【 ဆောင်းပါး 】 ကိုယ်ပြုသမျှ ကိုယ်ပြန်ရ

【 ဆောင်းပါး 】 ကိုယ်ပြုသမျှ ကိုယ်ပြန်ရ

ရခဲလှသော လူ့အဖြစ်ကို ရရှိပိုင်ဆိုင်ထားသော လူသားများအဖို့ ခဲခဲယဉ်းယဉ်း ပိုင်ဆိုင်ထားသော မိမိ၏ ဘဝလေးကို တန်ဖိုးထား မြတ်နိုးသင့်လှပေသည်။

ကိုယ်ကျင့်တရား မပျက်အောင် ဂရုတစိုက်ထိန်းသိမ်းနေထိုင်မှသာ ဘဝကို တန်ဖိုးထားရာရောက်ပါမည်။ဒုစရိုက်မှုများ ပြုလုပ်မိပါက ယခုလက်ရှိဘဝအတွက်ရော နောင်ဘဝအတွက်ပါ ဝန်လေးစရာတွေ ဖြစ်ရလိမ့်မည်။

အထူးသဖြင့် သမုဒ္ဒရာဝမ်းတစ်ထွာဆိုတာလို ဝမ်းစာရေးအတွက် ဖြေရှင်းရင်း သုစရိုက် ဒုစရိုက် မခွဲခြားနိုင်လောက်အောင် လောဘနောက်လိုက်ရင်း အကုသိုလ်နွံမှာ နစ်သွားတတ်လေသည်။

ပင်ကိုယ်အသိတရားလည်းရှိ ကိုယ်ကျင့်တရားကိုလည်း သတိထားထိန်းသူတစ်ယောက်အနေနှင့် အကုသိုလ် ဒုစရိုက်အမှုကို မကျူးလွန်တတ်ပါ။သမ္မာအာဇီဝနည်းလမ်းဖြင့်သာ ရှာဖွေစားသောက်မည်ဖြစ်သည်။

ပင်ကိုယ်အသိရှိသော်လည်း သတိမထားခဲ့လျှင်လည်း လောဘနောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း ကိုယ်ကျင့်တရားပျက်ကာ ဒုစရိုက်သမား ဖြစ်သွားတတ်ကြသည်။

တချို့က သူများပစ္စည်းခိုးယူ လုယူကာ စီးပွားရှာသည်။

တချို့က လိမ်လည်လှည့်ဖျားပြောဆိုကာ စီးပွားရှာကြသည်။

တချို့တွေကတော့ သူများအသက်ကို သတ်ဖြတ်ကာ ဝမ်းစာရေးအတွက် လုပ်ကိုင်ဆောင်ရွက်ကြသည်။သူများအသက်သတ်သည့်အထဲတွင် တချို့က တံငါသည်လို မုဆိုးလို တိရစ္ဆာန်များ၏အသက်ကို သတ်ခြင်းဖြင့် စီးပွားရှာကြသော်လည်း တချို့ကတော့ လူလူချင်းသတ်ဖြတ် လုယက်ကာ စီးပွားရှာတတ်ကြသည်။သူတို့သည် သူတို့၏ ထမင်းတစ်လုတ်အတွက်နှင့် ကိုယ့်အကျင့်သီလ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးမထား သူများပစ္စည်း သူများအသက်ကိုလည်း တန်ဖိုးမထားတတ်ကြပေ။ကိုယ့်ပစ္စည်း ကိုယ့်အသက်ကို သူများက တန်ဖိုးမထားဘဲ ရန်ရှာလျှင် ကိုယ်ရောခံနိုင်ပါ့မလားဟု ကိုယ်ချင်းစာစိတ်လည်း မထားတတ်ကြပေ။တစ်ကိုယ်ကောင်းဆန်စွာ အကြမ်းဖက်နေသည်ကိုလည်း ပြန်လည်မဆင်ခြင်တတ်ကြ။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူစဉ်ကဖြစ်သည်။သာဝတ္ထိပြည်သားတစ်ယောက်သည် ဗုဒ္ဓသာသနာကို ယုံကြည်စွာဖြင့် ဘုရားရှင်ထံတွင် ရဟန်းဝတ်ခဲ့သည်။သူ့ကို တိဿဟု ခေါ်သည်။ရဟန်းဘဝနှင့် ဘုရားရှင် ဟောကြားပို့ချသည့်အတိုင်း တရားဘာဝနာများ ကျင့်ကြံအားထုတ်လေသည်။

တစ်နေ့တွင် သူ့ခန္ဓာကိုယ်မှာ မုန်ညင်းစေ့အရွယ်ခန့် အဖုလေးတွေ ထွက်လာသည်။ထိုအဖုလေးများသည် တဖြည်းဖြည်း ပဲစေ့ခန့်ရှိလာသည်။ တစ်နေ့တခြား ကြီးလာပြီး နောက်ဆုံးတွင် ဥသျှစ်သီးခန့်ဖြစ်လာကာ ထိုအနာဖုများသည် ပေါက်ထွက်ကုန်သည်။ကိုယ်ခန္ဓာတစ်ခုလုံး အဖုပေါက်ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။ထို့ကြောင့် သူ့ကို ပူတိဂတ္တတိဿမထေရ်ဟု ခေါ်ကြသည်။

ဗုဒ္ဓဘုရားရှင်သည် လောကကြီးကိုကြည့်ရာ တရားအခံရှိပြီး ကျွတ်တန်းဝင်နိုင်သည့် တိဿမထေရ်ကို တွေ့ရသည်။သူ့အနားမှာလည်း ဘယ်သူမှ သည်းခံစောင့်ရှောက်နိုင်ခြင်း မရှိတော့သဖြင့် တစ်ယောက်တည်း အနာဗရပွ သွေးပြည်အလိမ်းလိမ်း အရိုးများကြေကာ လှုပ်ပင်မလှုပ်နိုင်တော့သည့်အဖြစ်ကို တွေ့ရသည်။

ထို့ကြောင့် ဘုရားရှင်ကိုယ်တိုင် သူ့ဆီကို ကြွသွားရလေတော့သည်။အနာများကို ရေနွေးဖြင့် ဆေးကြောပေးခြင်း သွေးပြည်များကို ဆေးကြောသုတ်သင်ခြင်း စသည့် သူနာပြုစုနည်းများကို ဘုရားရှင်ကိုယ်တော်တိုင် လုပ်ဆောင်ပေးသည်။ထိုအချိန်တွင်မှ ရဟန်းများရောက်လာပြီး ဘုရားရှင်ကို ဝိုင်းကူညီကြသည်။ထိုအခါမှ တစ်ကိုယ်လုံးသန့်ရှင်းသွားပြီး မထေရ်၏ စိတ်လည်း ကြည်လင်လန်းဆန်းလာကာ နှစ်သက်ဝမ်းမြောက်မှု ပီတိဖြစ်လာသည်။ထို့နောက်ပဿတိ ထို့နောက်ချမ်းသာခြင်းသုခဖြစ်ပြီး သမာဓိရကာ စိတ်တွေတည်ငြိမ်လာသည်။ထိုအခါမှ ဝိပဿနာတရားကို ရှုမှတ်နိုင်တော့လေသည်။

ဘုရားရှင်က မထေရ်၏ ခေါင်းရင်းမှရပ်ကာ အောက်ပါဒေသနာကို ဟောကြားတော်မူလေသည်။

“ချစ်သား ဤခန္ဓာကိုယ်သည် ဝိဉာဏ်ကင်းမဲ့၍ စွန့်ပစ်ရပြီဆိုရင် မည်သို့မျှအသုံးမကျတော့သော ဖွဲထင်းကဲ့သို့ ဖြစ်သွားမည်။မကြာမီကာလအတွင်း ဤခန္ဓာကိုယ်သည် မြေအပြင်၌ လှဲလျောင်းရပေတော့မည်။” ဘုရားရှင်၏ ဒေသနာတရားအဆုံး၌ ပုတိဂတ္တတိဿမထေရ်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်များ အဆင့်ဆင့်တက်ကာ ရဟန္တာဖြစ်သွားလေသည်။

တခြားရဟန်းအချို့လည်း သောတပန်ဉာဏ်စဉ်များ ရရှိသွားသည်။တစ်ခဏမှာပင် တိဿရဟန္တာမထေရ်မြတ်လည်း ပရိနိဗ္ဗာန်စံဝင်တော်မူလေ သည်။

ဘုရားရှင်က မထေရ်၏ ရုပ်အလောင်းကို သဂြိုဟ်စေပြီး ကြွင်းသော ဓာတ်တော်တို့ကို စေတီတည်စေသည်။

ရဟန်းများက မသေခင်မှာ ကြီးမားသောဒုက္ခကို ခံစားသွားရသော တိဿမထေရ်သည် ဘယ်ဘုံဘယ်ဘဝသို့ ရောက်သွားပြီကို သိလိုသဖြင့် ဘုရားရှင်ကို မေးကြသည်။ဘုရားရှင်က တိဿမထေရ်သည် ပရိနိဗ္ဗာန်စံဝင်သွားပြီဖြစ်၍ နောက်ထပ် ဘဝအသစ် ပြန်မဖြစ်တော့ကြောင်း ပြောပြသည်။

ထိုအခါ ရဟန်းများက အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော ရဟန်းအား အဘယ်ကြောင့် တစ်ကိုယ်လုံး အဖုအပိမ့် အနာများထွက်ကာ ပုပ်ပွနေရကြောင်း အရိုးတွေ ကျိုးကြေနေရကြောင်း မေးလျှောက်ကြပြန်သည်။အလုံးစုံသောကိစ္စတို့သည် သူကိုယ်တိုင်ပြုလုပ်ခဲ့သော အကုသိုလ်ကံကြောင့်သာလျှင်ဖြစ်ကြောင်း ဘုရားရှင်က ရှင်းပြသည်။

အတိတ်ဘဝက ဝမ်းစာရေးအတွက် သမ္မာအာဇီဝအလုပ်ဖြင့် အသက်မမွေးဘဲ အကုသိုလ်အလုပ်ဖြင့် အသက်မွေးခဲ့သဖြင့် တူသောအကျိုးပေးကာ သူများကိုပေးခဲ့သော ဒုက္ခအတိုင်း ပြန်ခံစားခဲ့ရသော တိဿမထေရ်၏ ရှေးအကြောင်းကို ပြန်ပြောပြသည်။

တိဿမထေရ်သည် ကဿပဘုရားရှင် ပွင့်တော်မူစဉ်တွင် ငှက်မုဆိုးတစ်ယောက်ဖြစ်ခဲ့သည်။ငှက်များကို သတ်ဖြတ်ကာ ရောင်းချအသက်မွေးခဲ့သည်။ရောင်းမကုန်သော ငှက်အရှင်တို့ကို သတ်လိုက်လျှင်လည်း ပုပ်ပွကုန်မှာစိုးရသည်။သည်အတိုင်းထားလျှင်လည်း ထွက်ပြေးသွားမှာ စိုးရပြန်၏။ထို့ကြောင့် ထိုငှက်များ မသွားနိုင် မပျံနိုင်အောင် ခြေထောက်များ အတောင်များကို ချိုးဖဲ့ဖြတ်တောက်ထားလိုက်သည်။ထို့ကြောင့် နောက်တစ်နေ့တွင် အဆင်ပြေပြေ ရောင်းချနိုင်လေသည်။

တစ်နေ့တွင် အရသာရှိသော ဟင်းများချက်ကာ အားရပါးရစားသောက်ရန် စီစဉ်ထားသည်။ထိုအချိန်တွင် ရဟန္တာတစ်ပါးသည် သူ့အိမ်ရှေ့တွင် ဆွမ်းခံလာရပ်သည်။အရသာရှိသော ဟင်းများလည်းချက်အပြီး ဆွမ်းခံကြွလာတာနှင့်လည်း ကြုံကြိုက်နေသဖြင့် အတော်လေးစိတ်ကြည်နူးသွားမိသည်။ထို့ကြောင့် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ချက်ထားသော ဆွမ်းနှင့် ဟင်းများကို သပိတ်အပြည့် လောင်းလှူသည်။

ထို့နောက် ထိခြင်းငါးပါးဖြင့် ရဟန္တာအရှင်မြတ်ကို ရှိခိုးသည်။နှုတ်မှလည်း “အရှင်ဘုရား တပည့် တော် ယခုပြုရသော ကုသိုလ်ကောင်းမှုကြောင့် အရှင်ဘုရားတို့ မြင်အပ်သိအပ်သော တရားမြတ်၏ အထွတ်အထိပ်သို့ တပည့်တော် ရောက်ရပါလို၏ ဘုရား” ဟု ဆုတောင်းခဲ့လေသည်။

ရဟန္တာအရှင်မြတ်ကလည်း “အသင်တောင်းသောဆုနှင့် တစ်လုံးတစ်ဝတည်းပြည့်ပါစေ” ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုတော်မူသည်။

တိဿမထေရ်သည် နိဗ္ဗာန်ကိုရည်မှန်းပြီး ရဟန္တာကို လှူခဲ့သော ကုသိုလ်ပါရမီကြောင့် နောက်ဆုံးဘဝအနေနှင့် ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်စံသည့် အကျိုးကို ရရှိခဲ့သည်။

သက်ရှိငှက်များအပေါ် ရက်စက်စွာကျူးလွန်ခဲ့သော အကုသိုလ်အပြစ်များကိုလည်း သေသည်အထိ ပင်ပန်းကြီးစွာသော ဝေဒနာကို ပြန်ခံစားခဲ့ရလေသည်။

တကယ်တော့ ဘုရားရှင် ဟောကြားထားသော တရားတော်များသည် တိကျမှန်ကန်ပါသည်။ဘယ်သူ့ဘက်မှလည်းမလိုက်ပါ။ကိုယ်တိုင်ကြံစည်ပြောဆို လုပ်ကိုင်ခဲ့သော ကောင်းမှု၊ မကောင်းမှု အကြောင်းတရားတွေအတိုင်း ကောင်းကျိုး၊ မကောင်းကျိုးတွေကို ကိုယ်တိုင်ပြန်လည်စံစား ခံစားရတာပါ။

ဓမ္မံသရဏံ ဂစ္ဆာမိပါ ဘုရား။

ရိုက်မောင်း