【 ဆောင်းပါး 】ရေခဲပန်းပုနဲ့ နှင်းပွဲတော်ပြုလုပ်ရာ ဟာဘင်းမြို့

【 ဆောင်းပါး 】ရေခဲပန်းပုနဲ့ နှင်းပွဲတော်ပြုလုပ်ရာ ဟာဘင်းမြို့  

တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းမှာရှိတဲ့ ကမ္ဘာ့လူသိများထင်ရှားတဲ့ မြို့တစ်မြို့ကို ပြောပါဆိုရင် ရောက်ဖူးသူတိုင်းပြောပြကြမယ့်မြို့တစ်မြို့ကတော့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်း ပြည်နယ်မှာရှိတဲ့ ဟာဘင်းမြို့ပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ဟာဘင်းမြို့ကို ရွေးချယ်ပြောဆိုရတာလည်းလို့မေးရင်တော့ ဟာဘင်းမြို့ဟာ နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာ ရေခဲပန်းပုနဲ့နှင်းပွဲတော်ပြုလုပ်တာဖြစ်လို့ ကမ္ဘာ့လှည့်ခရီးသွား တော်တော်များများက သိကြတာဖြစ်ပါတယ်။

ဟာဘင်းမြို့မှာ နိုင်ငံတကာ ရေခဲပန်းပုနဲ့ နှင်းပွဲတော်ကို   ၁၉၈၅ မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီပြပွဲမှာ ရေခဲရုပ်တုတွေပြုလုပ်ပြီးပြသတဲ့အတွက်  ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာမြို့တစ်မြို့ဖြစ်ပါတယ်။ ဟာဘင်းမြို့ဟာ လေထဲကို ရေပတ်လိုက်ရင် ရေခဲဖြစ်သွားတဲ့မြို့ဆိုပြီး တရုတ်ပြည်မှာသာမက ကမ္ဘာလှည့်ခရီးသွားတွေ အသိများတဲ့ မြို့ဆိုရင်လည်းမမှားပါဘူး။  ဟာဘင်းမြို့မှာတော့ ရေခဲပန်းပုနဲ့ နှင်းပွဲတော်ကို နှစ်စဉ်ဒီဇင်ဘာလ(၂၅)ရက်နေ့ကစပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့အထိ ၂လနီးပါးလောက် ကြာအောင်ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။

ဟာဘင်းမြို့မှာပြုလုပ်တဲ့  ရေခဲပန်းပုနဲ့ နှင်းပွဲတော်မှာတော့ အင်မတန်လှပပြီးလက်ရာမြောက်တဲ့ ရေခဲပန်းပု ပုံစံအမျိုးမျိုးပြုလုပ်ထားတာကို  တစ်နေရာထဲမှာ တစ်ဝကြီးကြည့်ရှုခံစား လေ့လာနိုင်တာဖြစ်ပါတယ် ။ ဒါ့အပြင် ရေခဲပန်းပုအလှကိုကြည့်ရင်း ရေခဲပြင်စကိတ်စီး အားကစားကိုလည်း တစ်နေရာထဲမှာ ပြုလုပ်နိုင်တဲ့အတွက် ဟာဘင်းကပိုပြီး နာမည်ကြီးလွန်းနေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဟာဘင်းမြို့ ရေခဲပန်းပုနဲ့ နှင်းပွဲတော်ဟာ Japan Sapporo Snow festival ၊  Canada Quebec Winter Carnival   ၊ နော်ဝေး Holmenkollen  နှင်းလျှောစီးပွဲများလို ကမ္ဘာ့ထိပ်ဆုံးရေခဲပြင်နဲ့ဆီးနှင်းပွဲတော်များလို လူသိများထင်ရှားတယ်လို့ သိရပါတယ်။ ဒါကြောင့်နှစ်စဉ် ဇန်နဝါရီလရောက်ပြီဆိုတာနဲ့ ရေခဲပန်းပုတွေကိုသွားကြည့်ဖို့ ဟာဘင်းမြို့ကို သွားရောက်လည်ပတ်ကြတဲ့ ပြည်တွင်း၊ပြည်ပက ခရီးသွားပြည်သူသောင်းနဲ့ချီ ရှိတယ်လို့ သိရပါတယ်။

ဟာဘင်းရဲ့ ကမ္ဘာကျော် ရေခဲပန်းပုပွဲတော်ကိုတော့ ရေခဲနေတဲ့ ဆုန်ဟွာမြစ်တစ်လျှောက်မှာ ကျင်းပလေ့ရှိပြီး ပွဲတော်မကျင်းပမီ ဒီဇင်ဘာလလောက်ကတည်းက ဟာဘင်းကို ဖြတ်ပြီးစီးဆင်းတဲ့ မြစ်တွေကရေတွေဟာ ရေခဲပြင်ကြီးလိုဖြစ်နေလို့ အဲဒီရေခဲပြင်က ရေခဲတွေကိုတူးပြီး ရေခဲပန်းပုတွေကို ထုလုပ်ကြပါတယ်။

ရေခဲပန်းပုတွေကို ပုံစံအမျိုးမျိုးထုလုပ်ကြပြီး လေယာဉ်တင်သင်္ဘောပုံစံ ရေခဲပန်းပုရုပ်အပါအဝင် ကြီးမားလွန်းတဲ့ ရေခဲရဲတိုက်ကြီးတွေ၊ ရေခဲနာရီစင်ကြီးတွေ၊ရေခဲဝင်္ကပါလမ်းတွေ၊ လူရုပ်ပုံစံရေခဲပန်းပုတွေ၊ တိရစ္ဆာန်အကောင်မျိုးစုံပုံစံရေခဲပန်းပုတွေနဲ့ ရေခဲပန်းပုအဆောက်အဦတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ရေခဲပန်းပုတွေ ဆောက်လုပ်တဲ့ အခါမှာတော့ လူအားအပြင် စက်အားနဲ့ပါ တည်ဆောက်ကြပါတယ်။ ရေခဲပန်းပုပွဲတော်ကျင်းပတဲ့ ဥယျာဉ်ထဲမှာတော့ ရေခဲပြင်ကြီးကို အလှပြင်ဆင်ထားတဲ့ ရေခဲအလှပန်းခြံ ၄ခု အပြင် ရေခဲပန်းပုပေါင်းများစွာကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဟာဘင်းမှာ ရေခဲပန်းပုလက်ရာတွေကို နေ့ဘက်မှာ အနီးကပ် မြင်တွေ့ခံစားနိုင်သလို ညဘက်မှာလည်း ရေခဲပန်းပုတွေပေါ်မှာရောင်စုံ ထွန်းညှိထားတဲ့ မီးရောင်စုံအလှကို ကြည့်ပြီး ရေခဲရှုခင်းအလှကိုခံစားလို့ ရပါတယ်။

ဟာဘင်းမြို့ကိုရောက်ပြီဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေ ထူးခြားစွာပြုလုပ်တဲ့အရာတစ်ခုကတော့  ဆုန်ဟွာမြစ်မှာ ရေကူးတာပါပဲ။ ရေခဲပြင်မှာ ရေကူးတာက စွန့်စားမှုတစ်ခုလို့ ထင်ရပေမယ့် ရေခဲပြင်ရေကူး တဲ့ အားကစားနည်းက ဒေသဆိုင်ရာအားကစားနည်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ စွန့်စားချင်းကို ကြိုက်တဲ့သူများအတွက် ဆုန်ဟွာမြစ်ရေခဲပြင်မှာ မဖြစ်မနေရေကူးသင့်တယ်လို့ ပြောရမှာပါ။

ဒါအပြင် ဟာဘင်းမြို့ကိုရောက်ရင် မဖြစ်မနေလုပ်သင့်တဲ့အရာတစ်ခုကတော့ ဟာဘင်းမြို့အလှကိုလမ်းလျှောက်ပြီး လေ့လာကြည့်ရှုတာပါပဲ။ မြို့အတွင်းလှည့်ပတ်ကြည့်မယ်ဆိုရင်တော့ ၂၀ရာစု အစောပိုင်းက  ဟာဘင်းမြို့ရဲ့ နေထိုင်မှုဘဝကို ခံစားလေ့လာနိုင်သလို ရုရှားပုံစံဆောက်ထားတဲ့ ဗိသုကာအဆောက်အဦးတွေကလည်း ဆွဲဆောင်မှုရှိတယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဟာဘင်းမြို့ကိုရောက်ပြီဆိုရင်တော့ နှင်းမြို့တော်လို့လူသိများတဲ့ Hailin  ကောင်တီမှာရှိတဲ့ Chian Snow Tow (Xue Xiang ) ကလည်း  မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီ မှာလှပတဲ့နှင်းများကို တွေ့နိုင်သလို ဆောင်းရာသီရှုခင်းအလှကို ခံစားနိုင်တဲ့ နှင်းမော်တော်ဆိုင်ကယ်ကိုလည်းစီးပြီး သဘာ၀အလှတရားတွေကို ကြည့်ရှုခံစားအပန်းဖြေနိုင်မှာဖြစ်ပါတယ်။

ဟာဘင်းမြို့ကို သွားရောက်လှည်ပတ်မယ်ဆိုရင်တော့  လည်ပတ်ဖို့ အကောင်းဆုံးအချိန်က ဒီဇင်ဘာ ၂၀ ရက် နောက်ပိုင်းကနေ မတ်လအစောပိုင်းထိဖြစ်ပြီး  အဲဒီအချိန်ကရေခဲနဲ့ ဆီးနှင်းတွေကို အပြည့်အဝကြည့်ရှုခံစားနိုင်လို့ပဲ ဖြစ်ပါတယ်။

ဟာဘင်းမြို့မှာတော့ ရေခဲနဲ့ပြုလုပ်ထားတဲ့ ပန်းပုလက်ရာမျိုးစုံတွေအပြင် ဆီးနှင်းဖုံးလွှမ်းနေတဲ့မြို့ထဲမှာ တည်ဆောက်ထားတဲ့ အထင်ကရဘုရားရှိခိုးကျောင်းအဆောက်အဦးတွေနဲ့  ထူးခြားတဲ့ ပြတိုက်တွေကိုလေ့လာနိုင်ပါတယ်။ ဒါအပြင် ထင်ရှားတဲ့ ဒေသအစားအစာတွေဖြစ်တဲ့ ဟာဘင်းဝက်အူချောင်းနဲ့ ဟာဘင်းဘီယာကိုလည်း သုံးဆောင်လို့ ရပါတယ်။

ဒါကြောင့်မြန်မာနိုင်ငံက ခရီးသွားတွေအနေနဲ့ မတူညီတဲ့ ကမ္ဘာ့နာမည်ကြီး ရေခဲမြို့ရှိရာကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းက  ဟာဘင်းမြို့ဟာ သွားရောက်လည်ပတ်သင့်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

ကရင်လေး(အိမ်မဲ)