【 ဆောင်းပါး 】နန်စန်းတောင်ရဲ့ ပင်လယ်ပြင်ပေါ်က ကွမ်ရင်မယ်တော်

【 ဆောင်းပါး 】နန်စန်းတောင်ရဲ့ ပင်လယ်ပြင်ပေါ်က ကွမ်ရင်မယ်တော်

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ရဲဘော်သုံးကျိပ်စစ်ပညာသင်ခဲ့တဲ့ ဟိုင်နန်ကျွန်းဆိုတာ အခုလက်ရှိမှာတော့ တရုတ်နိုင်ငံရဲ့ ခေတ်မီလှပတဲ့ကျွန်းလေးတစ်ခု ဖြစ်နေပါပြီ။ ဒါကြောင့်ပဲ ဟိုင်နန်ကျွန်းဒေသဟာ ကမ္ဘာလှည့်ခရီးသွားတွေ နှစ်စဉ်သွားရောက်လည်ပတ်နေကြတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

ဟိုင်နန်ကျွန်းဟာ တရုတ်နိုင်ငံ၊ တောင်တရုတ်ပင်လယ် အနောက်မြောက်ပိုင်းက ကျွန်းတစ်ခုဖြစ်ပါတယ်။ မြောက်ဘက်ရှိ ချုံကျိုးရေလက်ကြားကိုဖြတ်ကာ ကွမ်တုံးပြည်နယ်နဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်။ ဧရိယာ စတုရန်း ကီလိုမီတာ ၃၀,ဝဝဝ ကျော် ကျယ်ဝန်းပြီး တရုတ်နိုင်ငံရဲ့ဒုတိယအကြီးဆုံးကျွန်းဖြစ်ပါတယ်။

ဟိုင်နန်ဟာ အပူပိုင်းဒေသမှာတည်ရှိပြီး သူ့ရဲ့ရာသီဥတုက မုတ်သုံရာသီဥတုဖြစ်ပါတယ်။ ဟိုင်နန်ကျွန်းမှာ ကီလိုမီတာ ၁၅၈၀ ကျော်ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းရှိပြီး ကျွန်းပေါ်မှာအပူပိုင်းဒေသသီးနှံမျိုးစုံ ထွက်ရှိပါတယ်။ ဟိုင်နန်ကျွန်းကိုရောက်လာရင် ပင်လယ်ကျွန်းစုရဲ့ အလှတရားကို ရှုစားကြရတဲ့အပြင် ပင်လယ်စာအမျိုးမျိုးနဲ့ အပူပိုင်းဒေသထွက် သီးနှံအမျိုးမျိုးကို စားသုံးနိုင်ခြင်းကြောင့်လည်း ခရီးသွားတွေအကြိုက် တွေ့လှပါတယ်။

ဟိုင်နန်ကျွန်းကို ဇီဝဗေဒပညာရှင်တွေက သဘာဝသက်ရှိမျိုးစိတ် မျိုးရိုးဗီဇဂိုထောင်ကြီးနဲ့ အကြီးမားဆုံး “သဘာဝ သမိုင်းပြတိုက်” လို့ခေါ်ဆိုကြပါတယ်။ ကျွန်းပေါ်မှာအံ့အားသင့်ဖွယ်ခမ်းနားလှတဲ့ တောတောင်ရေမြေတွေ၊ ထူးခြားဆန်းကြယ်တဲ့ သဘာဝတောအုပ်တွေ၊ ရှားပါးပြီးတန်ဖိုးရှိတဲ့အပူပိုင်းဒေသတိရစ္ဆာန်နဲ့အပင်တွေနဲ့ လှပတဲ့ ကမ်းခြေအုန်းပင် အလှတရားတွေရှိပါတယ်။

ဒါ့အပြင် လီလူမျိုးနဲ့ မြောင်လူမျိုးတွေရဲ့ တိုင်းရင်းသား ရိုးရာဓလေ့တွေ၊ တန်ဖိုးကြီးတဲ့ သမိုင်းယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ လူနေထိုင်ဖို့သင့် လျော်တဲ့ ရာသီဥတုကြောင့် ခရီးသွားအရင်းအမြစ်ပေါကြွယ်ဝနေပါတယ်။ ဟိုင်နန်ကျွန်းကိုရောက်ရင် ခရီးသွားတွေ သွားရောက်လည်ပတ်ကြတဲ့ နေရာတွေထဲမှာ အမြင့်ပေ ၁၀၈မီတာ မြင့်ပြီး ပင်လယ်ပြင်ထဲမှာ တည်ထားကိုးကွယ်ထားတဲ့ နန်စန်းကွမ်ရင်မယ်တော်ရုပ်ထုရှိရာနေရာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်အထိ မြန်မာနိုင်ငံကခရီးသွားတွေဟာလည်း ဟိုင်နန်ကျွန်းခရီးစဉ်တွေကို သွားရောက်လည်ပတ်လေ့ရှိခဲ့ပါတယ်။ ဟိုင်နန်ကျွန်းကိုသွားရောက်လည်ပတ်ကြတဲ့ မြန်မာခရီးသွားတွေအနေနဲ့လည်း ကမ္ဘာမှာအမြင့်ဆုံးဖြစ်ပြီး ပင်လယ်ထဲမှာတည်ထားကိုးကွယ်တဲ့ နန်စန်းကွမ်ရင်မယ်တော်ရုပ်ထုရှိရာ နေရာကို သွားရောက်လေ့ရှိပါတယ်။

ဟိုင်နန်ကျွန်းမှာရှိတဲ့ နန်စန်းတောင်ကို သမိုင်းတစ်လျှောက်မှာ သာယာဝပြောမှုနဲ့ ကောင်းချီးပေးရာမြေလို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဒီနေရာဟာ တရုတ်နိုင်ငံရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုပြသတဲ့ အကြီးစားဥယျာဉ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဆိုင်ရာနာမည်ကျော် တောင်တန်းပဲဖြစ်ပါတယ်။နန်စန်းတောင် ယဉ်ကျေးမှုခရီးသွားဇုန်ဟာ ဟိုင်နန်ပြည်နယ် စန်းယမြို့ အနောက်တောင်ပိုင်း ကီလိုမီတာ ၄၀ အကွာမှာတည်ရှိပြီး တရုတ်နိုင်ငံရဲ့ တောင်ဘက်စွန်း အကျဆုံးတောင် ဖြစ်ပါတယ်။

ဒီနေရာမှာ ၁၀၈ မီတာမြင့်မားတဲ့ ပင်လယ်ပြင်အထက်က ကွမ်ရင်မယ်တော်ရုပ်တုဟာ အထင်ရှားဆုံး နေရာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာပထမဆုံး ရွှေ၊ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ ကွမ်ရင်မယ်တော်ရုပ်တုပဲ ဖြစ်ပါတယ်။ကွမ်ရင်မယ်တော်ရုပ်တု မျက်နှာစာတစ်ဖက်က ကြာပန်းကိုင်ထားပြီး တစ်ဖက်က ကျမ်းစာကိုင်ထားပါတယ်။ ကျန်တဲ့တစ်ဖက်မှာတော့ ပုတီးကိုင်ထားပါတယ်။

ကွမ်ရင်မယ်တော်ဟာ ကရုဏာမေတ္တာတရားနဲ့ လူ့လောကကြီးကို မေတ္တာတရားတွေပေးခဲ့သလို နန်စန်းတောင်ရှိ ကွမ်ရင်မယ်တော်ရုပ်တုကို သွန်းလုပ်ရခြင်းရည်ရွယ်ချက်ကလည်း တရုတ်နိုင်ငံဟာမေတ္တာကို ရှေးရှုတဲ့နိုင်ငံဖြစ်ကြောင်း တရုတ်နိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးကိုလိုလားသူတွေဖြစ်ကြောင်းဖော်ပြချင်တာပဲလို့ ဆိုပါတယ်။ဒါကြောင့် အခုနောက်ပိုင်းမှာ ဟိုင်နန်ကျွန်းကိုရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ သွားရောက်လည်ပတ်ကြတဲ့ နေရာတွေထဲမှာ နန်စန်းကွမ်ရင်မယ်တော်ရုပ်ထုရှိရာနေရာကလည်း မရောက်မဖြစ်သွားရတဲ့ နေရာတစ်ခုပင်ဖြစ်ပါတော့တယ်။

ခန့်မောင်