【ဆောင်းပါး】အိမ်နီးချင်းတရုတ်နိုင်ငံမှာ ကဏန်းလုပ်ငန်းဘယ်လို ရပ်တည်နေလဲ

【ဆောင်းပါး】အိမ်နီးချင်းတရုတ်နိုင်ငံမှာ ကဏန်းလုပ်ငန်းဘယ်လို ရပ်တည်နေလဲ

မြန်မာနှင့်နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသော အိမ်နီးချင်းတရုတ်နိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများတွင် ကဏန်းထုတ်လုပ်တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကဏန်းမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများမှ ပမာဏအများအပြားကို ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့နေသည်လည်းဖြစ်သည်။ ယင်းအခြေအနေသည် မြန်မာမှတရုတ်နိုင်ငံသို့ ကဏန်းတင်သွင်းမှုများရှိနေသောကြောင့် အထူးအဆန်းဖြစ်ကာ မေးခွန်းတချို့ရှိနေမည်လည်းဖြစ်သည်။ အဓိကအားဖြင့် “ တရုတ်နိုင်ငံတွင် ကဏန်းမွေးမြူ ထုတ်လုပ်ခြင်းဖြင့် ပေါကြွယ်၀မှုရှိလျှင် အဘယ့်ကြောင့်မြန်မာမှ တင်သွင်းမှုရှိနေတာလဲ” ဟု တွေးမိကြမည်ဖြစ်ပါသည်။

မှန်ပါသည်။ တရုတ်နိုင်ငံတွင် ကဏန်းများ ပြည်ပသို့တင်ပို့နိုင်သည်အထိ ပေါများသည်ဟုဆိုရာတွင် မြန်မာမှ တရုတ်နိုင်ငံသို့ ကဏန်းတင်သွင်းသော အချက်ကြောင့် အနည်းငယ်ရှုပ်ထွေးသွားစေနိုင်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ကဏန်းများတင်သွင်းသည်တွင် အကြောင်းအရာများစွာရှိနေသည်လည်းဖြစ်ပါသည်။ အဓိကအားဖြင့် မြန်မာနှင့်တရုတ်နိုင်ငံတို့သည်  နီးစပ်သောပထဝီအနေအထားရှိသောကြောင့် တရုတ်နိုင်ငံသည် မြန်မာမှကဏန်းဝယ်ယူရေးတွင် သယ်ယူစရိတ် သက်သာသောအားသာချက်ရှိနေပြီး စျေးကွက်ကိုချဲ့ထွင်ရန် တွက်ခြေကိုက်သည့် အခြေ အနေရှိနေသည်။ ဒုတိယအချက်တွင်မူ ကဏန်းမျိုးစိတ်များသည် မတူကွဲပြားမှုများရှိနေကာ မြန်မာ့ကဏန်းမျိုးစိတ်၏ တမူကွဲပြားမှုသည် တရုတ်နိုင်ငံအတွင်း စားသုံးသူများအတွက် ရွေးချယ် စရာ တိုးပွားစေသည်လည်းဖြစ်သည်။ ထို့ကြောင့် နှစ်နိုင်ငံလုပ်ငန်းရှင်များကြားတွင် ရေရှည်တည်တံ့သော အရောင်းအဝယ်အဖြစ်ရှိနေသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ဤသည်မှာ နှစ်နိုင်ငံကြားက ကဏန်းကုန်သွယ်ရေးဆက်သွယ်မှုဖြစ်ပြီး အခြားတစ်ဖက်တွင် အိမ်နီးချင်း တရုတ်နိုင်ငံသည် ပြည်တွင်းမွေးမြူရေးလုပ်ငန်းများအနက် ကဏန်းမွေးမြူထုတ်လုပ်ရေးတွင်လည်း ဆန်းသစ်သောနည်းပညာများဖြင့် ထုတ်လုပ်ရောင်းချနေသည်လည်း ဖြစ်ပါသည်။ အချက်အလက်တချို့အရ တရုတ်နိုင်ငံသည် ၁၉၈၀ ခုနှစ်အစောပိုင်းမှာပင် ကဏန်းမွေးမြူရေးကို စီးပွားဖြစ်စတင် လုပ်ခဲ့ကိုင်ခဲ့ကြောင်း ဖေါ်ပြကြသည်။ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် ပထမဆုံး အောင်မြင်သော စီးပွားဖြစ် ကဏန်းမွေးမြူရေး လုပ်ငန်းကို တည်ထောင်နိုင်ခဲ့ကြောင်းသိရသည်။ ယင်းတွင် တရုတ်နိုင်ငံမှ ကဏန်းမျိုးစိတ်ဖြစ်သည့် (Eriocheir sinensis) ကဏန်းမျိုးစိတ်ကို စီးပွားဖြစ်ပထမဆုံး မွေးမြူခဲ့ကြောင်း ဖေါ်ပြမှုများတွင် တွေ့ရသည်။

ဟိုင်နန်တွင် ကနဦးကဏန်းမွေးမြူခြင်းလုပ်ငန်း၏ အောင်မြင်မှုသည် တရုတ်နိုင်ငံ၏ အခြားဒေသများတွင်လည်း  စီးပွားဖြစ်ကဏန်းမွေးမြူရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။ တရုတ်နိုင်ငံတွင် ကဏန်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် နိုင်ငံ၏ ကဏန်းလုပ်ငန်းကို အဓိကအားဖြင့် ကမ်းရိုးတန်းပြည်နယ်များတွင် အဓိကထား လုပ်ကိုင်ခဲ့ကြသည်လည်းဖြစ်သည်။ ထိုမှတစ်ဆင့် ယနေ့ခေတ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မွေးမြူရေးကဏန်းအများဆုံးထုတ်လုပ်သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ကာ ကဏန်းမွေးမြူခြင်းသည် နိုင်ငံ၏နေရာအတော်များများတွင် အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်လာသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အချက်အလက်များအရ ကပ်ရောဂါမတိုင်မီ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ကဏန်းတန်ချိန် ၂၁၂,၀၀၀ ကို တင်ပို့ခဲ့ကြောင်း ဖေါ်ပြထားသည်။ ၂၀၁၉ ခုနှစ်တွင်မူ ကဏန်းတန်ချိန် ၂၀၀,၀၀၀ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ခန့်ရှိနေကြောင်း ဖေါ်ပြခဲ့သည်။ ယင်းသည် ယခင်နှစ် (၂၀၁၈) ထက် အနည်းငယ်ကျဆင်းခဲ့ကာ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင်လည်း ကပ်ရောဂါသည် ကမ္ဘာ့ပင်လယ်စာကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိခဲ့ရာ အိမ်နီးချင်းတို့အတွက်လည်း လုပ်ငန်းထိခိုက်မှုများရှိနေခဲ့သည်။

တရုတ်နိုင်ငံသည်လည်း လူကြိုက်များသော ကဏန်းမျိုးစိတ်များရှိနေခြင်းကြောင့် ကမ္ဘာ့ကဏန်းထုတ်လုပ်မှုတွင် တင်ပို့မှုများသောနိုင်ငံအဖြစ် ရပ်တည်နေနိုင်သည်လည်းဖြစ်သည်။ ယင်းကိုထဲထဲဝင်ဝင်လေ့လာလျှင်မူ တရုတ်နိုင်ငံ၏ ကဏန်းမွေးမြူရေးနည်းပညာသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးတက်လာခဲ့သည်မှာလည်း အတုယူစရာအဖြစ်ရှိနေသည်။ နိုင်ငံအတွင်း မွေးမြူသူများစွာသည် ကုန်ထုတ်စွမ်းအားနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ဆန်းသစ်တီထွင်မှုများစွာကို ပြုလုပ်ခဲ့ကြကြောင်း တွေ့ရှိရမည်လည်းဖြစ်သည်။

မကြာသေးမီက ထုတ်လွှင့်ခဲ့သော CRI Myanmar ၏ မြန်မာစာတမ်းထိုးရုပ်သံတစ်ခုတွင် တရုတ်နိုင်ငံ သုတေသနအဖွဲ့မှ ဖန်တီးခဲ့သည့် ကဏန်းများရှင်သန်ရန် လိုအပ်သည့်ပင်လယ်ရေနှင့် အစား အစာများ ပံ့ပိုးပေးနိုင်သည့် အလိုအလျောက် အစာကျွေးသည့်စနစ်ကို အသုံးပြုထားသော  အထူးမွေးမြူရေး နည်းပညာတစ်ရပ်ကို တွေ့ မြင်ရသည်လည်းဖြစ်သည်။ ယင်းနည်းပညာသည် အလုပ် သမားစရိတ်များ နည်းပါးစေပြီး အပြာရောင် ပလပ်စတစ်ဗူးများတွင် ရွှံ့ကဏန်းမျိုးစိတ် Scylla ကဏန်းတစ်ကောင်စီထည့်သွင်းထားကာ ယင်းနည်းလမ်းဖြင့် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် နင်ဟိုင်ခရိုင် ကဏန်းမွေးမြူရေးလုပ်ငန်းတွင် ကဏန်းများ၏ရှင်သန်မှုအနေဖြင့် ၁၀ မှ ၇၀ ကိုဖြစ်လာစေကြောင်း ဖေါ်ပြထားသည်လည်းဖြစ်သည်။

တရုတ်နိုင်ငံမှ ကဏန်းလုပ်ငန်းတွင် အခြားလေ့လာသင့်သည့်အကြောင်းအရာအဖြစ် ရှိနေသည်က သယ်ယူပို့ ဆောင်ရေးဆိုင်ရာနည်းလမ်းများပင်ဖြစ်သည်။ သိကြသည့်အတိုင်း အကောင်အရှင်သယ်ယူရသော ကဏန်းသယ်ယူမှုသည် ကဏန်းလုပ်ငန်းအတွက် စိန်ခေါ်မှုလည်းဖြစ်နေသည်။ သို့ရာတွင် နင်ဟိုင်ရှိ ရေထွက်လုပ်ငန်းဆိုင်ရာ သမဝါယမ ဌာနရဲ့တာဝန်ခံ ချန်ကမ်းမန်သည်  အစားအစာထည့်နိုင်သော ပလပ်စတစ်ဖြင့်ပြု လုပ်ထား သည့် အကြည်ရောင်ဘူးများဖြင့် ကဏန်းပို့ဆောင်ပေးမှုကို ပြုလုပ်နိုင်ခဲ့ပြီး ယင်းသည် ကဏန်းကို မြင်တွေ့နိုင် သည့် အပြင် အွန်လိုင်းရောင်းချမှုတွင်လည်း ထုတ်ပိုးမှုဆိုင်ရာပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း မိတ်ဆက်ပြောကြားခဲ့သေးသည်။ သည်နေရာတွင် တရုတ်နိုင်ငံအနေဖြင့် မွေးမြူရေးလုပ်ငန်းမှသည် စီးပွားဖြစ်တွေးခေါ်မှုများတွင် သယ်ယူပို့ဆောင်ရေး ဆိုင်ရာနည်းလမ်းများအတွက် တွေးတောတီထွင်မှုတချို့ကိုလည်း ထင်ဟပ်နေသည်ဖြစ်ပါသည်။

မိုးသား