【 ဆောင်းပါး 】မြန်မာ့စျေးကွက်ထဲက တရုတ်ဟန်းဆက်များ

【 ဆောင်းပါး 】မြန်မာ့စျေးကွက်ထဲက တရုတ်ဟန်းဆက်များ

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ဆက်သွယ်ရေးကဏ္ဍမှာ အင်မတန်အရေးပါသော အနေအထား၌ ရှိနေခဲ့သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင်လည်း မိုဘိုင်းဖုန်းဆင်းမ်ကတ်များမှာ ယခင်က ကျပ်သိန်းဆယ်နှင့်ချီရသော ပမာဏမျိုး ပေးသွင်း၍ သုံးစွဲရသော အခြေအနေမှ ၂၀၁၀-၁၁ ဝန်းကျင်လောက်တွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ဝယ်ယူသုံးစွဲခွင့်ရလာကြသည်။

ထိုစဉ်ကလူတိုင်းဝယ်ယူနိုင်သောအခြေအနေမရှိသေးပေ၊ သို့သော်လည်း လုပ်ငန်းနှင့်ဆက်စပ်ကာ သုံးစွဲရန်လိုအပ်သော အလုပ်သမားများနှင့် ဝန်ထမ်းအချို့မှာ သက်ဆိုင်ရာအလုပ်ရှင်မှ ကူညီသည့် လစာမှအရစ် ကျ ငွေကြေးဖြင့်လည်းကောင်း၊ ပုဂ္ဂလိက အရစ်ကျငွေကြေးများဖြင့်လည်းကောင်း ဝယ်ယူကာအသုံးပြုခဲ့ကြသည်။ ဆင်းမ်ကတ် ဝယ်ယူသုံးစွဲနိုင်သူ အများစုမှာ ခလုတ်ဖုန်းဟုလူပြောများသည့် Keypad ဟန်းဆက်များကိုသာ အသုံးပြုမှုများပြားသည်။ ထိုကျပ်ငါးသိန်းတန် ဆင်းမ်ကတ်များတွင် GSM နှင့် CDMA ကွန်ရက်များဖြစ်သည့်အတွက် စျေးကွက်အတွင်းမှ ဟန်းဆက်များမှာ Brand တူသော်လည်း ကွဲပြားလေ့ရှိသည်။ CDMA ကွန်ရက်သုံးသည့် ဟန်းဆက်များအနက်တွင် CDMA 450 MHz သုံးဟန်းဆက်နှင့် CDMA 800 MHz သုံးဟန်းဆက်ဟူ၍ အမျိုးအစား ထပ်မံကွဲပြားပြန်သည်။ ရန်ကုန်လိုမြို့ပြကြီးများတွင် CDMA 800 MHz ကွန်ရက်ဖုန်းများကို နှစ်သက်သူများခဲ့ပြီး စျေးဆိုင်များ၊ အိမ်ဆိုင်များအပါအဝင် အရပ်ထဲတွင် ဖုန်းပြောခဝန်ဆောင်မှုဖြင့် ပြန်လည်၍ ဝင်ငွေရှာဖွေနိုင်သော အခြေအနေမျိုးဖြစ်ခဲ့သည့်အတွက် နှစ်သက်သူများရခြင်းဖြစ်သလို အထိုင်ဟန်းဆက် အမျိုးအစားကို ခြင်းဖြင့်ထည့်၍ သုံးစွဲလေ့ရှိကြသည်။ မကြာခဏခရီးသွားလာတတ်သူများက CDMA 450 MHz ကွန်ရက်သုံး ဖုန်းများကိုသုံးစွဲလေ့ရှိသလို ယင်းဟန်းဆက်အများစုက အင်တန်နာတိုင်ပါသည့်အတွက် ဟန်လုပ်ကာ သုံးစွဲသူအချို့လည်း ရှိကြသည်။ စိတ်ရှုပ်မခံလိုသူအများစုကမူ GSM ကွန်ရက်သုံး ဖုန်းများကို အသုံးပြုလေ့ရှိကြသည်။ ထိုခေတ်ကာလက ဟန်းဆက် စျေးကွက်အတွင်း အများဆုံးလွှမ်းမိုးထားသော ဟန်းဆက်မှာ နိုကီယာအမှတ်တံဆိပ်ကပ်ထားပြီး အတွင်းဘက်တွင် Made in China ဟု ရေးသားထားကြသည့် တရုတ်နိုင်ငံထုတ် ဟန်းဆက်များပင်ဖြစ်သည်။

ထိုစဉ်က ဟန်းဆက်၏ Brand စစ်မှန်ခြင်း မစစ်မှန်ခြင်းတို့ထက် ဆင်းမ်ကတ်ထည့်လိုက်သည့်အခါ ဖုန်းအဝင်၊ အထွက် ခေါ်ဆိုနိုင်ရုံမျှပင် ကျေနပ်စရာဖြစ်ခဲ့ကြသည်။ Keypad ဟန်းဆက်များကို လူကြားသူကြား၌ထုတ်ကိုင်ရင်း ဖုန်းဝင်လာသည့်အခါ အသံကျယ်ကျယ်ထွက်ပေါ်နေမှုအပေါ်ပင် ကျေနပ်နေကြသည်။ ထိုကာလမရှေးမနှောင်းပင် Touch Screen ဟန်းဆက်များ စျေးကွက်ဝင်လာပြီး သုံးစွဲသူအချို့ရှိလာသည်။ ထိုစဉ်ကာလတွင် Sony, Samsung, Huawei, HTc, ZTE စသည့် အမှတ်တံဆိပ်ကပ်ထားသော ဟန်းဆက်များက သုံးစွဲသူအနည်းအကျဉ်းကြား၌ပင် စျေးကွက်ဝေစုလုလာကြသည်။ Keypad ဟန်းဆက် နှစ်လုံးစာလောက်စျေးနှုန်းမျိုးဖြစ်နေသော Touch Screen ဟန်းဆက်များမှာ အင်တာနက်အပါအဝင် ဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍများကို ပိုမိုသုံးစွဲနိုင်ပြီး နှစ်သက်စရာဖြစ်လာရာမှ တစ်စစဖြင့် ဝယ်သုံးလာကြသလို အချို့မှာလည်း အရစ်ကျနှုန်းမျိုးဖြင့် ဝယ်သုံးလာကြသည်။ ထိုကာလတွင် Touch Screen ဟန်းဆက်များအနက် နှစ်သက်မှုများခဲ့သော အမှတ်တံဆိပ်မှာ Huawei ဖြစ်လာခဲ့သည်။ အခြားသောအမှတ်တံဆိပ်များထက် အသုံးပြုသူများလာပြီး စျေးကွက်ဝေစုကို အများဆုံး ပိုင်ဆိုင်လာခြင်းလည်း ဖြစ်သည်။ ထို Huawei အမှတ်တံဆိပ်သည် တရုတ်နိုင်ငံ၏ စမတ်ဖုန်း အမှတ်တံဆိပ်များ အနက်တွင် စီနီယာအကျဆုံးအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၁၉၈၇ စက်တင်ဘာ ၁၅ ရက်တွင် စမတ်ဖုန်းလောကအတွင်း ဝင်ရောက်လာကာ လက်ရှိတွင် သက်တမ်းအားဖြင့် ၃၅ နှစ်ကျော်လာခဲ့ပြီဖြစ်သည်။

ယခင် ကျပ်ငါးသိန်းဖြင့် ဝယ်ယူခွင့်ရသော ဆင်းမ်ကတ်များမှာ ၂၀၁၁ ခုနှစ် ဝန်းကျင်လောက်တွင် ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲနှုန်းဖြင့် ထုတ်ရောင်းလာကြသလို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူလုပ်ဆောင်သည့် ကုမ္ပဏီအချို့မှ ရောင်းချလာကြသည်။ ထိုကာလလောက်အထိ ဆင်းမ်ကတ်များထည့်သုံးရန် ဟန်းဆက်များအတွင်း Huawei အမှတ်တံဆိပ်မှာ စျေးကွက်ဝေစုအများအပြားကို ပိုင်ဆိုင်ထားဆဲအခြေအနေမျိုးဖြစ်သည်။ ဆင်းမ်ကတ်တစ်ကတ်၏ တန်ဖိုးသည်လည်း ယခင်ကလောက် မဟုတ်တော့ဘဲ စျေးကျဆင်းလာသည့်အတွက်ကြောင့်လည်း ပုံမှန်ဝင်ငွေရှိသူအများအပြားအထိ မိုဘိုင်းဖုန်းကိုင်လာနိုင်သော အခြေအ နေမျိုးဖြစ်လာသည်။ သို့ရာတွင် တစ်နိုင်ငံလုံးအနေအထားဖြင့် လွှမ်းခြုံကြည့်ပါက နည်းပါးနေသေးသည့် အရေအတွက်မျိုးပင်ဖြစ်သည်။ နောက်ပိုင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်လောက်တွင် နိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆ ၁၀ ရာခိုင်နှုန်း ရရှိစေရန် အစိုးရပိုင်းက ရည်မှန်းဆောင်ရွက်ခဲ့ပြီး ၂၀၁၃-၂၀၁၄ တွင် ၂၇ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၁၅-၁၆ တွင် ၇၅ မှ ၈၀ ရာခိုင်နှုန်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် အင်တာနက်ဝန်ဆောင်မှု စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ရေးအတွက်ဆောင်ရွက်လာခဲ့သည်။

“ဖုန်းသုံးစွဲခွင့်ရလို့ ကျပ်ငါးသိန်းတန် ဆင်းမ်ကတ်သွားထုတ်တုန်းက ဘဏ်ငွေသွင်းတာနဲ့ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးမှာ ကတ်ထုတ်တာ တစ်နေကိုကုန်ခဲ့ဖူးတယ်”ဟုလည်း ကိုယ်တိုင်ကြုံဖူးသူတစ်ဦးက ယခင်အခြေအနေကို ပြန်ပြောပြသည်။

ထို့အပြင် ဆက်သွယ်ရေးကဏ္ဍ၏ အသားတင် ဝန်ဆောင်မှုတန်ဖိုးကို စီမံကိန်း၏နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၁၅-၁၆ တွင် အခြေခံနှစ်အပေါ် ၂ ဒသမ ၁၄ ဆဖြစ်ပေါ်ရန်၊ တစ်နှစ်ပျမ်းမျှ ၁၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားခဲ့ပြီး မြို့ပြတွင်သာမက ကျေးလက်ဒေသအထိ တယ်လီဖုန်းများ တိုးချဲ့တပ်ဆင်ကာ တယ်လီဖုန်း သိပ်သည်းဆကို ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ လည်းကောင်း၊ အင်တာနက် ထိုးဖောက် သုံးစွဲမှုကို ၅၀ ရာခိုင်နှုန်းအထိ လည်းကောင်း တိုးတက်သုံးစွဲနိုင်ရေး ရည်မှန်းကာ ဆောင်ရွက်ခဲ့ကြသည်။ မိုဘိုင်းဖုန်းများနှင့်ပတ်သက်ပြီး အောက်ခြေလူတန်းစားများကြားတွင် မျှော်လင့်စရာ အိပ်မက်မျိုးဖြစ်လာသလို ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် ပေါ်ထွက်ခဲ့သော သတင်းတစ်ခုကြောင့်လည်း လူထုကြား၌ ဟိုးလေးတကျော် ဖြစ်လာကြသည်။ ထိုသတင်းကား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်က ရန်ကုန်မြို့ Parkroyal ဟိုတယ်တွင် ရွှေပြည်တံခွန် တယ်လီကွန်း ကုမ္ပဏီ၏ သတင်းစားရှင်းလင်းပွဲ၌ မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် ဆင်းမ်ကတ်တစ်ခုကို သုံးစွဲနိုင်မည့် သတင်းမျိုးပင်ဖြစ်သည်။ ခွင့်ပြုချက်ရသည်နှင့် သုံးလမှခြောက်လအတွင်း အကောင်အထည်ဖော်မည်ဟု အခိုင်အမာ ထုတ်ဖော်လိုက်ခြင်းကြောင့်လည်းဖြစ်သည်။

ထို့နောက် ၂၀၁၂ ခုနှစ်အကုန် ၂၀၁၃ ခုနှစ် နှစ်ဆန်းလောက်အတွင်း သတင်းများက မျိုးစုံထွက်လာပြန်သည်။ ကျပ် ၅၀၀၀ အစား ကျပ် ၁၅၀၀ ဖြင့်ပင် ရောင်းချပေးနိုင်သည်ဟုဆိုပြန်ကြသည်။ ၂၀၁၃ ခုနှစ်၊ ဧပြီ ၂၄ ရက်မှစကာ ရပ်ကွက်/ကျေးရွာများအလိုက် ၁၅၀၀ ကျပ်ဖြင့် မိုဘိုင်းဖုန်း ဆင်းမ်ကတ် (Subscriber Identity Module card) များကို ရောင်းချပေးလာသည်။ ကနဦးပိုင်းတွင် CDMA ကွန်ရက်သုံးစွဲသည့် MEC ဆင်းမ်ကတ်များဖြစ်ပြီး နောက်ပိုင်းတွင် GSM, WCDMA, CDMA ဆင်းမ်ကတ်များကို ရောင်းချပေးလာခဲ့သည်။ ထိုစဉ်က ရောင်းလိုအားထက်ဝယ်ချင်သူများသည့်အတွက် မဲနှိုက်၍သာ ရောင်းချခြင်းမျိုးဖြစ်သလို ကျပ် ၁၅၀၀ ဖြင့် ဝယ်ခွင့်ရသော ဆင်းမ်ကတ်ကို ပြင်ပတွင်ပြန်ရောင်းပါက အနိမ့်ဆုံးကျပ် ငါးသောင်းအထက်တွင် စျေးရနေသည်။ ထိုငွေသည် သာမန် လက်လုပ်လက်စားများအတွက် အရင်းအနှီးတစ်ခုခုလုပ်နိုင်သည့် အခြေအနေဖြစ်သည့်အတွက် မိမိသုံးစွဲဖို့ထက် မဲပေါက်ရေးအတွက်သာ စိတ်အားထက်သန်ကြသည်။ ယင်းမဲနှိုက်ရောင်းချသည့် ကိစ္စရပ်များအတွင်း ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ အောက်ခြေပြည်သူများကြားတွင် ပြဿနာမျိုးစုံဖြစ်ကြ တိုင်ကြတောကြအခြေအနေများစွာလည်း ဖြစ်ကြသည်။

ထိုကာလတွင် ဖုန်းခေါ်ဆိုရန် နှင့် စာပို့ရန်သာ သုံးနိုင်သော ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ အတွင်းသာပေးရသည့် တရုတ်နိုင်ငံလုပ် ဟန်းဆက်များ သုံးစွဲမှုမှာ တွင်ကျယ်လာခဲ့ပြီး အင်တာနက်သုံးနိုင်သည့် ဟန်းဆက်များကို ကျပ် ၄၀၀၀၀ ဝန်းကျင်မှ ကျပ် ၆၀၀၀၀ ဝန်းကျင်ကြား သုံးစွဲမှုများခဲ့သည်။ ထိုကာလအထိ စျေးကွက်အတွင်း တရုတ်ဟန်းဆက်များမှာ အသုံးဝင်မှုများနေသလို နှစ်သက်မှုလည်းများလာခဲ့သည်။

နောက်ပိုင်းတွင် Telenor နှင့် Ooredoo စသည့် အော်ပရေတာများလည်း ဝင်ရောက်လာသလို ပြည်တွင်းအော်ပရေတာ အဖြစ် MyTel ကို Star High Public Company နှင့် Myanmar National Telecom Holding Public တို့အပါအဝင် အစုရှယ်ယာပိုင်ရှင်များဖြင့်ဖွဲ့စည်းခဲ့ပြီး ဗီယက်နမ်နှင့်ပူးပေါင်းလုပ်ဆောင်လာကြသလို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ MPT အော်ပရေတာမှလည်း ဂျပန်နှင့်ပူးပေါင်းကာ အဆင့်မြှင့်တင်မှုများလုပ်ဆောင်လာကြကာ တန်ဖိုးနည်းဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ ဖြင့် လမ်းဘေး၌ပင် လွယ်လွယ်ဝယ်နိုင်သော အခြေအနေမျိုးအထိ ရောက်လာသလို ဟန်းဆက်ဝယ်ယူသည့်အခါ ဆင်းမ်ကတ် တစ်ကတ်လက်ဆောင်ပေးခြင်း၊ ယင်းလက်ဆောင်ပေးသည့်ဆင်းမ်ကတ်တွင် အင်တာနက်များ သုံးနိုင်သော Data လက်ဆောင်များ၊ ဖုန်းနှင့်မက်ဆေ့များပို့နိုင်သော လက်ဆောင်များပေးသည်အထိ တွင်တွင်ကျယ်ကျယ် ဖြစ်လာခဲ့ကြသည်။

ယခင်က လူတိုင်းလက်လှမ်းမမီနိုင်သော စျေးနှုန်းမျိုးဖြစ်ခဲ့သည့် ဆင်းမ်ကတ်များမှာ လက်ရှိတွင် စျေးနှုန်းသက်သာသည့်အပြင် လွယ်လွယ်ဝယ်နိုင်သော အနေအထားကြောင့်လည်း ထည့်သွင်းသုံးစွဲမည့် ဟန်းဆက်များမှာ ရွေးချယ်စရာ ဖြစ်လာခဲ့သည်။ စျေးနှုန်းအားဖြင့်လည်း သင့်တင်ကာ ဖုန်းပြောရုံအပြင် အင်တာနက်သုံးစွဲမှုအတွက်လည်း အဆင်ပြေ စေမည့် ဟန်းဆက်များကို ရွေးချယ်ရင်း ပြည်တွင်းစျေးကွက်တွင် Huawei , Xiaomi , OnePlus , Meizu စသည့် တရုတ် android ဖုန်းများက မိုဘိုင်းဖုန်းသုံးစွဲသူများကြားတွင် ရွေးချယ်ဝယ်ယူစရာဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ဖုန်းဟန်းဆက်ထုတ်လုပ်မှုကို လေ့လာကြည့်လျှင် ၂၀၂၁ ခုနှစ်စာရင်းများအရ တရုတ်စမတ်ဖုန်းထုတ်ကုန် ပမာဏမှာ ကမ္ဘာ့ထိပ်ဆုံးနေရာတွင်ရှိနေပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ၏ ဖုန်းပို့ကုန်ပမာဏမှာ အလုံးရေ ၉၇ ဒသမ ၆၉၂ သန်းဖြစ်ပြီး ယခင်နှစ်ကထက် ၀ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာကာ ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း ရှိသည်ဟု စာရင်းများတွင် ဖော်ပြကြသည်။ ကမ္ဘာလုံးဆိုင်ရာ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ရက်နည်းပညာ မူပိုင်ခွင့် လျှောက်ထားသည့် ၂၀၂၀ ပြည့်နှစ်လောက်က အရေအတွက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းဖုန်းထုတ်လုပ်ငန်း Huawei နှင့် OPPO တို့က ရှေ့တန်းမှာရှိနေကာ လျှောက်ထားမှုအမည်စာရင်းတွင် နံပါတ်တစ်နှင့် နှစ်နေရာတို့၌ ရှိနေပြီး ထိပ်ဆုံးကုမ္ပဏီ ၁၀ ခုအနက် တရုတ်ဖုန်းကုမ္ပဏီလေးခုပါဝင်နေလျက်ရှိသည်။

ပြည်တွင်းမိုဘိုင်းပစ္စည်းများစျေးကွက်တွင် အဆိုပါ အမှတ်တံဆိပ်များအပြင် ယခုနောက်ပိုင်း တရုတ်နိုင်ငံအခြေစိုက် BBK Electronic ၏ ပထမဆုံး စမတ်ဖုန်း Brand ဖြစ်သော သက်တမ်း ၂၀ နီးပါးရှိလာသော Oppo ဟန်းဆက်များ၊ ၂၀၀၉ ခုနှစ်မှ စတင်ကာ တရုတ်စျေးကွက်အတွင်း ဖြန့်ဖြူးလာသည့် Vivo ဟန်းဆက်များ၊ Oppo ၏ Brand ခွဲတစ်ခုဖြစ်သလို ၂၀၁၈ ခုနှစ်မှ စတင်ကာ စျေးကွက်အတွင်းရောက်လာသည့် Realme ဟန်းဆက်များကလည်း လူတိုင်းလက်လှမ်းမီသော အခြေအနေမျိုး ဖြစ်သလို နှစ်သက်သုံးစွဲမှုများပြားနေလျက်ရှိသည်။

ထိုဟန်းဆက်ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများဘက်ကလည်း ပိုမိုကောင်းမွန်သည့် ဒီဇိုင်းနှင့် အရည်အသွေးများကို မြှင့်တင်လာသလို အနာဂတ်ခေတ်ကာလ၏ မိုဘိုင်းကွန်ရက်များအတွင်း ပြည်တွင်းသုံးစွဲသူများကြား လက်လွှတ်မရနိုင်ဘဲ ဆက်လက်သုံးစွဲနေကြဦးမည်မှာ အခိုင်အမာဖြစ်သည်။

ဧပရယ်လ်