【 ဆောင်းပါး 】မျှော်လင့်ချက်နောက်ကွယ်က ကုန်သွယ်ရေး

【 ဆောင်းပါး 】မျှော်လင့်ချက်နောက်ကွယ်က ကုန်သွယ်ရေး

ပျော်နေကြသည်။ ရွှင်နေကြသည်။ သို့သော် စိုးရိမ်ကြောင့်ကြမှုများက အချိန်စက္ကန့်နှင့်မလပ်။ ထိုသို့ စိတ်ခံစားမှုက ကိုတိုးဝင်းတို့လို  ကုန်သည်အများစု၏ စိတ်ခံစားချက်များ ဖြစ်သည်။ တစ်နေ့တစ်နေ့ သတင်းများနားစွင့်နေရသည်မှာ အချိန်မလပ်အား။ ဖုန်းထဲမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးသတင်းများကို ဝင်ဖတ်ရသည်မှာလည်း အကြိမ်ကြိမ် အခါခါ။

“ အခု တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်တော့ မြန်မာဘက်ရော တရုတ်ဘက်ရော နှစ်ဘက်စလုံး အကျိုးအမြတ်ရှိတယ်။ ဒါပေမယ့် အရောင်းအဝယ်ကတော့ အရင်လောက်တော့ ပြန်မဖြစ်သေးဘူး။ သီးနှံတွေ အရည်အသွေးမကောင်းတာ၊ အဆင့်ဆင့်သယ်လာတော့ ပျက်စီးတာတွေနဲ့ စျေးကောင်းမရတာများတယ်။ အခုလည်း သတင်းတွေ နားစွင့်ရင်း ရောင်း၊ ဝယ်နေရတာပဲ။”ဟု မူဆယ်ကုန်သည်တစ်ဦးဖြစ်သူ ကိုတိုးဝင်းက ပြောသည်။

ပြန်ဖွင့်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်၊ ကျင်စန်းကျော့ဂိတ်ဘက်မှ တစ်ရက်လျှင် ဖရဲ၊ သခွားမွှေး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်၊ ဆန်ကွဲ၊ ရာဘာ စသည့် သီးနှံနှင့် ကုန်များတင်ဆောင်သည့် ကုန်တင် ကားပေါင်း အစီးရေ ၁၀၀၊ ၁၂၀ ဝန်းကျင်ထိ တရုတ်နိုင်ငံဘက် ဝင်ရောက်နေပြီး တရုတ်ဘက်မှ ကုန်တင်ကား ၅၀ ဝန်းကျင် မြန်မာနိုင်ငံဘက် တိုက်ရိုက်ဝင်ရောက်ကာ ကုန်သွယ်နေကြပြီဖြစ်သည်။

တရုတ်နိုင်ငံအစိုးရဘက်မှ ကိုဗစ်ရောဂါကြောင့် လိုအပ်သလို ထိန်းချုပ်ကန့်သတ်ခဲ့ရသည့် နယ်စပ်ဂိတ်အချို့ကို ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကန့်သတ်မှုများ ဖြေလျော့ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ကုန်သွယ်ခွင့် ပြန်လည်ခွင့်ပြုပေးလိုက်သည့်အပြင် ရှန်တိန်ယာဉ်မောင်းအစားထိုးစနစ်အပါအဝင် ဆေးထိုး၊ ဆေးဖျန်း စသည့် ကန့်သတ်မှုများကိုလည်း ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်းမှ လွယ်ဂျယ်ဂိတ်၊ လိုင်ဇာဂိတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်မှ ကျင်စန်းကျော့ဂိတ် အပါအဝင် နယ်စပ်ဂိတ်အချို့ကို ကုန်သွယ်ခွင့်ပြန်လည်ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ ကုန်သွယ်ရေးပြန်စနေပြီဖြစ်သော်လည်း မြန်မာဘက်မှ တင်သွင်းသည့် သီးနှံအချို့မှာ အရည်အသွေး မပြည့်မီသည့် ပြဿနာများရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။

“ အခု တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးလိုက်တော့ တောင်သူတွေရော၊ ကုန်သည်တွေနဲ့ ကားသမားတွေ ကားပိုင်ရှင်တွေအတွက်ရော အများကြီးအဆင်ပြေသွားတယ်။ တရုတ်နိုင်ငံထဲ ကားတိုက်ရိုက် မောင်းဝင်ခွင့် ရသွားတာဆိုတော့ ကုန်ကျစရိတ်တော်တော်သက်သာပြီး အဆင်ပြေတာပေါ့။ သီးနှံစျေးကတော့ အရောင်းအဝယ်ပေါ်မူတည်တာပေါ့။ နောက်တစ်ခုက သီးနှံအရည်အသွေးပေါ့။ ဒါကအရမ်းအရေးကြီးတယ်။ ရောင်းချင်ဇောနဲ့ ရသမျှ နုနုရင့်ရင့် သီးနှံတွေတင်လာရင်တော့ ပြန်လွှတ်လိုက်ရတဲ့ကားတွေရှိတယ်။ အဲဒီတော့ သယ်ယူစရိတ်နဲ့ စရိတ်အားလုံး ဆုံးဖို့ဆိုတာ သေချာနေတယ်။”ဟု ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ် မြို့မှ ကုန်သည် ဦးခိုင်မင်းက ပြောသည်။

ထိုအချက်သည် တောင်သူနှင့် ကုန်သည်များအတွက် စိန်ခေါ်မှု ဖြစ်နေသည်။ မြန်မာတောင်သူများမှာ တရုတ် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးလိုက်သည်ဆိုသော သတင်းကြားသည်နှင့် ထပ်မံကန့်သတ် ပိတ်မည်ကို စိုးရိမ်ကာ ရက်လို၊ အမှည့်လို သီးနှံများ၊ ရက်လွန်၊ အမှည့်လွန်သီးနှံများအားလုံးကို ခူးကာတင်ပို့ ရောင်းချနေကြသည်။ ထိုအချက်သည် လွန်စွာမှားနေသည့်အချက်ဖြစ်ကြောင်း ကုန်သည်များက ထောက်ပြကြသည်။

“ကျွန်တော်တို့က ဝမ်တိန်အရောင်းကွင်းမှာ ရောင်းချနေတာ စားသုံးသူလက်ထဲ တိုက်ရိုက်ရောင်းချတာ မဟုတ်ပါဘူး။ စားသုံးသူလက်ထဲ ရောက်ဖို့ အဆင့်ဆင့်ထပ်ပြီး ရောင်းချကြရပါတယ်။ အမှည့်လွန်၊ အနုကြော၊ အသံ ပျက်၊ မာရည်ကြောရည်အားနည်း၊ အရောင်အဆင်းနဲ့ အလုံးအဖန်အားနည်းခဲ့ရင် အဆင့်တစ်ဆင့်မှာ အတားအဆီးဖြစ်သွားမှာပဲ။ မြန်မာဖရဲတွေအတွက် ဝမ်တိန်ဈေးကွက်က ခြေစစ်ပွဲပါ။ အရည်အသွေးအတွက်အောင်နိုင်ဖို့ လက်ရှိပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေကို ကျွမ်းကျင်ဖို့ လိုအပ်တယ်။”ဟု မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင်က ပြောထားသည်။

ထို့ပြင် စျေးကွက် လိုအပ်ချက်ကို မသိ၊ ကုန်ကျစရိတ်ကို ကြိုမတွက်ချက်ဘဲ သီးနှံကုန်များကို တင်ပို့နေခြင်းသည် အရေအတွက်သာများပြီး ပွဲမမြိုင်သကဲ့ဖြစ်နေကြောင်း ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင်က ဆိုသည်။

“ကုန်ကျစရိတ်မတွက်ချက်ဘဲ ရမ်းတင်တော့ အရေအတွက်သာများပြီး ပွဲမမြိုင်တော့တာ။ ဖြစ်နိုင်တာက အပင်ရောဂါနဲ့ ပိုးတွေလည်းများ၊ ဆေးပြင်းပြင်း မြေဆီပြင်းပြင်းတွေနဲ့ သမထားတဲ့မြေက မသန်တော့ဘူး။ စိုက်ရ ပျိုးရ လက်ဝင်တာမက စိုက်စရိတ်ကုန်ပြီး ထွက်တဲ့ဖရဲတရုတ်ပို့ချင်တဲ့ဆန္ဒကို ရှေ့တန်းတင် ဈေးကွက်သယ် ယူပို့ ဆောင် စရိတ်(မြန်မာ-တရုတ်နှစ်နိုင်ငံအကောက်ခွန် အပါ) ကလည်း မြန်မာကျပ်ငွေ၊ တရုတ်ယွမ်တွေနဲ့ ဘောက် ချာထွက်မှ မျက်ပြူးဆန်ပျာဖြစ်တာ။ ချုပ်ပြောရရင် ဒီလိုအချိန်မှာ သိပ်မစွန့်စားကြပါနဲ့။ တရုတ်ဘက်လည်း ကိုဗစ် နှိပ်စက်ထားတော့ ငွေသိပ်မသုံးနိုင်တော့ဘူး။ အမြတ်(၃၀) ရာခိုင်နှုန်း သေချာမှဝယ်တင်မယ့် ဝယ်လက်တွေပဲ ရှိတယ်။ မသေချာရင် မစွန့်စားကြနဲ့တော့။ အရောင်းအဝယ်တစ်ခုလုံးမှာ ရောင်းစျေးက မသေချာပေမယ့် ထွက်ရမယ့် ကုန်ကျစရိတ်တွေက သေချာလွန်းတယ်။”ဟု ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင်က သူ၏ Page မှတစ်ဆင့် သတိပေးထားသည်။

ထိုသို့ အရည်အသွေးမကောင်းသည့် သီးနှံများ ရောင်းကွက်မဝင် ပြန်ရောက်လာသဖြင့် ကုန်တင်ကား တစ်စီး လျှင် ကျပ်သိန်း ဆယ်နှင့်ချီ ဆုံးရှုံးမှုများရှိပြီး စိုက်စရိတ်ကာမိစေရန် ကောင်းမွန်သည့် သီးနှံများကို ရွေးကာ ပြည်တွင်း စျေးကွက်ကို အားကိုးရောင်းချနေရကြောင်း တောင်သူတစ်ဦးက ဆိုသည်။

 “ ဖရဲဆိုရင် တချို့ အမှည့်လွန်ချင်တာမျိုးတွေ၊ အလုံးသေးတာ၊ အရောင်မလှတာမျိုးတွေပါ ပါသွားတာတွေတော့ ရှိတယ်။ ရောင်းချင်ဇောနဲ့ အကုန်တင်ပေးလိုက်တာ။ ကားတစ်စီးလုံး မရောင်းရဘဲ ပြန်ရောက်လာလို့ အခု ပြည်တွင်းစျေးကွက်ထဲပဲ ဖြန့်လိုက်ရတယ်။ ရှုံးတာပေါ့။ သိန်း ၄၊ ၅၊ ၆၀ လောက်။ ကားခ၊ အလုပ်သမား ခတွေ။  နောက်ဆိုရင် သတိထားရမှာပေါ့။ အမှန်ဒီနှစ်က တရုတ်ကို ပို့လို့ရမယ်တောင် မထင်ဘူး။ အခု သူတို့ ပြန်ဖွင့်အချိန်ကျတော့ အရည်အသွေး ဘာညာနဲ့ ဆိုတော့ အဆင်မပြေတော့ဘူးလေ။ လာမယ့်နှစ်တော့ သေချာဂရုစိုက်ပြီး တိုးစိုက်ဖို့ပြင်ဆင်နေတယ်။”ဟု မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှ အမည်မဖော်လိုသည့်  ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။

နယ်စပ်ဂိတ်များတွင် ကုန်သွယ်မှုများကို ယခင်က အလားအလာကောင်းမျိုးဖြစ်ခဲ့သည့် ကိုဗစ်မတိုင်ခင် ကာလမျိုး ရောက်ရှိရန် ကုန်သည်များအားလုံးက မျှော်လင့်လျက်ရှိသည်။

ဘုန်းမြတ်(အုန်းတောမြေ)