【ဆောင်းပါး 】 အခွင့်ရေးသမားဆိုတာ

【ဆောင်းပါး 】 အခွင့်ရေးသမားဆိုတာ

လူတချို့သည် သစ္စာမရှိဘဲ ရေသာခို အချောင်လိုက်တတ်သည်။သူအခွင့်အရေးရမည်ဆိုလျှင် ဘယ်သူ့မျက်နှာမှ မကြည့်တတ်။သူ့လုပ်ရပ်အပေါ် ရှက်ရကောင်းမှန်းလည်းမသိ ဂုဏ်သိက္ခာကျမှာကိုလည်း မကြောက်ဘဲ အခွင့်အရေးရရင်ရသလို သူ့အကျိုးစီးပွားဖြစ်ထွန်းဖို့ တစ်ခုတည်းကိုသာ အာရုံထားတတ်သည်။

သူမဟုတ်မမှန်တာ ပြောထား၊ လုပ်ထားသော်လည်း တစ်ယောက်ယောက်က သိသွားလျှင် သူ့ကိုယ်သူဝန်မခံဘဲ အခြားသူတစ်ယောက် နာမည်ပျက်အောင် အပြစ်လွှဲချတတ်သည်။တစ်ယောက်ယောက်က ကောင်းတာမှန်တာလုပ်ထားလျှင်လည်း သူက မဆီမဆိုင် သူကိုယ်တိုင်လုပ်ထားသလိုလိုနှင့် နာမည်ကောင်းဝင်ယူတတ်သည်။သူများလုပ်ပြီးသား အလုပ်တစ်ခုမှာ နာမည်ကောင်းဝင်ယူတတ်သည်။သူပင်ပန်းဖို့ဆို ခေါင်းရှောင်ကောင်းသလောက် သူ့အတွက် အခွင့်ကောင်းရပြီဆိုတာနှင့် သူ့ဂုဏ်သူဖော်ပြီး နာမည်ကောင်းဝင်ယူလိုက်ရမှ ကျေနပ်သည်။မသိလျှင် သူပဲအပင်ပန်းဆုံးဆိုသည့် ပုံစံအချိုးမျိုး ချိုးတတ်သည်။

သူတို့လိုလူမျိုးသည် တခြားသူ၏ စိတ်ခံစားချက်တွေကို သိမ်ငယ်အောင် လုပ်တတ်ကြသည်။စကားပြောလျှင်လည်း တစ်ဖက်သားကို စောင်းမြောင်းပြောဆိုကာ တစ်ဖက်သား၏ အားနည်းချက်ကို ချိုးနှိမ်ပြီးမှ ပြောတတ်ကြသည်။သူတို့ကြောင့် တစ်ဖက်သား ဘယ်လိုခံစားသွားမလဲဆိုတာကိုမသိတာ မဟုတ်ဘဲ တမင်ကိုနာကျင်အောင် ပြောဆိုလုပ်ကိုင်လိုက်ရမှ ကျေနပ်တတ်ကြသည်။သူတို့က ပေါင်းသင်းဆက်ဆံရေးမှာလည်း အလွန်တော်ပါသည်။သူတို့လိုချင်တာရှိပြီဆိုလျှင် တစ်ဖက်လူကို မြှောက်ပင့်ပြီး တောက်တဲ့ တွယ်ကပ်သလို ဆက်ဆံပေါင်းသင်းတတ်သည်။မလိုတော့သည့်အခါမှာလည်း ရန်သူတစ်ယောက်လို ရက်ရက်စက်စက်လုပ်ဖို့ ဝန်မလေးသူတွေပါ။ သူတို့ထက်သာရင် အတင်းလိုက်ကပ် အားနည်းချက်ရှာပြီး အတင်းကြိတ်ပြိုင် အခွင့်အရေးရတာနှင့် တစ်ဖက်လူ၏ အရည်အချင်းတွေ ဂုဏ်သိက္ခာတွေကို နင်းချေပြီး နေရာယူတော့တာပါပဲ။သူတို့က စကားပြောရင်လည်း မဟုတ်ကဟုတ်က မုသားစကားတွေ အလွန်ပြောတတ်သည်။ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် သူတို့အပြစ်လွတ်ပြီး သူများအပြစ်ကြီးအောင် ပြောတတ်သည်။သူတို့ကို လူတွေယုံအောင် သနားအောင် သူတို့ဂုဏ် သူတို့ဖော်သည့်စကားမျိုး အမြဲပြောသည်။
 
ဘုရားရှင်ဟောကြားခဲ့သော ငါးရာ့ငါးဆယ်ဝတ္ထုများမှ သောမနဿဇာတ်တွင် အခွင့်အရေးရရင်ရသလို ကိုယ်ကျိုးအတွက် အမြတ်ထုတ်တတ်သော ရသေ့တစ်ပါးရှိခဲ့သည်။

ကုရုတိုင်း ဥတ္တရပဉ္စာလမြို့တွင် ရေဏုမင်း စိုးစံသည်။မဟာရက္ခိတရသေ့ကြီးသည် နောက်ပါတပည့် ရသေ့ငါးရာနှင့်အတူ ချဉ်ဆားမှီဝဲရန် ဥတ္တရပဉ္စာလမြို့သို့ ရောက်လာသည်။ရေဏုမင်းက ကြည်ညိုသဖြင့် ဥယျာဉ်တော်အတွင်းမှာ ကျောင်းဆောက်၍ ကိုးကွယ်ထားသည်။ရေဏုမင်းတွင် သားသမီးရတနာ မထွန်းကားချေ။မဟာရက္ခိတရသေ့ကြီးသည် အချိန်ရှိတိုင်း တရားအားထုတ် တရားမှတ်နှင့် ကြိုးစားသူဖြစ်၍ သီလသမာဓိအား အလွန်ကောင်းသည်။တစ်နေ့တွင် ရသေ့ကြီးက နတ်သားတစ်ပါးသည် နတ်ပြည်မှ စုတေပြီး ရေဏုမင်း၏ မိဖုရားထံ၌ ပဋိသန္ဓေယူလိမ့်မည်ဖြစ်ကြောင်း ပြောမိသည်။ထိုအခါ အနားမှာရှိသော တပည့်ရသေ့များကြားမှ ရသေ့တစ်ပါးက အသေအချာမှတ်ထားလိုက်၏။ထိုရသေ့သည် စိတ်ဓာတ်ညံ့ဖျင်းသူ အချောင်သမားတစ်ယောက်ဖြစ်သည်။ထိုရသေ့ယုတ်သည် သူကိုယ်တိုင်အကြားအမြင်ရသည့်ပုံစံနှင့် ရေဏုမင်း၏ မိဖုရားကြီးသည် သားရတနာမွေးဖွားတော့မည်ဟု မင်းကြီးကို ပြောလိုက်သည်။မင်းကြီးသည် အလွန်အားရဝမ်းသာဖြစ်သွားသည်။

မဟာရက္ခိတရသေ့ကြီး ဟိမဝန္တာတောသို့ပြန်သောအခါ ထိုရသေ့ယုတ်ကို မပြန်စေတော့ဘဲ ဥယျာဉ်တော်အတွင်းမှာ ကျောင်းဆောက်လုပ်၍ ကိုးကွယ်ထားသည်။မကြာမီတွင် မိဖုရားကြီးသည် ကိုယ်ဝန်လွယ်ရသည်။မင်းကြီးသည် ရသေ့ကို ပို၍ရိုသေစွာ ဆက်ဆံသည်။ဆယ်လကြာသောအခါ မိဖုရားကြီးသည် သားယောင်္ကျားလေးတစ်ယောက် ဖွားမြင်ခဲ့သည်။မင်းသားလေးကို သောမနဿသတို့သားဟု အမည်ပေးလိုက်သည်။ရသေ့၏ ဟောပြောချက်သည် တိတိကျကျမှန်နေသောကြောင့် မင်းကြီးနှင့်အတူ ပြည်သူတွေက ဒိဗ္ဗစက္ခုရသေ့ဟုခေါ်ကြသည်အထိ နာမည်ကြီးသွားလေသည်။

သေမနဿမင်းသားလေး ခုနစ်နှစ်သားအရွယ် ရောက်လာသည်။ရေဏုမင်းသည် နယ်စပ်တွင် သူပုန်များ သောင်းကျန်းနေသည်ဆိုသောကြောင့် သူ၏တပ်နှင့်အတူ သူပုန်များကို နှိမ်နင်းရန် နယ်စပ်သို့ ချီတက်သွားသည်။တစ်ရက်တွင် သောမနဿမင်းသားလေးသည် ရသေ့နေရာ ဥယျာဉ်တွင်းသို့ ဝင်ရောက်ခဲ့ရာ ရသေ့ကျောင်းသို့အရောက်တွင် ဟင်းရွက်ခင်းကိုတွေ့ရပြီး ရသေ့က ထိုဟင်းရွက်ခင်းကို ရေလောင်းနေလေသည်။မင်းသားလေးသည် ရသေ့ထံလျှောက်သွားပြီး ရှိခိုးဦးချခြင်းမပြုသည့်ပြင် ရသေ့ကို သေသေချာချာကြည့်ပြီး ဟင်းရွက်သည်ကြီး ဘာလုပ်နေတာလဲ အပင်တွေရေလောင်းနေတာလားဟု နှုတ်ဆက်တော့ ရသေ့က ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ထို့နောက် မင်းသားလေးက ရသေ့ကို ဂရုမစိုက်ဘဲ ခပ်တည်တည်တစ်ချက်ကြည့်ကာ ပြန်လာခဲ့သည်။ရသေ့က သူ့ကို မခန့်လေးစားလုပ်ကာ အရှက်ခွဲသွားသော မင်းသားလေးကို မကျေမနပ်နှင့် ကျန်ရစ်ခဲ့သည်။

မင်းကြီး နယ်စပ်မှပြန်ပြီဟု သတင်းကြားသောအခါ ရသေ့သည် သင်္ကန်းကိုခေါင်းမြီးခြုံကာ နေမကောင်းဟန်နှင့် အိပ်နေလေသည်။မင်းကြီးကလည်း ခရီးမှရောက်ရောက်ချင်း ရသေ့ထံသွားသည်။ထိုအခါ အိပ်ရာထဲမှာ လှဲလျောင်းကာ နေမကောင်းဖြစ်နေသော ရသေ့ကို တွေ့ရသည်။မင်းကြီးက စိုးရိမ်တကြီးနှင့် သတင်းမေးတော့ အနှိပ်စက်ခံရ၍ဖြစ်ကြောင်း ပြန်ပြောသည်။မင်းကြီးက အကျိုးအကြောင်းမေးသောအခါ သေမနဿမင်းသား၏ ညှင်းဆဲသတ်ပုတ်မှုကို ခံရ၍ဖြစ်ကြောင်း လိမ်လည်ကာ တိုင်ပြော၏။မင်းကြီးလည်း ဒေါသထွက်ပြီး မင်းသားလေးကို အကျဉ်းချထားရန်နှင့် ကြီးလေးသော အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း အမိန့်ထုတ်သည်။

အမှုထမ်းများက မင်းသားလေးကိုဖမ်းရန် သွားသောအခါ မင်းသားလေးက မင်းကြီးဆီခေါ်သွားဖို့ ပြောသည်။မင်းကြီးရှေ့မှောက် ရောက်သောအခါ မင်းသားလေးက အဘယ်ကြောင့် သူ့ကို အခုလိုဖမ်းဆီးကြောင်း မေးသည်။ဘုရင်ကြီးက သူကိုယ်တိုင်ကိုးကွယ်ထားသည့် အကျင့်သီလနှင့် ပြည့်စုံသော ကျေးဇူးရှင် ဒိဗ္ဗစက္ခုရသေ့ကို ဟင်းရွက်သည်ဟု နှိမ့်ချခေါ်ယူကာ ညှင်းဆဲရိုက်ပုတ်သည့်အတွက်ဖြစ်ကြောင်း ပြန်ပြောသည်။

မင်းသားလေးက သူအမှန်အတိုင်းပြောတာဖြစ်ကြောင်း မျက်မြင်သက်သေများ တင်ပြမည်ဖြစ်ကြောင်း ပြန်ဖြေရှင်းသည်။သို့နှင့် အရပ်လေးမျက်နှာမှ ဟင်းရွက်သည်များကို ခေါ်ယူစစ်ဆေးသောအခါ ဟင်းရွက်သည် အားလုံးက သူတို့ရောင်းချနေသော ဟင်းရွက်များသည် ရသေ့ဆီမှ ဖောက်သည်ယူပြီး ရောင်းချတာဖြစ်ကြောင်း ဝန်ခံကြသည်။မင်းသားလေး၏ အခြွေအရံများကလည်း ရသေ့ကျောင်းတွင်းမှ ရှာဖွေတွေ့ရှိလာသော ငွေထုပ်ကို ယူပြကြသည်။

ထိုအခါ မှူးမတ်အချို့က ထိုရသေ့သည် ယခင်ကလည်း သူ့ဆရာ မဟာရက္ခိတရသေ့ကြီး၏ အကြားအမြင်ဟောပြောမှုတွေကို သူကိုယ်တိုင်အကြားအမြင်ရထားသလို ဟန်ဆောင်ဟောပြောတတ်ကြောင်း လျှောက်တင်ကြသည်။သည်တော့မှ မင်းကြီးလည်း သူကိုးကွယ်ခဲ့သည့် ရသေ့၏ အယောင်ဆောင်အလိမ်အညာများကို သိရှိရကာ ရသေ့ကို နန်းတော်မှ နှင်ထုတ်လိုက်လေသည်။အလိမ်အညာရသေ့သည် အရှက်ကွဲကာ အထင်သေးရှုတ်ချသော အကြည့်များကြားမှ သူ့အထုပ်သူဆွဲပြီး နန်းတော်မှ ထွက်ခွာသွားရသည်။

သိုးရေခြုံထားသော ဝံပုလွေများသည် နေရာတိုင်းမှာ ရှိနေနိုင်ပါသည်။ မိသားစုထဲမှာ ဆွေမျိုးသားချင်းထဲမှာ သူငယ်ချင်းမိတ်ဆွေထဲမှာ လုပ်ဖော်ကိုင်ဖက်ထဲမှာ စသဖြင့် ပတ်ဝန်းကျင်တိုင်းမှာ ရှိနေနိုင်ပါသည်။သူများနာမည် သူများဂုဏ်သိက္ခာကို နင်းချေကျော်လွှားသွားတဲ့သူတွေမှာ အားနည်းချက်တွေ များတတ်ပါသည်။သူတို့၏ အချောင်လိုချင်စိတ်ကြောင့် ဘယ်လောက်အခွင့်အရေးအကြီးကြီးတွေရရ ဘာမဟုတ်သည့် အခွင့်အရေးသေးသေးလေးအတွက် ဣန္ဒြေပျက်တတ်သည်။သူတော်ကောင်းဟန်ဆောင်ထားသည့် အတွင်းစိတ်ယုတ်မာသူတွေဆိုတာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း သူ့ဇာတိသရုပ်မှန်ကို ကြာကြာဖုံးကွယ်မထားနိုင်ပါ။အချိန်ကြာလာသည်နှင့်အမျှ သူ့သရုပ်မှန်က တစ်နည်းနည်းနှင့် ပေါ်လာမြဲဖြစ်သည်။

ရိုက်မောင်း