【 ဆောင်းပါး 】တံတားပြတိုက်ကြီးလို့ ခေါ်ဆိုနိုင်သော တရုတ်ပြည် (၁)

【 ဆောင်းပါး 】တံတားပြတိုက်ကြီးလို့ ခေါ်ဆိုနိုင်သော တရုတ်ပြည် (၁)

တံတားအကြောင်းဟု ဆိုလိုက်သည်နဲ့တစ်ပြိုင်နက် လူတိုင်းနှင့်စိမ်းမည်မထင်။ တံတားများသည် လူသားများအတွက် လွန်စွာအရေးပါလှကာ နေ့စဉ်လူမှုစီးပွားအတွက်လည်းအထောက်အကူပြုလှပါတယ်။

ယနေ့ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်၍ ခေတ်မီသောနိုင်ငံတိုင်းတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရန် မြစ်၊ ချောင်း၊ အင်းအိုင်များကိုကျော်ဖြတ်၍ တံတားများကိုအပြိုင်အဆိုင် တည် ဆောက်လျက် ရှိကြပါတယ်။

တံတားများဟာ လူသားများအဖို့ သဘာ၀တရားကြီးက ပေးတဲ့လက်ဆောင်မွန်များထဲကမှ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းများအရ  တံတားများမှာ သဘာဝအလျောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

စမ်းချောင်းများ၊ ချိုင့်ဝှမ်းများပေါ်တွင် သစ်ပင်များလဲကျခြင်းကြောင့် တံတားများဖြစ်ပေါ်ခဲ့ခြင်းကနေ စတင်ခဲ့တယ်လို့ ဆိုကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းက အကြီးကျယ်ဆုံး တံတားတည်ဆောက်နိုင်သူများမှာ ရောမလူမျိုးများ ဖြစ်ကြတယ်လို့ သမိုင်းမှတ်တမ်းများကဆိုပါတယ်။ ရောမလူမျိုးတွေက ပျက်စီးနိုင်သည့်ဒီဇိုင်းကို မွမ်းမံကာ  အခုံးပါသော တံတားများနှင့် ရေသွယ်သည့်မြောင်းများ တည်ဆောက်ခဲ့ကြပါတယ်။

ရှေးယခင်ကတည်းက ဆောက်ခဲ့တဲ့ တံတားများအနက် အချို့တံတားများကိုမူ ယနေ့ထက်တိုင်ပင်တွေ့ မြင်နိုင်ပါတယ်။ ဥပမာအားဖြင့် စပိန်နိုင်ငံရှိ တားဂတ်စ် (Tagus) မြစ်ပေါ်တွင် ဖြတ်၍ဆောက်လုပ်ထားသော အယ်လ်ကန်တာရာ (Alcántara) တံတားပဲ ဖြစ်ပါတယ်။

ထို့အတူတရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း ချင်မင်းဆက်မတိုင်မီ ကာလက သစ်သားတံတားများကို တည်ဆောက်ခဲ့ကြပြီး ယနေ့တိုင် ကြွင်းကျန်ရစ်သော ရှေးအကျဆုံးသောတံတားမှာ အေဒီ ၅၉၅ ခုနှစ်မှ ၆၀၅ ခုနှစ် အတွင်း ဆွီမင်းဆက်လက်ထက်က တည်ဆောက်ခဲ့သော ကျောင်ကျို တံတားပဲဖြစ်ပါတယ်။

ထိုတံတားသည် စပန်ဒရယ်လ် အဖွင့် (open-spandrel) ပုံစံနှင့် အပိုင်းအခြားအလိုက် တည်ဆောက်ခဲ့သော တံတားများထဲတွင် ရှေးအကျဆုံးသောတံတားအဖြစ် သမိုင်းတွင်ထင်ရှားလှပါတယ်။

တံတားဆောက်လုပ်ခြင်း အင်ဂျင်နီယာဘာသာရပ်နှင့် ပတ်သက်တဲ့ ပထမဆုံးစာအုပ်ကို ဟူးဘတ်ဂေါ် တီယာက ၁၇၁၆ တွင် ရေးသားခဲ့ပါတယ်။ ၁၇၇၉ ခုနှစ် အင်္ဂလန်နိုင်ငံ ကိုးလ်ဘရွတ်ဒေးတွင် သံတံတား (The Iron Bridge) ကို စတင်တည်ဆောက်ခဲ့သည့်အချိန်မှ စတင်ကာတံတားတည်ဆောက်မှုနည်းပညာတွင် ကြီးကျယ်သောအပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာခဲ့ပါတယ်။

ထိုတံတားတွင် ပထမဆုံးအနေနဲ့ တံတားခုံးများကို သံဖြင့်ဆောက်လုပ်ခဲ့ကြကာ ဆီဗန်းမြစ်ကို ဖြတ်ကျော်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့ ၂၁ရာစု ကမ္ဘာမှာတော့ ခေတ်ကာလရေစီးကြောင်းရဲ့တိုက်စားမှုအရ နည်းပညာအရှိန်အဟုန်တွေ မြင့်မားလာကာ ဆန်းသစ်တီထွင်တည်ဆောက်ထားတဲ့ တံတားအများစုကို ကိုယ်တိုင်မြင်တွေ့နိုင်ပါတယ်။ အဆိုပါဆန်းသစ်တီထွင်တည်ဆောက်ထားတဲ့ တံတားအများစုတည်ရှိရာကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပဲ ဖြစ်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးလှတဲ့ နည်းပညာများက မြစ်၊ ချောင်း၊ အင်းအိုင်၊ တောင်စဉ် တောင်တန်းများသာမကဘဲ ပင်လယ်ကိုပါ ဖြတ်ကျော်ကာ တံတားများကို တည်ဆောက်ဖောက်လုပ်ခဲ့ပါတယ်။

ထိုတည်ဆောက်ဖောက်လုပ်ခဲ့တဲ့ တံတားပေါင်းများစွာထဲမှ နာမည်ကျော်ကြားလှတဲ့တံတားကြီးများကတော့ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား၊ ပေဖန်ကျန်းတံတားကြီး၊ တန်းရန်-ခွန်းစန်းတံတား၊ရှီကျားကျိုက်တံတား၊ ကန်းဟိုင်ဇီတံတား၊ ကျင်းရန်မြစ်ကူးတံတားကြီး၊ ဟွမ်ကြွယ်ဝမ်းခုံးကျော်တံတားကြီးနဲ့ ရှန်လော်ကွေ့ဟိုင် မြစ်ရွှေ့နိုင်သောတံတားကြီးတွေပဲ ဖြစ်ပါတယ်။

ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား

ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားကြီးဟာ ကမ္ဘာ့အံဖွယ်တံတားခုနှစ်ခုအနက် တစ်ခုဖြစ်ပြီး အဆိုပါတံတား စီမံကိန်းကြီးကို ၅ နှစ်ကြာရေးဆွဲကာ ၉ နှစ်ကြာ တည်ဆောက်ခဲ့ရပြီး ၂၀၁၈ ခုနှစ်၊ အောက်တို ဘာ ၂၄ ရက် နေ့မှာ စတင်ဖွင့်လှစ်အသုံးပြုခဲ့ပါတယ်။ ၎င်းတံတားစီမံကိန်းရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကုန်ကျမှု ပမာဏကတော့ ယွမ်သန်းပေါင်း ၁၂၆ ဒသမ ၉ ဘီလီယံရှိတယ်လို့ သိရပါတယ်။

ပေဖန်ကျန်း တံတား

ပေဖန်ကျန်း တံတားကြီးဟာ ကမ္ဘာ့ပေါ်ရှိတံတားတွေအနက်မှ အမြင့်ဆုံးသောတံတားတစ်စင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တံတား ၁၀ စင်းအနက် ၈ စင်းမှာ တရုတ်နိုင်ငံမှာတည်ရှိပြီး အဲဒီ ၈ စင်းထဲက ငါး စင်းမှာ ကွေ့ကျိုးပြည်နယ်မှာတည်ရှိပါတယ်။ ပေဖန်ကျန်းတံတားကြီးဟာ ၁၃၄၁ ဒသမ ၄ မီတာ ရှည်လျားပြီး တံတားကြမ်းပြင်ကနေ ချိုင့်ဝှမ်းအောက်ခြေအထိ ဒေါင်လိုက်အမြင့်မှာ ၅၆၅ မီတာ ရှိရာ အထပ် ၂၀ဝ ရှိတဲ့ အထပ်မြင့်အဆောက်အအုံရဲ့အမြင့်နဲ့ ညီမျှကာ ကမ္ဘာ့အမြင့်ဆုံးတံတား ဖြစ်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတံတားပေါ်မှာ ကားမောင်းနှင်တဲ့အခါ မိမိကိုယ်တိုင် လေယဉ်ပျံမောင်းနှင်နေရသလို ခံစားရစေမှာဖြစ်ပြီးတော့ တရုတ်နိုင်ငံမှ တာဝန်ရှိသူတွေဟာ အဆိုပါတံတားကိုဆောက်လုပ်ဖို့ သုံးနှစ်ကြာ အချိန် ယူခဲ့ရကာ တံတားတည်ဆောက်မှု ကုန်ကျစရိတ်မှာ ယွမ်သန်းပေါင်း ၁ ဒသမ ဝ၂၈ ဘီလီယံ ကျော်ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ 

တရုတ်နိုင်ငံအတွင်းမှာ တည်ဆောက်ထားတဲ့ တခြားအံ့ဖွယ်တံတားတွေအကြောင်းကိုလည်း  ဆက်လက်ဖော်ပြပေးပါအုံးမယ်။

နိုင်တံခွန်