【 ဆောင်းပါး 】နှစ်နိုင်ငံကြားက ကျေးလက်ဒေသ Home Stay ခရီးသွားကဏ္ဍ

【 ဆောင်းပါး 】နှစ်နိုင်ငံကြားက ကျေးလက်ဒေသ Home Stay  ခရီးသွားကဏ္ဍ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ ကျေးရွာလေးတစ်ရွာမှာ နေအိမ်တည်းခိုခန်းများဖွင့်လှစ်၍ ကျေးလက်အငွေ့အသက်ကို ရရှိစေသည့် ခရီးသွားလုပ်ငန်းကြောင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။အဆိုပါ ခရီးသွားလုပ်ငန်းကို Home Stay ခရီးသွားလုပ်ငန်းဟု ဆိုကြပြီး နေအိမ်များကို တည်းခိုခန်းငယ်လေးများသဖွယ်ဖွင့်လှစ်၍ သာယာလှပသော ကျေးလက်သဘာဝရှုခင်းများ၊ ကျေးလက်နေဒေသခံများ၏ နေ့စဉ်ဘဝဖြတ်သန်းမှုပုံရိပ်များ၊ နေထိုင်စားသောက်မှုဓလေ့စရိုက်များနှင့် ကျေးလက်၏ အငွေ့အသက်များကို အနီးစပ်ဆုံး ခံစားလေ့လာနိုင်ရန် ဖော်ဆောင်ထားသည့် ခရီးသွားပုံစံတစ်ခုလည်းဖြစ်သည်။

အဆိုပါ ခရီးသွားလုပ်ငန်းများကို ဒေသခံများက ဖော်ဆောင်လေ့ရှိပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Base Tourism-CBT)ဟုလည်းခေါ်ဆိုကြသည်။ထိုခရီးသွားလုပ်ငန်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝန်ဆန်းကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်

ခွဲ ၊ ချိုးပေခရိုင်အတွင်း  ရှန်းရန်တုန့် ကျေးရွာတွင် ပြုလုပ်ထားသည်။

အဆိုပါကျေးရွာလေးသည် ယီလူမျိုး၊ ဆာနီလူမျိုးခွဲများ စုစည်းနေထိုင်ရာ ကျေးရွာဖြစ်ပြီး Home Stay ခရီးသွားလုပ်ငန်း ဖော်ဆောင်ပြီးနောက် ကျေးရွာအတွင်း ဖွံ့ဖြိုးတိုးတက်မှု များစွာရှိလာသည်။အဆိုပါ ခရီးသွားလုပ်ငန်းကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးအတွက် ဖော်ဆောင်ခြင်းဖြစ်ပြီး ကျေးလက်၏ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်အားသာချက်ကို အသုံးချကာ ဒေသနှင့်အတူ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုသို့ဖော်ဆောင်နိုင်ရန် "တစ်အိမ်လျှင် နည်းလမ်းတစ်မျိုး"၊ "တစ်အိမ်လျှင် ဒီဇိုင်းတစ်မျိုး"တည်ဆောက်ခြင်းစီမံချက်အတိုင်း ကျေးလက်၏ အငွေ့အသက်ကို ရှေးမူမပျက်ထိန်းသိမ်း၍ တိုင်းရင်းသားများ၏ ထူးခြားချက်များနှင့် ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည်။

ရွာသူ၊ ရွာသားများမှာ နေအိမ်တည်းခိုခန်း၊ စားသောက်ဆိုင် စသဖြင့် ဖွင့်လှစ်၍ မိမိ၏နေအိမ်တွင်ပင် အလုပ်အကိုင်အခွင့်အလမ်းနှင့်အတူ ဝင် ငွေရရှိခဲ့သည့်အပြင် ဒေသကိုပါ တိုးတက်လာခဲ့သည်။ အဆိုပါကျေးရွာလေးတွင် ၁၉၉၀ ခုနှစ်ဝန်းကျင်ကာလများအတွင်း နှစ်စဉ်တစ်ဦးချင်း၏

ပျှမ်းမျှဝင်ငွေမှာ ယွမ် ၃၀၀ သာ ရှိခဲ့ပြီး ခရီးသွားလုပ်ငန်းဖော်ဆောင်ပြီးနောက် လက်ရှိတွင် နှစ်စဉ် တစ်ဦးချှင်းပျှမ်းမျှဝင်ငွေမှာ ယွမ် ၅သောင်းကျော်အထိ တိုးတက်လာခဲ့သည်။

လက်ရှိတွင် ယင်းခရီးသွားလုပ်ငန်းရှိရာ ရှန်းရန်တုန့် ကျေးရွာမှာ အွန်လိုင်းတွင် နာမည်ကျော်ကြားသည့် ကျေးရွာလေးတစ်ရွာဖြစ်လာခဲ့ပြီး ကျေးလက်၏ သဘာဝရှုခင်းများက ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။

ဆင်းရဲနွမ်းပါးမှု လျော့ချရေး အစီအစဉ်များအရ အာဆီယံနိုင်ငံများအနေနှင့် Home Stay ခရီးသွားလုပ်ငန်းကိုအကောင်အထည်ဖော်ရန် ၂၀၁၅ခုနှစ်အတွင်းက သတ်မှတ်ထားခဲ့ရာ မြန်မာနိုင်ငံတွင်လည်း မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးအတွင်း ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့သည်။

ထို့အတူ ကချင်ပြည်နယ်၊ အင်းတော်ကြီးကန် ပတ်ဝန်းကျင် ကျေးရွာတွေ၊ ကယားပြည်နယ်၊ လွိုင်ကော် မြို့ (ပန်ပက်၊ တနီးလာလဲ၊ ဟွေအော၊ စွပ်ပိုင်) ဒေသ၊  ရှမ်းပြည်နယ်  ပအိုဝ်းဒေသရှိ လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့နှင့် ကက္ကူကျေးရွာများ၊ မန္တလေးတိုင်းဒေသကြီးရှိ မင်းကွန်းနှင့် ကျောက်မြောင်းရွာ အကြားက  ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ မြေစွန်းကျွန်း၊ မြစ်ကမ်းကြီး၊ ဆည်သည်ကျေးရွာ ခြောက်ရွာ စသည့် ဒေသများတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ လုပ်ဆောင်ရန် စီမံကိန်းများ ချမှတ်ခဲ့သည်။

ထိုအထဲမှ မြိုင်မြို့နယ်ရှိ ခရီးသွားလုပ်ငန်းကို ၂၀၁၅-၂၀၁၆ခုနှစ်တွင် Action Aid Myanmar ကဦးဆောင်ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းများက ပူးပေါင်းအကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

မြိုင်မြို့နယ် ယင်းတိုင်းတောင်တမံအနီးရှိ အင်ရောင်း၊ ဆူလီပန်း၊ ကန်ကြီးတောအရှေ့ရွာနှင့် အနောက်ရွာ စသည့်ကျေးရွာလေးခုမှ ဒေသခံများကို ဦးဆောင်စေကာ ၂၀၁၅ခုနှစ်တွင် စတင်ခဲ့သည်။ကျေးရွာအတွင်း ဧည့်သည်များအလည်အပတ်ရောက်ရှိစဉ် စက်ဘီးစီးခြင်း၊ သစ်ပင်စိုက်ခြင်း၊ အညာဒေသထွက် သနပ်ခါးလိမ်းသည့် ဓလေ့ကို ကိုယ်တိုင်ခံစားစေနိုင်ခြင်း၊ ရိုးရာ သီချင်းများ သီဆိုကခုန်ခြင်းနှင့် ရိုးရာတူရိယာသံများကို နားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဒေသအစားအစာနှင့် ရိုးရာအစားအစာများကို မြည်းစမ်းနိုင်မည့် ဝန်ဆောင်မှုများ ပေးရသည်။

ပြည်ပခရီးသွားဧည့်သည် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာသတ်မှတ်ပြီး ထိုငွေထဲမှ ၁၀ ဒေါ်လာကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေအဖြစ်အသုံးပြုရန် သတ်မှတ်ခဲ့သည်။ထို့အပြင် ဒေသခံအမျိုးသမီးများကို လက်မှုအနုပညာပစ္စည်းများ တီထွင်ဖန်တီးနိုင်ရန် သင်တန်းများပေးကာ ထိုအနုပညာပစ္စည်းများ အပြင် ဒေသထွက် ချည်လုံချည်များ၊ အဝတ်အထည်များကို ခရီးသွားဧည့်သည်များမှ ဝယ်ယူခြင်းဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ငွေကြေးရရှိစေခဲ့သည်။

၂၀၁၆- ၂၀၁၇ လူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism ASEAN က ပေးသော ပထမဆုကို မြိုင်မြို့နယ်ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းက ရရှိပြီး ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း လာရောက်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်ဦးရေ ၈၃၀ အထိရှိခဲ့သည်။ထိုသို့ ခရီးသွားများ လာရောက်ခြင်းကြောင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေသည့်အပြင် လုပ်ငန်းမှ ရရှိသည့် ငွေကြေးကြောင့် ရပ်ရွာကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်နိုင်သည်။

ခရီးသွားလုပ်ငန်းတိုးတက်စေရေးတွင်လည်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများမှာ အားထားစရာ တစ်ခုဖြစ်သည်ဟုလည်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက ဆိုကြသည်။

သို့သော် ၂၀၁၉ခုနှစ် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် အဆိုပါဒေသအပြင် မြန်မာနိုင်ငံအတွင်းမှ ခရီးသွားလုပ်ငန်းများအားလုံး ရပ်တန့်ခဲ့ရသည်။ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရေးစီမံကိန်းများလည်း ရပ်တန့်ခဲ့သည်။

လက်ရှိတွင်လည်း နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခင်ကလောက် အားရဖွယ်မရှိသည့်အတွက် ခရီးသွားကဏ္ဍမှ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းသည်လည်း ယခင်လိုပြန်လည်ထူမတ်ရန် ခက်ခဲသည့် အခြေအနေဖြစ်သည်။

ထို့အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍအားလုံး ယခင်လို ပြန်လည်ထူမတ်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။လက်ရှိအခြေအ နေများမှ ကျော်လွန်သည့် တစ်နေ့ရောက်ပါက တရုတ်နိုင်ငံရှိ ကျေးလက် အငွေ့အသက်များနှင့် ဆွဲဆောင်ထားသော  ရှန်းရန်တုန့် ကျေးရွာလေးကဲ့သို့ပင် မြန်မာနိုင်ငံမှ မြိုင်မြို့လေး၏ ကျေးလက်သဘာဝ သာယာလှပမှုများနှင့် ခရီးသွားများကို ပြန်လည်ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

မေ