【 ဆောင်းပါး 】ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနဲ့ လေအားလျှပ်စစ်

【 ဆောင်းပါး 】ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနဲ့ လေအားလျှပ်စစ်

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ ပြယုဂ်အဖြစ် တရုတ်-မြန်မာပူးပေါင်း၍ ထုတ်လုပ်မည့် လေအားလျှပ်စစ်စီမံကိန်းထဲမှ ပထမဆုံးအဖြစ် ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ယခုနှစ် ဒီဇင်ဘာလတွင် စတင်တော့မည်ဖြစ်သည်။ ယင်းစီမံကိန်းကို ရခိုင်ပြည်နယ် အမ်းမြို့နယ်၊  ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်းလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၆ဝ အထိထုတ်လုပ်မည့် စီမံကိန်းဖြစ်သည်။

စီမံကိန်းတွင် အမ်း လေအားလျှပ်စစ်စီမံကိန်း ၁၅ဝမဂ္ဂါဝပ်၊ ဂွ လေအားလျှပ်စစ်စီမံကိန်း ၁ဝဝမဂ္ဂါဝပ်၊ သံတွဲ လေအားလျှပ်စစ်စီမံကိန်း ၁၁ဝမဂ္ဂါဝပ်တို့ ထုတ်လုပ်မည်ဖြစ်ကာ ဦးစွာ ဂွမြို့၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်ရန် ယခုနှစ်အတွင်း စတင်မည်ဖြစ်သည်။

စီမံကိန်း ၃ခုလုံးမှ ၂ဝ၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ မတ်လအတွင်းက အဆိုပါစီမံကိန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၊ ယူနန်စက်ယန္တရား သွင်းကုန်ထုတ်ကုန်ကော်ပိုရေးရှင်း ပူးတွဲအဖွဲ့နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ၏ ရည်ရွယ်ချက်မှာ လာမည့် ၂၀၂၃ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝလွှမ်းခြုံရန်အတွက် ပူးပေါင်း၍ ထိုစီမံကိန်းကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်၊ ‌နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်အပါအဝင် သန့်ရှင်းသော စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်းနှင့် ဂွမြို့၏ ပထမအဆင့်ကို ဦးစွာဖော်ဆောင်၍ ရှေ့ပြေးစီမံကိန်း၏ အကျိုးရလဒ်ဖြစ်ပေါ်လာစေရန် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အမြန်ဆုံးပြီးစီးရန် ကြိုးပမ်းသွားမည်ဟု စီမံကိန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းဟန်ကပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံသားပိုင် PRIMUS၊ ဟောင်ကောင်အခြေစိုက် AED နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သည့် လေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းလည်းဖြစ်ပြီး တရုတ်-မြန်မာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း တရုတ်နှင့် မြန်မာကြား လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင် ရွက်မှုမှာ အပြန်အလှန်ဖြည့်စွက်မှု အားကောင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်က လေအားလျှပ်စစ်စီမံကိန်း လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုနှင့် ၂၀၃၀ပြည့်နှစ်တွင် ဓာတ်အားအပြည့်အဝလွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ တရုတ်ကုမ္ပဏီများမှာ မြန်မာနိုင်ငံနှင့် ဓာတ်အားပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဆက်လက်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် Belt and Road နှင့် စီးပွားရေးစင်္ကြံများ တည်ဆောက်ရေးတွင် တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်းလည်း သံအမတ်ကြီး ချန်းဟိုင်က ထည့်သွင်းပြောကြားခဲ့သည်။

လေအားလျှပ်စစ်စီမံကိန်းများအတွက် လေစွမ်းအင်မှလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုအဖြစ် လေတိုက်နှုန်းတိုင်းကိရိယာ (Anemometers) စိုက်ထူပြီး လေတိုက်နှုန်းရလဒ်များကို မှတ်တမ်းရယူထားသည်။

လေတိုက်နှုန်းကိရိယာများကို စီမံကိန်းဆောင်ရွက်မည့် အမ်းမြို့နယ်တွင် နှစ်တိုင်၊ ဂွမြို့နယ်တွင် တစ်တိုင်၊ သံတွဲမြို့နယ်တွင် တစ်တိုင်စုစုပေါင်း ၄တိုင်ကို ၂၀၁၆ခုနှစ်က စ၍ တပ်ဆင်ခဲ့ပြီး လေတိုက်နှုန်းရလဒ် ၆ နှစ်စာကို မှတ်တမ်းရယူထားပြီးလည်းဖြစ်သည်။မြန်မာတစ်နိုင်ငံလုံးတွင် လေအားလျှပ်စစ်စီမံကိန်း၁၈ ခုအထိ ဆောင်ရွက်ရန် စီစဉ်ထားပြီး တရုတ်နိုင်ငံအပြင် ရုရှားကုမ္ပဏီနှင့်လည်း လေအားလျှပ်စစ်စီမံကိန်း ၄ ခုကို အကောင်အထည်ဖော်ရန် ယခုလအတွင်း လက်မှတ်ရေးထိုးထားသည်။

မင်းလှနှင့် မင်းတုန်းတို့တွင် လျှပ်စစ် ၁၁၆ နှင့် ၅၆ မဂ္ဂါဝပ် ထုတ်လုပ်မည့် စီမံကိန်းအတွက် ရုရှားကုမ္ပဏီ Nova Wind နှင့် မြန်မာဘက်မှ Primus Advanced Technologies ကုမ္ပဏီ၊​ ကျောက်ပန်းတောင်းနှင့် ညောင်ဦး တွင် ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် Nova Wind နှင့် မြန်မာဘက်မှ Zeya & Associates ကုမ္ပဏီတို့ လက်မှတ်ရေးထိုး ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်ကို ပြီးခဲ့သည့်အစိုးရများလက်ထက်တွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကာ (National Electrification Plan – NEP) အရ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီး အပြည့်အဝရရှိရန် ရည်မှန်းထားခဲ့သည်။

မြန်မာနိုင်ငံသည် လေစွမ်းအင်၊ နေစွမ်းအင်၊ ရေအားနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ရာ ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများကြောင့် နိုင်ငံအတွင်း ပြည်သူများအတွက်သာမက မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုလည်း ပိုမို၍ အကျိုးဖြစ်ထွန်းစေမည်လည်းဖြစ်သည်။

မေ