【ဆောင်းပါး】ယူနန်ပြည်နယ်ရဲ့ ကျက်သရေဆောင် ဥဒေါင်းစိမ်းငှက်

【ဆောင်းပါး】ယူနန်ပြည်နယ်ရဲ့ ကျက်သရေဆောင် ဥဒေါင်းစိမ်းငှက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ယူနန်ပြည်နယ်ဟာ သဘာဝတောတောင်ရေမြေ အလှအပရှုခင်းများကြောင့် ထင်ရှားကျော် ကြားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ယူနန်ပြည်နယ်ဆိုတာကလည်း မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ယူနန်ပြည်နယ် ထင်ရှားကျော်ကြားရတဲ့ နောက်ထပ်အကြောင်းအရင်းကတော့ တောင်ကုန်းတောင်တန်းတွေ ထူထပ်တဲ့အတွက်ကြောင့် သဘာဝတောရိုင်းတိရစ္ဆာန်တွေနဲ့ ရှားပါးမျိုးသုဉ်းလုနီးပါး အဖိုးတန်တောရိုင်း တိရစ္ဆာန်မျိုးစိတ်တွေ နေထိုင်ကျက်စားလျက်ရှိတာကြောင့်ဖြစ်ပါတယ်။

ပြည်နယ်အတွင်း တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေ ကျက်စားလျက်ရှိရာမှာ ကမ္ဘာမှာကျော်ကြားတာကတော့ ယူနန် ဥဒေါင်းစိမ်းငှက်ဖြစ်ပါတယ်။ဥဒေါင်းငှက်တွေ အားလုံးဟာ လှပတင့်တယ်လွန်းတယ်လို့ နာမည်ကျော်ပါတယ်။ဒါပေမဲ့ ယူနန်ဥဒေါင်းစိမ်းငှက်ကတော့ ဥဒေါင်းငှက်တွေရဲ့ ဘုရင်လို့ ဆိုရမှာဖြစ်ပြီး အလွန်လှပတင့်တယ်လှပါတယ်။တရုတ်နိုင်ငံရဲ့ ဒေသမျိုးရင်း ငှက်လည်းဖြစ်ပြီး၊ ယူနန်ပြည်နယ်ရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ နေထိုင်ကျက်စားကြပါတယ်။

တရုတ်လူမျိုးတွေဟာ ဥဒေါင်းငှက်ကို အင်မတန်မှ တန်ဖိုးထားကြပြီး၊ အစဉ်အဆက် ဥဒေါင်းငှက်တွေနဲ့ ပတ်သက်တဲ့ ရိုးရာဓလေ့တွေကို ထိန်း သိမ်းခဲ့ကြပါတယ်။အထူးသဖြင့် ယူနန်ပြည်နယ်မှာနေထိုင်တဲ့ တရုတ် ‘တိုင်’ လူမျိုးတွေဟာ ဥဒေါင်းငှက်ကို အလွန်တန်ဖိုးထားကြပြီး၊ သမိုင်းမှတ်တမ်းတွေအရတော့ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ စောင်များ၊ မျက်နှာသုတ်ပုဝါများ၊ လက်ကိုင်အိတ်များ အစရှိတဲ့ ပစ္စည်းတွေမှာ ဥ‌ဒေါင်းငှက်ရဲ့ ပုံတွေကို ဆေးဆိုးခြင်း၊ ပန်းထိုးခြင်းနဲ့ ပုံနှိပ်ခြင်းတို့ကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ရှေးခေတ် ‘တိုင်’ လူမျိုးတွေမှာလည်း မိမိတို့ရဲ့ သမီးငယ်လေးတွေရဲ့ အမည်ကို ‘ဒေါင်း’လို့ အမည်ပေးတာတွေ ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ မှတ်သားရပါတယ်။အဲဒီလိုအမည်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒဏ္ဍာရီလာပုံပြင်အရ ဥဒေါင်းငှက်မင်းသမီးလေးကဲ့သို့ လှပဖြူစင်စွာ ‌ကြီးပြင်းလာဖို့ဆိုတဲ့ အယူနဲ့ ‘တိုင်’ လူမျိုး မိဘတွေက ‘ဒေါင်း’ လို့ သမီးငယ်လေးတွေကို အမည်ပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ‘တိုင်’ လူမျိုးတွေရဲ့ ရိုးရာအကလို့ဆိုရမယ့် ဒေါင်းအကဟာလည်း ကမ္ဘာမှာကျော်ကြားပါတယ်။ အဲဒီဒေါင်းအကကို ဒဏ္ဍာရီပုံပြင်တွေအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ခန့်က လူမျိုးစုခေါင်းဆောင်က တီထွင်ခဲ့တယ်လို့ဆိုပြီး၊ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာရာကနေ လက်ရှိအချိန်အထိ တည်တံ့လျက်ရှိနေပါတယ်။

စိတ်မကောင်းစရာကတော့ ယူနန်ပြည်နယ်ရဲ့ ကျက်သရေဆောင်၊ တရုတ် ‘တိုင်’ လူမျိုးတွေရဲ့ နှလုံးသည်းပွတ်လို့ဆိုရမယ့် ယူနန်ဥဒေါင်းစိမ်းငှက်ဟာ လက်ရှိအချိန်မှာ မျိုးသုဉ်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါပဲ။ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN) က ယူနန် ဥဒေါင်းစိမ်းငှက်ကို မျိုးသုဉ်းအန္တရာယ်ရှိတဲ့ သတ္တဝါမျိုးစိတ်အဖြစ် သတ်မှတ်ထားပါတယ်။သစ်တောပြုန်းတီးမှု၊ လူသားတွေရဲ့ အမဲလိုက်ခြင်းနဲ့ တရားမဝင် သားရိုင်းတိရစ္ဆာန်ကုန်သွယ်မှုတွေဟာ ယူနန်ဥဒေါင်းစိမ်းငှက်တွေအတွက် ကြီးမားတဲ့အန္တရာယ်တွေဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ နိုင်ငံတော် ပထမအဆင့် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးစာရင်းမှာ ယူနန်ဥဒေါင်းစိမ်းငှက်ကို ထည့်သွင်းထားပြီး၊ စနစ်တကျ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ ငှက်မျိုးစိတ်ပေါင်း မြောက်များစွာရှိတဲ့အနက် အလွန်လှပတဲ့ ဥဒေါင်းငှက်ကို ငှက်ဘုရင်လို့ ခေါ် ဆိုကြပါတယ်။တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာတော့ ဥဒေါင်းငှက်တွေရဲ့ ဘုရင်လို့ဆိုရမယ့် ဥဒေါင်းစိမ်းငှက် ကျက်စား လျက်ရှိပြီး၊ အလွန်လှပတင့်တယ် ကျက်သရေရှိလှတဲ့ အာရှဂုဏ်ဆောင် ယူနန်ဥဒေါင်းစိမ်းငှက်ကို မပျောက်ကွယ်သွားအောင် ထိန်းသိမ်းဖို့ကတော့ လူသားတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။

မိုးသီဟန်