【ဆောင်းပါး 】နှစ်သစ်…ကူးတော့မည်လား

【ဆောင်းပါး 】နှစ်သစ်…ကူးတော့မည်လား

မကြာမီ ခရစ်သက္ကရာဇ် တစ်နှစ်မှ တစ်နှစ်သို့ ကူးပြောင်းတော့မည် ဖြစ်သည်။ ဒီဇင်ဘာလရောက်လျှင် အနောက်နိုင်ငံများတွင် လအစတစ်ရက်ကတည်းက Sweet December ဆိုပြီး ကြိုဆိုကာ တစ်လလုံး ဒီဇင်ဘာ ၂၅ ရက် ယေရှုမွေးနေ့အတွက် ပြင်ဆင်ကြ ၊နောက် နှစ်သစ်ကူးပါ ကြိုပြီး ပြင်ကြဆင်ကြနှင့်။ ဒီလိုအချိန် ရောက်ပြီ ဆို ညဘက်နှစ်တစ်ခုကနေ တစ်ခုကိုကူးသည့် ည ၁၂ နာရီထိ စောင့်ကာ ဟက်ပီးနယူးရီးယားဆိုပြီး ကမ္ဘာ့တစ်ဝန်း မိနစ်ရေတွက်ကာ ပျော်ကြသည်။
နှစ်ကူးခြင်းတွင် မြန်မာအလိုအရ တန်ခူးလတွင် ရေပက်ဖြန်းကစားကာ နှစ်ကူးတာလည်းရှိသည်။ မြန်မာ လိုဘဲ တခြားသောလူမျိုးများလည်း နှစ်သစ်ကူးကို ခမ်းခမ်းနားနား ကျင်းပကြသည်။ ဒါက ယနေ့ခေတ်တွင် စီးပွား ရေးအရပါ ဆက်နွယ်နေပြီ ဖြစ်ရာ လူမျိုးတိုင်း တိုင်းပြည်တိုင်း၏နှစ်သစ်ကူးဓလေ့ကို လက်ခံခြင်း မလက်ခံခြင်း ဆိုသည့် ဝိဝါဒ ကွဲလွဲကြခြင်းမျိုးပင် ယနေ့ခတ်တွင် မရှိတော့ပေ။
နှစ်သစ်ကူးခြင်းကို နားလည်သလို အဓိပ္ပါယ်ဖွင့်ရလျှင် နှစ်ဟောင်းကနေ နှစ်သစ်သို့ ကူးခြင်းဖြစ်ပြီး နှစ် ဟောင်းမှ မကောင်းသည့် အလေ့အကျင်များကိုထားခဲ့ကာ နှစ်သစ်သို့ ကောင်းသည့် စိတ်ဓာတ်၊အမူအကျင့်ဖြင့် အစပျိုးကူးပြောင်းခြင်းဖြစ်သည်။
တကယ်ကော ဒီလိုဖြစ်အောင်ကျင့်ကြ၊ကြံကြသလားဆိုတာ တွေးစရာဖြစ်သည်။ တခြားသွား မေးစရာ မလို ကိုယ်ဘာသာကိုယ် ဖြတ်သန်းခဲ့သည့်နှစ်တွေကို ပြန်စဉ်းစားကြည့်ရုံနှင့် သိနိုင်သောအရာတွေ ဖြစ်သည်။
နှစ်သစ်ကူးသည့်အခါတိုင်း ငယ်စဉ်ကတော့ စဉ်းစားမိတာတွေ လုပ်ချင်တာတွေ ရည်မှန်းထားတာတွေကို စာတစ်တန်၊ပေတစ် တန်ဖြင့် သီးခြားရေးမှတ်လေ့ရှိသည်။ သို့သော် နှစ်အစ ဇန်နဝါရီလပထမအပတ်လောက်သာ လုပ်ဖြစ်သည် ။နောက်တော့ ဒုံရင်းက ဒုံရင်းသာ။ ယခုပြန်စဉ်းစားကြည့်တော့ အဲလိုသာ ငါတကယ် လုပ်ဖြစ်ခဲ့မယ် လုပ်နိုင်ခဲ့မယ်ဆိုရင် အခု ငါတော်တော်ခရီးရောက်လောက်ပြီ စိတ်အေးရတဲ့နေရာတစ်ခုခုမှာရောက်နေပြီဟု တွေး မိသည်။တကယ်တော့ နှစ်ရည် မှန်းချက်များသည် စဉ်းစားကြည့်က မဖြစ်နိုင်မလုပ်နိုင်သည်များကို ချရေးခြင်း ဖြစ် နေသည်။ ယခုအသက်အရွယ် တစ်ခုရလာသည့်အခါပြန်တွေးကြည့်တော့ ရည်မှန်းချက်ပန်းတိုင်ဆိုသည်မှာ ကိုယ် ကွေ့ရှောင်ပြီး မလုပ်မည့်အရာ တွေကိုစာရွက်ပေါ်ချရေးထားသည့်သဘောပါလားဟု သဘောပေါက်လာသည်။
နှစ်တစ်ခုမှ နှစ်သစ်တစ်ခုသို့ ကူးသည့်အခါ စိတ်ကောင်းရှိသည် စိတ်ကောင်းထားချင်သည့်သူတွေအများ ကြီးရှိသည်ဟု ကျနော်ထင်သည်။ ကျနော်သက်တမ်းအရ ဇန်နဝါရီ ၁ ရက်နံနက်စောစော လှူကြတန်းကြတာ၊ ဘုရားတက်ကြတာ၊ နိုင်သလောက် ကူကြတာတွေကို ခဏခဏတွေ့ဖူးသည်။ သို့သော် ဒါတွေက တညလုံးနယူးရီး ယား သောက်ကြစားကြဖြင့် မူးရှုးကာ နေ့လယ်မှ နိုးလာကြသည့်လူတွေနှင့်နိူင်းယှသ်ကြည့်လျှင် နည်းလှသည်။ တကယ်က လူနေမှုအဆင့်နှင့်လည်း ဆိုင်သည်။ ပျော်စရာရှားသည့် အောက်ခြေလူတန်းစားများတွင် နယူးရီးယား ကို ရပ်ကွက်ပွဲသဖွယ် လမ်းပျော်ပွဲရွှင်ပွဲလို ကျင်းပကြသည်။ လူလတ်တန်းစားက စားသောက်ဆိုင်များတွင်၊ အထက်တန်းလွှာဆိုသူတွေကြတော့ ဟိုတယ်တွေမှာ ကမ်းခြေတွေမှာ နိုင်ငံရပ်ခြားမှာ တစ်ခမ်းတစ်နား။
ကိုဗစ်မဖြစ်မီ တစ်နှစ်လောက်တုန်းက နိုင်ငံတကာသတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရတာရှိသည်။ တစ်နှစ် တစ်နှစ် နယူးရီးယားညမှာ သုံးသည့် ငွေကြေးပမာဏမှာ ဒေါ်လာ ဘီလီယံ ရာနှင့်ချီကာ ရှိသည်ဆိုပြီး ခန့်မှန်း တွက်ပြထားသည်။ တချို့ကတော့ ဒီသတင်းကို ဖတ်ကာ ဒီလိုတွက်ပြလို့ ဘာထူးလဲ နေရာတကာ ဒီလိုမျိုးလို က်စဉ်းစားနေလို့ မရဘူးဟုဆိုသည်။ နှစ်ဘက်စလုံး၏ ဆိုလိုရင်းကို ကျနော်လက်ခံသည်။ သို့သော် မရှိဆင်းရဲသော နိုင်ငံတွင် နေရသည် ကျနော်တို့အဖို့ အသုံးနှင့်အဖြုန်းကို နားလည်လျှင် ပိုမကောင်းကြဘူးလားဆိုသည် အတွေး နှင့် လိုနေသည့်နေရာတွေကိုသာပေးလိုက်လျှင်ဆိုသည့်အတွေးကတော့ ဖြစ်သည်။
မကြာသေးမီက အဖြစ်တစ်ခုဆို စိတ်ထဲကြည်နူးစရာ။ မင်္ဂလာဆောင်မည့် လူငယ်မောင်နှံနှစ်ဦး မင်္ဂလာ ပွဲကို မင်္ဂလာပွဲကို အကျဉ်းရုံးကျင်းပကာ သူတို့နေသည့် ရပ်ကွက်မှ ပြိုကျမတတ်ဖြစ်နေသည့် အဖိုးအဖွား မိသား စု၏ နေအိမ်လေးကို နေလိုရအောင် မင်္ဂလာဦးအလှူအဖြစ် ပြင်ပေးလိုက်သည့် သတင်းဖြစ်သည်။ ထိုအကြောင်း ကို လူမှုကွန်ရက်ဖြစ်သည့် facebookတွင်တင်ထားရာ သဘောကျလက်ခံသူတွေအများသား။သို့သော် ထိုသို့များ သဖြင့် လူတွေလိုက်လုပ်ကြမည်ဟု ထင်သလား။ မလုပ်ကြ။ အများစုက တစ်သက်မှာ တစ်ခါလုပ်သည့်မင်္ဂလာပွဲ မို့ ခမ်းခမ်းနားနားလုပ်မည်ဆိုသည့်အတွေးက တော်တော်များများမှာရှိနေကြသည်။ ဒီတော့ စိတ်ထားကောင်း အ တွေးကောင်းဖြင့် လုပ်သည့် ဒီလိုမျိုးက တစ်နှစ်မှာ တစ်ခါတောင် တွေ့ဖို့မလွယ်။
ကြားဖူးသည့်နောက်အဖြစ်တစ်ခုကို ပြန်ပြောပြချင်သည်။ရပ်ကွက်တစ်ခု၏ လမ်းမကြီးမှာ ချိုင့်ဖြစ်နေ သည်မှာ ကြာပြီ။ ရေအိုင်ဖြစ်နေသဖြင့် လူကြီးတစ်ယောက်မှာ လမ်းကိုပြင်ခြင်သည်။သူတစ်ယောက်တည်း လည်း မပြင်နိုင်။ သည်တော့ တန်ဆောင်တိုင်ညတွင် ပျော်ကြပါးကြမည်ဆိုပြီး လမ်းမှာ ပိုက်ဆံကောက်သည်။ ထိုငွေဖြင့် လမ်းခင်းရန် သဲတွေ ကျောက်တွေ ဝယ်လိုက်သည်။ညဘက်ရောက်တော့ လမ်းထဲက လူငယ်တွေက ဒီလို မလိမ့် တစ်ပတ လုပ်ရပါ့မလားဆိုပြီး တုတ်ဆွဲဓားဆွဲဖြစ်ကြသဖြင့် ရပ်ကွက်က တတ်နိုင်သူတွေ၀ိုင်းစိုက်ရှင်းလိုက်ရ သည်။ လမ်းပြင်တော့ ပြင်ဖြစ်သွားသည်။သို့သော် ဆန္ဒမရှိစေတနာမရှိသည့် လူတွေ၏ငွေဖြင်ပြင်ခြင်းဆိုတော့ ကုသိုလ်ဖြစ်လားမဖြစ်လားတော့ မသိ။ ဒါကိုကြည့်လျှင် လူတွေက ပျော်ဖို့သာငွေထွက်သည်။ ဒီလိုကိုယ်အတွက် မပါသည့်အလုပ်တွေမှာ ထည့်ဝင်ဖို့ စိတ်မဝင်စားတာကို မြင်တွေ့ရမည်ဖြစ်သည်။
နှစ်သစ်ကူးတာနဲ့ ဆက်စပ်ပြီး တွေးမိတာတွေကို ပြောမိနေခြင်းဖြစ်သည်။ အစောကပြောသလိုတော့ လူတိုင်းတော့မဟုတ်။ များသောအားဖြင့် နှစ်သစ်၏ပထမဆုံးရက်တွင် ကောင်းသောစကား၊ကောင်းသော အ လုပ်၊ကောင်းသော အကျင့်အကြံအနေအထိုင်ဖြင့် နှစ်တစ်ခုကို ‘စ’လိုက်ချင်ကြသည့်လူတွေချည်းဖြစ်သည်။ ထို သည်ကိုကြည့်လျှင့် လူတိုင်းရင်ထဲ ကောင်းသည့်စိတ်က အနည်းနှင့် အများသာကွာသည်ကို သတိပြုမိမည် ဖြစ် သည်။ ထိုစိတ်ကို တစ်နှစ်တာလုံးဆက်ထိန်းရန်သာ မလွယ်သဖြင့် ဆိုးသောလုပ်ရပ်တွေ ဆိုးသော ပြုမှုပြော ဆို မှုတွေ ဖြစ်လာရသည်။ ထို့အတွက် တစ်နှစ်တွင် ကောင်းသောရက်က တစ်နှစ်သာရှိသည်ဟု ပြောရမလို ဖြစ် နေခြင်းဖြစ်သည်။
ကောင်းသော အပြုအမှုကို စောင့်ထိန်းရန်သာခက်မည်၊ မကောင်းသည့်အကျင့်အကြံက သင်စရာမလို စောင့်ထိန်းစရာမလိုဘဲ လုပ်တတ်ကြသည်။ ဒါကြောင့်လည်း လူပေါင်းသန်းထောင်ချီသည့်အထဲ ကောင်းသော အသက်မွေးမှုဖြင့် လောကကို အကျိုးပြုခဲ့သည့် ထူးချွန်သည့်လူတွေ ပြောစမှတ်ပြုလောက်လူတွေ လက်ချိုး ရေ လို့ရအောင် ရှားပါးခြင်းပင်ဖြစ်သည်။ ဒီအတွက် စဉ်းစားကြည့်ပါက နှစ်သစ်တွင် အစပျိုးမှုကောင်းကောင်းဖြင့် ကိုယ်လဲ ဒီလိုထူးချွန်သည့်လူထဲ ပါနိုင်သည်ကို ဘာကြောင့် မလုပ်ကြတာလဲဟု ကိုယ်ဘာသာမေးရမလိုဖြစ်သည်။
တကယ်တော့ စိတ်ကောင်းကောင်းထားခြင်းနှင့်အတူ မကောင်းသည့်အလုပ်၊မတရားသည့်အလုပ်ကို လက်ခံလုပ်ကိုင်ခြင်းမပြုခြင်းက အဓိကကျမည်ထင်သည်။ နောက်တစ်ခုမှာ စောင့်ထိန်းခြင်းဖြစ်မည်။ မဟုတ် သည် ကို မလုပ်ခြင်းနှင့် သူတပါးအပေါ် မကောင်းတာကို မကြံခြင်းဖြစ်မည်။ ထို့အတွက် အခြေခံက အပြုသဘော စိတ်ဖြစ်သည်။
နှစ်သစ်မှာ ကောင်းသောစိတ်မွေးကာ တစ်ဦးနှင့် တစ်ဦး ၊တစ်ဦးဆန္ဒကို တစ်ဦးက နားလည်ပေးမည် ဆိုလျှင် ဖြစ်နေသမျှ အမြန်ပြေလျော့နိုင်ပေလိမ့်မည် ဖြစ်ပေလိမ့်မည်ဟု ထင်မိသည်။
ဖြိုးဝေလှ
Photo Crd: Hug2Love