【 ဆောင်းပါး 】မြန်မာ့သစ်သီးဝလံစျေးကွက်အတွက် အားထားရာ

【 ဆောင်းပါး 】မြန်မာ့သစ်သီးဝလံစျေးကွက်အတွက် အားထားရာ

စိုက်ပျိုးရေးကိုအခြေခံတဲ့ မြန်မာနိုင်ငံဟာ သစ်သီးဝလံမျိုးစုံ စိုက်ပျိုးထွက်ရှိသလို ပြည်ပနိုင်ငံအသီးသီးကိုလည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။ မြန်မာနိုင်ငံကထွက်ရှိတဲ့ သစ်သီးဝလံပို့ကုန်တွေကိုလည်း နယ်မြေချင်း ထိစပ်နေတဲ့ တရုတ်စျေးကွက်တစ်ခုတည်း ကိုပဲ အဓိကတင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။

ပြည်ပပို့ကုန်သစ်သီးတွေထဲမှာ ဖရဲသီးနဲ့ သခွားမွှေးဟာလည်း တရုတ်နိုင်ငံအတွင်းကို နှစ်စဉ်ပုံမှန်တင်ပို့ နေရတဲ့ ပို့ကုန်တွေ ဖြစ်ပါတယ်။ ဖရဲ၊ သခွားမွှေးများကို မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နေကြတာကလဲ တရုတ်နိုင်ငံဈေးကွက်သို့နယ်စပ်လမ်း ကြောင်းကနေ တင်ပို့ရန်အတွက်သာ ရည်ရွယ်စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံထွက် ဖရဲနှင့် သခွားများကို နှစ်စဉ်အောက်တိုဘာလမှစကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိပြီး နှစ်စဉ် ဖရဲသီးတင်ပို့မှုနှင့် ခူးဆွတ်မှု အမြင့်ဆုံးကာလမှာ မတ်လနှင့် ဧပြီလတို့ဖြစ်ပါတယ်။ ဖရဲသခွား လှိုင်လှိုင်ပေါ်တဲ့ ရာသီချိန်မျိုးမှာဆိုရင် မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကနေ နေ့စဉ်ဖရဲ သခွား ကားအစီးရေ ရာဂဏန်းကျော် ဝင်ထွက်လေ့ရှိပါတယ်။

၂၀၁၉ ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံကနေ ပြည်ပသို့ ဖရဲသခွားမွှေးတင်ပို့မှုဟာ နှစ်စဉ်တန်ချိန် တစ်သိန်းကျော် တိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာလည်း တန်ချိန် တစ်သန်းနီးပါး တင်ပို့နိုင်ခဲ့တယ်လို့ ဖရဲသွားစိုက်ပျိုး ထုတ်လုပ်သူတွေက ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါကျရောက်မှု မတိုင်ခင်ကာလက တရုတ်နိုင်ငံကို ဒေသထွက် ဖရဲနဲ့သခွားမွှေး သစ်သီးဝလံတင်ပို့မှုက တန်ချိန် ၁ သန်းဝန်းကျင်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသို့ ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုစာရင်းတွေကိုကြည့်ရင်လည်း မူဆယ်နယ်စပ်မှတစ်ဆင့် ဖရဲသီးတင်ပို့မှုဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ တန်ချိန် ခုနှစ်သိန်းကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ရှစ်သိန်းကျော် နဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ရှစ်သိန်းကျော်အထိ ရှိခဲ့တာဖြစ်ပါတယ်။

အလားတူ သခွားမွှေးတင်ပို့မှုမှာလည်း  ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ တန်ချိန် တစ်သိန်းနှစ်သောင်းကျော် ၊၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန်တစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်နဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သိန်း ခွဲကျော် ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံသို့ သစ်သီးဝလံတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရရှိခဲ့ပေမဲ့ ကိုဗစ်ဖြစ်ပြီး နောက် မြန်မာ့သစ်သီးဝလံတင်ပို့မှုက လျော့ကျသွားခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အောက် အထိ ကျဆင်းခဲ့ရပါတယ်။ပြည်တွင်းကနေထွက်ရှိတဲ့ ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံသို့  နှစ်စဉ်တင်ပို့လေ့ရှိခဲ့သော်လည်း  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တင်ပို့မှုလျော့ကျလာပြီးနောက်ပိုင်း စိုက်ပျိုးမှုတွေပါ လျော့ကျခဲ့ရပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ အသွားအလာကန့်သတ်တာတွေနဲ့အတူ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို မကြာခဏဆိုသလို ပိတ်ထားခဲ့ရတာတွေကြောင့် ကုန်စည်စီးဆင်းမှုကလည်း ကြန့်ကြာမှုတွေရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဖရဲ၊ သခွားမွှေးတင်ပို့ရာမှာ သယ်ယူစရိတ်ပိုမိုကုန်ကျတာနဲ့ အချိန်ကြန့်ကြာတာကြောင့် ပို့ကုန်တွေ အပျက်အစီးများတာတွေ ကြုံတွေ့ခဲ့ရပြီး အရှုံးပေါ်တဲ့ဖြစ်စဉ်တွေပါ ရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ဖရဲ၊ သခွား ပေါ်တဲ့ရာသီချိန်မှာတော့ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို ပုံမှန်နီးပါးပြန်လည်ဖွင့်လှစ်လာနိုင်ခဲ့တာကြောင့် တရုတ် နိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းကနေ ပုံမှန်ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။

ထို့အတူ တရုတ်ဘက်ကို တင်ပို့နေတဲ့ မြန်မာ့ ဖရဲ၊ သခွားတွေ ဒီရာသီအတွင်းမှာ ဈေးကောင်းရလာတယ်လို့လည်း နယ်စပ်သစ်သီးကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနေတဲ့ ဖရဲသီးဈေးကွက်ဟာ ယခုရာသီအတွင်း ဝယ်လိုအားများလာခြင်းကြောင့် ဈေးနှုန်းကလည်း နှစ်ဆကျော် မြင့်တက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီချိန်က ဖရဲတစ်တန်ကို အမြင့်ဆုံးဈေး ယွမ် ၂ဝဝဝ ကျော်သာ ရရှိခဲ့ရာမှ ယခုနှစ်ရာသီချိန်မှာတော့ ဖရဲတစ်တန်ကို အနိမ့်ဆုံးဈေး ယွမ် ၃ဝဝဝ ကနေ  အမြင့်ဆုံးဈေး ယွမ် ၅၀ဝဝ ကျော်အထိ ရရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေနေ အခက်အခဲတွေကြားမှာ အရဲစွန့်စိုက်ပျိုးကြတဲ့အတွက် ဖရဲသခွားစိုက် တောင်သူတွေအနေနဲ့ အခုနှစ်ရာသီချိန်မှာ စျေးကောင်းရခဲ့တာကြောင့် အကျိုးအမြတ်လည်းရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်းကစပြီး အထိနာခဲ့ရတဲ့ ပြည်တွင်းက ဖရဲသခွားစိုက်တောင်သူတွေအနေနဲ့လည်း ကိုဗစ်အလွန်ကာလ စျေးကွက်ပြန်ဖွင့်ချိန်မှာ တာထွက်ကောင်းခဲ့တာလို့ ဆိုရမှာပါ။

ပြည်တွင်းက ဖရဲသခွားစိုက် တောင်သူတွေအနေနဲ့ တရုတ်စျေးကွက်ကိုသာ အဓိကအားထားနေရတာကြောင့် လာမယ့်ဖရဲသခွားပေါ်ချိန်မှာလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ အဆင်ပြေချောမွေ့နေမှာသာ အခုနှစ်လိုမျိုး အကျိုးအမြတ်ရရှိမှာဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်းက ရပ်တန့်ခဲ့ရတဲ့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ လက်ရှိမှာလည်း ပုံမှန်အတိုင်း ပြန်လည်အသက်ဝင်နေပြီဖြစ်တာကြောင့် တရုတ်နိုင်ငံအတွင်းသို့ သစ်သီးဝလံတင်ပို့ ရောင်းချမှုတွေဟာလည်း ယခင်ကာလလို ပြန်လည်ကောင်းမွန်လာဖို့ အလားလာတွေရှိနေပြီဖြစ်ပါတယ်။

ခန့်မောင်