေးက အောင်မြေမန္တလာ မြန်မာ့သိုင်းကလပ်မှာဆိုရင်လည်း မြန်မာ့ရိုးရာ သိုင်းပညာကို မြေပြင်လက်တွေ့သင်တန်း တစ်လ သင်တန်းကြေး ကျပ် ၄၀၀၀၀ နဲ့ သင်ကြားပေး နေတဲ့အပြင် အွန်လိုင်းသင်ကြားမှုတွေကိုလည်း တစ်ဦးကို လစဉ်ကြေး ၃၀၀၀၀ ကျပ်နဲ့ သင်ကြားပေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တို့ရိုးရာသိုင်းကလပ်မှာဆိုရင်လည်း သိုင်းပြောင်းပြန် မြေပြင်သင်တန်း တွေအပြင် သိုင်းပြောင်းပြန်ပညာ၊ ဗန်တိုအတိုက် ဓါး ၂/ ၁ လက်အတိုက်နဲ့ တုတ်အတိုက်နည်းစနစ်တွေကို စနေ၊ တနင်္ဂနွေ အထူးသင်တန်းအနေနဲ့ သင်ကြားပေးနေပြီး သင်တန်းကြေးကတော့ သင်တန်းသားတစ်ဦး သင်တန်းချိန် တစ်ချိန်ကို ၅၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အွန်လိုင်းနဲ့ မြေပြင်သင်တန်းတွေအပြင် အမျိုးသမီး သီးသန့် အိမ်ခေါ်သင်ကြား တာတွေလည်း ပိုများလာတယ်လို့ မြန်မာ့သိုင်းဆရာတွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ- U Thein Aye

ရန်ကုန်၊ ဇူလိုင် ၂၄