【 ဆောင်းပါး 】 ကွင်းဆက်ထုံး ဗျူဟာ

【 ဆောင်းပါး 】 ကွင်းဆက်ထုံး ဗျူဟာ

 လွန်ခဲ့တဲ့အပတ် ဆောင်းပါးမှာ ဘရစ်တနီက ကွင်းဆက်ထုံးလေ့လာသင်ယူခြင်းနဲ့ သင်ခဲ့ပြီး သူ့ဌာနတိုးတက်အောင်နဲ့ သူတို့ဆားဗစ်ပေးရတဲ့ လူနာတွေ စိတ်ကျေနပ်မှုအတွက်ရော လုပ်ပေးနိုင်ခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း အထက်လူကြီးတွေ သဘောကျ အားထားရတဲ့ မန်နေဂျာကောင်း အရည်အချင်းရှိသူတစ်ယောက်အဖြစ် တိုးတက်လာပုံလေးကို ဖော်ပြခဲ့ပြီးတဲ့နောက် မော်တန် တီ ဟန်ဆန်က ကွင်းဆက်ထုံး လေ့လာသင်ယူတာကို ဗျူဟာတွေ ခွဲထုတ်ပြီး အကြံပေးလမ်းညွှန်ခဲ့ပါတယ်။

ဆက်လက်လေ့လာကြည့်ကြပါစို့။

          ကွင်းဆက်ထုံး ဗျူဟာ #၁

၁၅ ကို ဖြတ်ထုတ်ပါ

သင့်အနေနဲ့ ဘရစ်တနီရဲ့ ကျွမ်းကျင်မှုအရည်အချင်း မြင့်တက်မှုကိုကြည့်ပြီး ခုလိုစဉ်းစားမိပါလိမ့်မယ် - “ဒီသင်ယူမှုမျိုးက အလုပ်လုပ်ရင်း ကြိုးစားတဲ့ပုံစံပဲ ကိုယ့်ဆရာ၊ ကျွန်တော်ကတော့ အဲဒီလိုအချိန်ပေးနိုင်မှာ မဟုတ်ဘူး” ၊ မှန်ပါတယ်၊ ကွင်းဆက်ထုံးသင်ယူခြင်းက အားစိုက်မှုလိုပါတယ်။ဘရစ်တနီရဲ့ အထက်လူကြီးနဲ့ ဥပမာပြရရင် သူက သူမကို ကျွန်တော်တို့ရဲ့ စစ်တမ်းဖော်ပြချက်မှာ ထိပ်တန်းရမှတ် ပေးထားပါတယ်၊ “သူမက သူလုပ်တာကို သူကိုယ်တိုင် အဆက်မပြတ် ဝေဖန်စစ်ဆေးနေပြီး ပိုတိုးတက်ဖို့ အတွက် ပြောင်းစရာရှိရင် ကြိုးစားပြောင်းလိုက်တာပါ”။ကျွန်တော်တို့ သုတေသနလုပ်တဲ့ လူ ၅,၀၀၀ ထဲက ၁၁ ရာခိုင်နှုန်းကသာ ဒီလိုအမှတ်မြင့်မြင့်ရတာပါ။အခြား ၂၆ ရာခိုင်နှုန်းက ရမှတ်နည်းနည်းနိမ့်ပြီး၊ သုံးပုံတစ်ပုံကတော့ အမှတ်နည်းနည်းပဲရတာပါ။ ဘရစ်တနီက သူ့သင်ကြားမှုကို နေ့စဉ်လုပ်ငန်းခွင်ထဲမှာ လုပ်ခဲ့တာပါ၊သင်တန်းခန်းထဲမှာ လုပ်ခဲ့တာ မဟုတ်ပါဘူး။သူမရဲ့တာဝန်က အဲဒီရောကျော်တွေကို ဦးဆောင်ပြီး ရလာတဲ့ အကြံဉာဏ်တွေကို သူ့ဌာန တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ဒီလိုလေ့ကျင့်ပေးဖို့နဲ့  ကွင်းဆက်ထုံး သင်ယူဖို့အတွက်က အချိန်ပိုပေးဖို့လိုပါတယ်။ဒါပေမဲ့ အချိန်အများကြီးလိုတာမျိုးတော့ မဟုတ်ပါဘူး။ဘရစ်တနီရဲ့  နည်းနာယူချိန်က မိနစ် ၃၀ လောက် ကြာပါတယ်။သူမက နေ့တိုင်း နည်းနာယူဖို့ မလိုတဲ့အတွက် ပိုထွက်လာတဲ့အချိန်ကို သူမရဲ့ကျွမ်းကျင်မှု တိုးတက်လာအောင် အသုံးပြုတာ နေ့စဉ် ပျဉ်းမျှ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ကြာတတ်ပါတယ်။

ကျွန်တော့်ရဲ့ အကြံပေးအလုပ်နဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေအရ ကွင်းဆက်ထုံးသင်ယူမှုပုံစံနဲ့ ကျွမ်းကျင်မှု တိုးတက်အောင် လေ့ကျင့်ရာမှာ တစ်နေ့ကို အလုပ်ချိန်ထဲက ၁၅ မိနစ် ဖဲ့ပေးဖို့ လိုပါတယ်။တစ်ချိန်တုန်းက ကျွန်တော်က လူထုရှေ့မှာ စကားပြောတဲ့ အရည်အချင်းကို တိုးတက်အောင်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။အဲဒီတုန်းက အစည်းအဝေးတွေမှာ အဓိကအချက်တွေကို မိန့်ခွန်းပေးတာနဲ့ သက်ဆိုင်တဲ့ ကွင်းဆက်ထုံးသင်ယူမှု သင်ခန်းစာကို လေ့ကျင့်ခဲ့တယ်။အဲဒီ အဓိကအချက် မိန့်ခွန်းပေးတာက ကျွန်တော့်တကယ့်အလုပ်ပါပဲ။ကွင်းဆက်ထုံးကို သင်ယူတဲ့နေရာမှာ ကျွန်တော်လုပ်ရတာက အခမ်းအနားတွေကို မှတ်တမ်းတင်ရိုက်ကူးထားဖို့ပဲ လိုတာပါ။ပြီးရင် အဲဒီထဲက အချို့အပိုင်းလေးတွေကို အိမ်အပြန် လေယာဉ်ပေါ်မှာ လေ့လာပြီး တစ်ယောက်ယောက်ကို အဲဒီအပိုင်းလေးတွေကို ၁၀ မိနစ်စာလောက် ကြည့်ခိုင်းပြီး ကျွန်တော်တိုးတက်ဖို့လိုနေတဲ့ အပြုအမူတစ်ခုကို အကြံပေး ဝေဖန်ခိုင်းရပါတယ်။အားလုံးခြုံကြည့်လိုက်ရင် ကျွန်တော်က အဓိကအချက် မိန့်ခွန်းတစ်ခုပြောဖို့အတွက် မိနစ် ၃၀ အချိန်ပိုလုပ်ပြီး အရင်းအနှီးလုပ်ခဲ့ရပါတယ် - နှစ်ရက်ခရီးမှာ လုပ်ခဲ့တာဆိုတော့ တစ်ရက်ကို ၁၅ မိနစ် သုံးခဲ့ရတာလို့ တွက်ကြည့်လို့ရတာပေါ့။အဲဒီလို အချိန်ခဏလေး စူးစူးစိုက်စိုက် အားထည့်လိုက်ရုံလေးနဲ့ ထိရောက်မှုရခဲ့တာပါ။

ထူးခြားတဲ့ တိုးတက်မှုရဖို့အတွက် တစ်နေ့ကို ဆယ့်ငါးမိနစ် လေးလေးနက်နက် အချိန်ပေးပြီး တကယ်ထုဆစ် ဖော်ထုတ်နိုင်မလား။ရတာပေါ့၊ သင်က “တစ်ရဲ့အားမာန် (Power of One):- တစ်ခါလျှင် ကျွမ်းကျင်မှုတစ်ခုတည်း ရွေးချယ်လေ့ကျင့် မြှင့်တင်ပါ။တစ်ကြိမ်မှာ ဆယ်ခုလောက် တစ်ပြိုင်တည်းလုပ်နေမယ်ဆိုရင်တော့ တစ်ခုချင်းကို ထူးထူးချွန်ချွန် ကျွမ်းကျင်ပိုင်နိုင်ဖို့ ခက်လိမ့်မယ်။

ဒီဆောင်းပါးတွေမှာ ဖော်ပြလမ်းညွှန်ပေးတဲ့ အလေ့အကျင့်အားလုံးပေါ်မှာပဲ အာရုံစိုက် လေ့ကျင့်သင်ယူပါ။တစ်မနက်ခင်းမှာ ဝန်ထမ်းတစ်ယောက်က အေးဆေးဖြည်းညှင်းတဲ့ ခြေလှမ်းနဲ့ အလုပ်ကိုရောက်လာပြီး “ဒီနေ့ ငါဦးစားပေးအလုပ် ပိုရှာလုပ်မယ်၊ တန်ဖိုးပိုများတာရစေမယ့် တာဝန်သစ်တစ်ခုရှာရမယ်၊ ငါ့အလုပ်ကို လုပ်ချင်စိတ်တွေနဲ့ ထုံမွှမ်းပစ်လိုက်မယ်၊ ငါ့လုပ်ဖော်ကိုင်ဖက်တွေ အတုယူအားကျစေရမယ်၊ မနက်ပိုင်း အစည်းအဝေးမှာ လုပ်ငန်းတိုးတက်ရေးအတွက် ငြင်းခုန်ကြစေမယ်” လို့ ဟစ်ကြွေးတယ် ဆိုပါစို့။  

“သူ အဲဒါအကုန်လုံးကို ကောင်းကောင်းလုပ်နိုင်ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး၊ သေချာလေ့ကျင့်လိုက်ရင် ကိုယ့်စွမ်းဆောင်ရည်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မယ့် ဘယ်ကျွမ်းကျင်မှုကို အားစိုက်လေ့ကျင့်မယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ဖို့ လိုပါတယ်။အဲဒီအရည်အချင်းကို မွမ်းမံမြှင့်တင်ဖို့ အရင်ဆုံးလုပ်ရမှာပါ၊ တစ်နေ့ကို ၁၅ မိနစ် (ဟုတ်ပါတယ် ၁၅ မိနစ်တည်းပါ) လေးလေးနက်နက် အာရုံစိုက် လေ့ကျင့်ရမှာပါ။

          ကွင်းဆက်ထုံး ဗျူဟာ #၂

ထူထဲခိုင်ခံ့အောင် ခုတ်ပိုင်းပါ

အရည်အချင်းတစ်ခုကို လုပ်ငန်းခွင်အတွင်းမှာ ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ဖို့အတွက် ထိရောက်စွာ သင်ယူတတ်တဲ့သူက နိုင်နိုင်နင်းနင်းလုပ်နိုင်မယ့် အပိုင်းကို ခုတ်ပိုင်း ထုတ်နုတ်ယူရပါတယ်၊ ကျွန်တော်က အဲဒီနည်းကို ကျင့်သားရနေသောအမူအရာ (Micro-behaviors) လို့ ခေါ်တွင်ပါတယ်။

ကျင့်သားရနေသောအမူအရာ (Micro-behaviors) ဆိုတာ ကိုယ့်အရည်အချင်းတစ်ခုခု တိုးတက်စေဖို့အတွက် အသေးအမွှားဖြစ်လင့်ကစား သင် နေ့စဉ် ခိုင်မာစွဲမြဲစွာ ပြုမူနေတဲ့ အလေ့အကျင့်တစ်ခုကို ခေါ်တာပါ။အဲဒီအလေ့အကျင့်ကို နေ့စဉ် အချိန် တစ်ဆယ့်ငါးမိနစ်ထက် မပိုဘဲ လေ့ကျင့်ပြီး ကိုယ့်အရည်အချင်း သိသိသာသာတိုးတက်မှုရှိကြောင်း သေချာအောင် ပြန်လည်သုံးသပ် မွမ်းမံရမှာဖြစ်ပါတယ်။

ဘရစ်တနီ လုပ်ခဲ့တာကတော့ “အဖွဲ့တွေက အကြံဉာဏ်ထုတ်ဖော် တင်ပြလာအောင်လုပ်ရန်” ဆိုတဲ့ သူမရဲ့အရည်အချင်းတိုးတက်စေဖို့အတွက် “အကြံဉာဏ် တင်ပြလာအောင် မေးခွန်းမေးမယ်” ၊ “ပိုအသေးစိတ်ကျတဲ့ စိတ်ကူးတင်ပြလာအောင် ထပ်ဆင့်မေးခွန်း မေးမယ်” ဆိုတာ နဲ့ “သူတို့တင်ပြတဲ့ အကြံဉာဏ်အတိုင်း အကောင်အထည်ဖော်မယ်ဆိုတဲ့ ကတိကဝတ်ရလာအောင် အဖွဲ့တွေကို ကြပ်မတ်မယ်” ဆိုတဲ့ Micro-behaviors (အကျင့်ပါအောင် ကျင့်ယူသော လုပ်‌ဆောင်မှု) တွေ သတ်မှတ်လေ့ကျင့်ပြီး ဆောင်ရွက်ခဲ့တယ်။

ကျွန်တော်ကလည်း ကျွန်တော့် “အဓိကအချက်တွေကို မိန့်ခွန်းပြောရာမှာ တိုးတက်ရေး (Keynote Speaking)” ဆိုတဲ့ အရည်အချင်းအနက်က အချို့အပိုင်းဖြစ်တဲ့ - (အဖွင့်စကား၊ အပိတ်စကား၊ စင်ပေါ်မှာ လှုပ်လျှားနေထိုင်ပုံ၊ သရုပ်ပြဆလိုက်တစ်ခုခြင်းရဲ့ အဓိကအချက်ကို တင်ပြခြင်း) တွေကို ရွေးထုတ်ပြီး၊ “တစ်ရဲ့ အားမာန် (Power of One)” နည်းဗျူဟာကိုသုံးပြီး အရည်အချင်းတစ်ခုချင်းစီ တိုးတက်ဖို့အတွက် လေ့ကျင့်ခဲ့တယ်။

“စင်ပေါ်မှာ လှုပ်လျှားနေထိုင်ပုံ” ကောင်းမွန်ဖို့အတွက် “ကြမ်းပြင်ပေါ်မှာ သင့်ခြေထောက်များကို ခိုင်မာကျနစွာ ရပ်တည်ခြင်းဖြင့် စတင်ပါ (အဲဒီအမူအရာနဲ့ လှောင်အိမ်ထဲမှာ ယောက်ယက်ခပ် ခေါက်တုံ့လျှောက်နေတဲ့ ကျားတစ်ကောင်ရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်ပါ)” ၊ “ခြေလှမ်းနည်းနည်း လှမ်းလိုက်ပြီး ပြန်ရပ်လိုက်ပါ” ၊ “တစ်ယောက်ယောက်နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်ပါ၊ ပြီးရင် နောက်တစ်ယောက်ကို ထပ်လုပ်ပါ” ဆိုတာတွေနဲ့ “သင့်လက်နှစ်ဖက်ကို နေရာအကျယ်ကြီးကို ဖော်ပြတဲ့ဟန်နဲ့ ဆန့်ထုတ်လိုက်ပါ” စတာတွေကို လေ့ကျင့်ခဲ့တယ်။ အဲဒီအမူအရာလေးတွေက အရေးမပါဘူးလို့ ထင်ရပေမယ့် ကျွန်တော် စင်ပေါ်မှာ လက်တွေ့လုပ်ကြည့်တဲ့အခါ အစီအစဉ်လိုက် တစ်ခုမကျန် မှတ်မိနေတယ်။အမူအကျင့်တွေကို ခိုင်မာတိကျစွာ လုပ်နိုင်နေခဲ့တယ်။

စကန်ဒီနေဗီးယန်း မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ စကစ်စတစ်ကုမ္ပဏီအတွက် လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်အရည်အချင်းတိုးတက်ရေးအစီအစဉ်မှာ ကျွန်တော်တို့က တင်းကြပ်ပေမယ့် လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ စိန်ခေါ်မှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်၊ အဲဒါက မန်နေဂျာတွေကို ကုမ္ပဏီက သတ်မှတ်ထားတဲ့ ခေါင်းဆောင်မှုအရည်အချင်းကို နေ့တိုင်းထိတွေ့ အကောင်အထည်ဖော်ဖို့ပဲဖြစ်ပါတယ်။ကုမ္ပဏီအတော်များများဟာ အဲဒီလို မန်နေဂျာစွမ်းရည်တွေကို သေသေချာချာ ပြဌာန်းထားတတ်တယ်။ဒါပေမဲ့ တော်တော်များများက အဲဒါတွေကို အလေးအနက်ထားပြီး ကျင့်ကြံလုပ်ဆောင်ဖို့ ပျက်ကွက်ကြတယ်။စကစ်စတစ်ကုမ္ပဏီက ခေါင်းဆောင်မန်နေဂျာတွေရဲ့ တတ်ကျွမ်းမှုအရည်အချင်း တစ်ဆယ့်နှစ်မျိုး သတ်မှတ်ပေးထားတယ်။အဲဒီထဲမှာ - “မြန်ဆန်မှုနဲ့ ပြောင်းလွယ် ပြင်လွယ်မှုကို ပျိုးထောင်ရန်” ၊ “ရလဒ်ကောင်းများရရှိ‌ရေးကို ချွင်းချက်မရှိ ဦးတည်လိုက်နာ အကောင်အထည်ဖော်ရန်” ၊ “အချက်အလက်အပေါ် အခြေခံ၍ ဆုံးဖြတ်ချက်ပေးခြင်းကို အလေးပေးဆောင်ရွက်ရန်” တို့ အပါအဝင်ဖြစ်ပါတယ်။

မန်နေဂျာတွေက အဲဒီနည်းနာတွေကို သိရှိနားလည်ကြပေမယ့်၊ အဲဒီနည်းနာတွေကို နေ့စဉ် ခိုင်ခိုင်မာမာ လက်တွေ့ကျင့်သုံးဖို့ လိုနေပါသေးတယ်။အဲဒါကို လုပ်ဆောင်လာဖို့ အထောက်အကူပြုတဲ့အနေနဲ့ ကျွန်တော်တို့က အရည်အချင်းတစ်ခုစီကို အကျင့်ပါအောင် လေ့ကျင့်မှုပြု (Micro-behaviors) ၁၀ ခု သတ်မှတ်လေ့ကျင့်စေခဲ့ပါတယ်။ မန်နေဂျာတွေက 360-Assessment လို့ခေါ်တဲ့ အထက်-အောက်-ဘေးတိုက် လုပ်ဖော်ကိုင်ဖက်အကုန်လုံးနဲ့ စမ်းသပ်စစ်ဆေးပြီး အရည်အချင်းတစ်ခုချင်းရဲ့ တိုးတက်မှုကို တိုင်းတာခြင်းကို ပြီးမြောက်အောင်မြင်ရမှာဖြစ်ပါတယ်။အဲဒီတော့ သူတို့က “တစ်ရဲ့ အားမာန် (Power of One)” ကို အသုံးပြုရာမှာဖြစ်ပြီး ”တစ်ခါလျှင် တစ်ခုတည်းသာ (One and Only One)” နည်းစနစ်နဲ့ တစ်ခါလျှင် အရည်အချင်းတစ်ခုတည်းကို ရွေးချယ်လေ့ကျင့်ရမှာဖြစ်ပါတယ်။သူတို့ အဲလိုလုပ်နိုင်အောင် ကျွန်တော်တို့က ဖုန်းအက်ပ် (App) တစ်ခု လုပ်ပြီး သူတို့လုပ်ငန်းခွင်တွင်းမှာ လေ့ကျင့်ရမယ့် Micro-behaviors (အကျင့်ပါအောင် လုပ်ယူရမယ့် အမူအကျင့်) နှစ်မျိုးကို အပတ်စဉ်ပို့ပေးပါတယ်။

နမူနာအချို့ ပြောပြရရင် အသက် သုံးဆယ့်တစ်နှစ်အရွယ် နော်ဝေက အွန်လိုင်းကြိုတင်မှာယူ စာရင်းသွင်း မန်နေဂျာ ဘတ်ဗိုက်ကင်ကို “ရလဒ်ကောင်းများရရှိ‌ရေးကို ချွင်းချက်မရှိ ဦးတည်လိုက်နာ အကောင်အထည်ဖော်ရန်” ဆိုတဲ့ အလေ့အကျင့်လုပ်ဖို့ ရွေးချယ်ပေးပို့ခဲ့တယ်။

တနင်္လာနေ့မနက် ဘတ်တစ်ယောက် ရုံးကိုအလာမှာ သူ့ဖုန်းထဲကို Micro-behaviors တစ်ခု လေ့ကျင့်ဖို့ အသိပေးချက်တစ်ခုအဖြစ် ဝင်ရောက်လာမှာဖြစ်ပါတယ်။ဖော်ပြထားမှာကတော့ “သင်သည် ယနေ့ ဦးစားပေးလုပ်ဆောင်မှု အားနည်းတယ်လို့ သင်ယူဆတဲ့ ဝန်ထမ်းတစ်ဦးဆီ သွားရောက်ပြီး အရေးအကြီးဆုံးအလုပ်ကို ပထမဦးစားပေးလုပ်ဖို့ လိုတိုရှင်း ဆွေးနွေးပြောကြားပါ” လို့ ဖြစ်ပါလိမ့်မယ်။

ဘတ်က နေ့ခင်းပိုင်းမှာ ဆယ်မိနစ်လောက် အချိန်ပေးပြီး သူ့ဆီတိုက်ရိုက်အစီရင်ခံရတဲ့ လက်အောက်ငယ်သားနှစ်ယောက်ဆီသွားပြီး ဦးစားပေးလုပ်သင့်တဲ့အကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။အဲဒီဆွေးနွေးမှုမှာ ဘတ်က သူ့ငယ်သားနှစ်ယောက်ကို သူတို့ အခုအရေးကြီးဆုံး ဦးစားပေးလုပ်ရမယ့် တာဝန်က - လတ်တလော ဖိစီးနေတဲ့ ပြဿနာဖြစ်တဲ့ အွန်လိုင်းဖောက်သည်တွေ ထွက်မသွားအောင် ဘယ်လိုတားဆီးကြမလဲဆိုတဲ့ကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကိုရှာဖို့ပဲဖြစ်တယ်ဆိုတာ ပြောပြရမှာဖြစ်တယ်။

နောက်ငါးပတ်ကြာတဲ့အခါ ဘတ်က အဲဒီ အရည်အချင်းအတွက် နောက်ထပ် Micro-behaviors (မိုက်ကရို ဘီဟေးဗီးယား - အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ရမယ့် အမူအကျင့်) ကိုးခု ထပ်ရခဲ့ပါတယ်။ပါဝင်တာတွေထဲက တချို့က “ကိစ္စတစ်ခုပြီးမှ နောက်တစ်ခုကိုလုပ်တဲ့ အကျင့်ရအောင်လုပ်ပါ - သင်ရေးမှတ်ထားတဲ့ လုပ်ဆောင်ရမယ့် အလုပ်တွေထဲက အမြန်ဆုံးပြီးနိုင်မယ့် အလုပ်တစ်ခုကို အရင်ပြီးအောင် ရွေးလုပ်ပြီး အဲဒီအလုပ်ပြီးမှ နောက်ထပ်လုပ်မယ့် အလုပ်ကိုရွေးပါ” ထို့အပြင် “အခြားလုပ်စရာရှိတဲ့ အလုပ်တွေကိုလည်း နှောင့်နှေးမှု မရှိပါစေနဲ့ - မက်ဆေ့ချ်တွေက ခုချက်ခြင်းစစ်ပြီး သင့်လုပ်ဖော်ကိုင်ဖက်မေးထားပြီး သင်မဖြေရသေးတာကိုရှာပြီး ချက်ခြင်းအဖြေပေးလိုက်ပါ” တို့ ဖြစ်တယ်။

ဘတ်က အဲလို micro-behaviors တွေကို လေ့ကျင့်ပြီးတဲ့အခါ “ရလဒ်ကောင်းများရရှိ‌ရေးကို ချွင်းချက်မရှိ ဦးတည်လိုက်နာ အကောင်အထည်ဖော်ရန်” ဆိုတဲ့ မူဝါဒကို တိကျတဲ့ နေ့စဉ်လုပ်ဆောင်မှုတွေနဲ့ လက်တွေ့အကောင်အထည်ဖော်ပြီး ကျကျနန နားလည်အောင် သင်ယူခဲ့နိုင်ပါပြီ။သူ့အရည်အချင်းကလည်း လိုက်ဖက်ညီစွာ တိုးတက်ခဲ့ပါပြီ။

          ကွင်းဆက်ထုံး ဗျူဟာ #၃

သိမ်မွေ့မှုကို တိုင်းတာပါ

သင်က အစားအသောက်နဲ့ ကိုယ်အလေးချိန်ချဖို့ လုပ်နေတာဆိုရင် သတိနဲ့ အစာရွေးစားပြီး ပေါင်ချိန်စက်ပေါ် မနက်တိုင်း တက်ချိန်ကြည့်မှာပါ။ကေ အန်ဒါ အဲရစ်ဆင်ရဲ့ လေ့လာချက်များအရ အဲဒါနဲ့ အလားတူအ‌လေ့အကျင့်တွေကိုလည်း တိုင်းတာလို့ရတဲ့ လုပ်ဆောင်မှုတွေအပေါ်မှာပဲ ဂရုစိုက်လုပ်သင့်တယ်လို့ ဆိုပါတယ်။သူတို့ရဲ့ “အထွဋ်အထိပ် (Peak)” ဆိုတဲ့ စာအုပ်မှာ ရောဘက်ပူးနဲ့ အဲရစ်ဆင်တို့‌ က ထွက်ချင်သလို ထွက်လာတဲ့ နံပတ် ၈၂ လုံးကို အစဉ်အတိုင်း မှတ်မိအောင် ကြိုးစားလေ့ကျင့်တဲ့ လူတစ်ယောက်အကြောင်း ရေးသားဖော်ပြထားခဲ့တယ်။ကျွန်တော်ဆို ဂဏန်းဆယ်လုံးပါတဲ့ ဖုန်းနံပတ်ကို မှတ်မိဖို့တောင် မနည်းကြိုးစားရတာ၊ ၈၂ လုံးကို မှတ်မိဖို့ဆိုတော့ စဉ်းစားသာကြည့်ပေတော့။အဲလောက် အထင်ကြီးစရာကောင်းတဲ့ ကိစ္စကြီးကို ဒီမှတ်ဉာဏ်ကဝေကြီးက လွယ်အောင် လုပ်ယူနိုင်တဲ့ တစ်စုံတရာရှိပါတယ် - အဲဒါက ကြိုးစားမှု အကြိမ်တိုင်းကရလာမယ့် ရလဒ်ကို ဒက်ထိ တိုင်းတာနိုင်ခြင်းပါ။ထွက်လာတဲ့ ဂဏန်း ၈၂ လုံးကို အစဉ်အတိုင်း ပြန်ပြောတဲ့အခါ မှန်သလား မှားသလားဆိုတာ သူချက်ခြင်း သိတယ်။ဒါက အစည်းအဝေးတွေမှာ နားထောင်တာတို့ တာဝန်တွေကို ဦးစားပေးအဆင့် ခွဲထုတ်တာတို့လို “သိမ်မွေ့တဲ့ ဉာဏ (Soft)” ဆိုတဲ့ ပညာရှင်အဆင့်အရည်အချင်းပါ၊ အဲဒါကို တိုင်းတာ တာက အများကြီးပိုခက်ပါတယ်။

အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက်  သင့်အနေနဲ့ micro-behaviors ကို ဉာဏအရည်အချင်းနဲ့ တွဲဖက်ပြီး တိုင်းတာလို့ရသလို၊ အဲဒီ micro-behaviors ရဲ့ ရလဒ်ကိုလည်း တိုင်းတာလို့ ရပါတယ်။ဘရစ်တနီက သူမဦးဆောင်နေတဲ့ နေ့စဉ်ဆွေးနွေးမှုတွေရဲ့ အရည်အသွေးကို ခြုံငုံပြီး  လွယ်လွယ်ကူကူ တိုင်းတာနိုင်ခဲ့တာ မဟုတ်ပါဘူး။ဒါပေမဲ့ သူမမေးခဲ့တဲ့ “ဘယ်လိုအကြံဉာဏ်ပေးဖို့ရှိလဲ” ဆိုတဲ့ မေးခွန်း “မင်းမှာ အကြံဉာဏ်တစ်ခုခု ပေးစရာရှိလား” ဆိုတဲ့ မေးခွန်းထက် ပိုသာတဲ့ micro- behaviors ကို အကောင်အထည်ဖော်နိုင်ခဲ့လားဆိုတာ တိုင်းတာနိုင်ခဲ့တယ်။ဒါအပြင် သူမက ဒီ micro-behaviors ကနေ ရရှိလာမယ့် အကျိုးရလဒ်ကိုလည်း သူ့ဝန်ထမ်းတွေက အကြံဉာဏ် ဘယ်နှစ်ခုပေးနိုင်ခဲ့ပြီး၊ ဘယ်နှစ်ခုကို အကောင်အထည်ဖော်ပါမယ်ဆိုတဲ့ ကတိကဝတ်ရခဲ့လဲဆိုတာကြည့်ပြီး ခြေရာခံစစ်ဆေးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ “အချက်အလက်စုံ” ခေတ်ကြီးမှာ “ဉာဏ်ရည်ဆိုင်ရာ” အပြုအမူကို တိုင်းတာရတာ ပိုလွယ်ကူနေပါပြီ။ Yelp လို အင်တာနက်ဆိုက်ကိုသွားပြီး ကျွန်တော်တို့ရဲ့ ဆရာဝန်တွေ၊ ပိုက်ပြင်သမားတွေ၊ လျှပ်စစ်မီးပြင်သမားတွေနဲ့ ရှေ့နေတွေကို အမှတ်ပေးအဆင့် သတ်မှတ်ပေးလို့ရနေပါပြီ။တကယ်လို့ သင်က အရေပြားရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်ပြီး သင့်ရဲ့ လူနာအကျိုးကိုသာ ရှေ့ရှုတဲ့ အပြုအမူကို တိုးတက်အောင်လုပ်ချင်တယ်ဆိုပါစို့၊ သင့်အကြောင်းပါဝင်တဲ့ အချက်အလက်တွေ စုဆောင်းထားတဲ့အခန်း ရှိနှင့်နေပြီးသားဖြစ်မှာပါ (ပုဂ္ဂိုလ်စွဲနဲ့ ဘက်လိုက်ရေးထားတာတွေလည်း ပါကောင်းပါမှာပေါ့)။ကျွန်တော်တို့ခေတ်က “ကိုယ့်ကိုယ်ကိုယ် အရည်အသွေးစစ်ဆေး” လို့လည်းရတဲ့ ခေတ်ဖြစ်နေပါပြီ။ကျွန်တော်တို့ရဲ့ ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ရည်မှန်းချက်နဲ့ တိုးတက်မှုတွေကို စောင့်ကြည့်စစ်ဆေးနိုင်တဲ့ နည်းလမ်းစနစ်တွေသာမက ကျွန်တော်တို့ အလုပ်မှာ ဘာတွေ ဘယ်လောက်ကောင်းကောင်း/ဘယ်လောက်ညံ့ညံ့လုပ်သလဲဆိုတာကိုပါ စောင့်ကြည့်စစ်ဆေးနိုင်တဲ့ နည်းလမ်းကိရိယာတွေ တပုံတပင်ကြီးရှိနေပါပြီ။

မကောင်းတာတစ်ခုက အဲဒါက ဖော်ပြတဲ့ အချက်အလက်တွေအပေါ်မှာ အလွန်အမင်း မှီခိုအားကိုး ယုံကြည်တာမျိုး ဖြစ်လာတတ်ပါတယ်။

“အလုပ်ကြိုးစားလုပ်” နမူနာပုံစံ လမ်းညွှန်တွေဆိုရင်လည်း အချိန်နဲ့အမျှ အလုပ်လုပ်ပုံပေါင်းစုံ နဲ့ စုပုံဖောင်းပွလာနေမှာ ဖြစ်ပါတယ်။အဲဒါမှားပါတယ်။သင်လုပ်ရမှာက ဘယ်တိုင်းတာစနစ်တစ်ခု ဒါမှမဟုတ် နှစ်ခုက ကြိုးစားအားထုတ်သလောက် သင့်လုပ်ရည်ကိုင်ရည်ကို အမှန်တကယ် အထူးတိုးတက်ပြောင်းလဲလာအောင် လုပ်ပေးနိုင်မလဲဆိုတာ သင့်ကိုယ်သင် မေးကြည့်ရမှာပါ။

ဘရစ်တနီကိုပဲ ဥပမာထားကြည့်ကြရအောင်၊ သူမက တိုးတက်မှုအတွက် အခွင့်အလမ်းများ (OFIs) အပေါ်ကို အပြည့်အဝ အားစိုက်ကြည့်ရှုပြီး တင်ပြတယ်၊ လက်တွေ့အကောင်အထည်ဖော်တယ်၊ ပြီးတော့ အချိန်နဲ့အမျှ ပြန်လှန်စစ်ဆေး လေ့လာသုံးသပ်တယ်။

ဒီဆောင်းပါးတွေမှာ ပါတဲ့ ကွင်းဆက်ထုံး လေ့လာသင်ယူမှု စနစ်တွေကို လေ့လာ နည်းယူပြီး လက်တွေ့ ဘဝ လုပ်ငန်းခွင်မှာ အရည်အချင်း တိုးတက်ပြီး အစွမ်းပြ၍ အလုပ်လုပ်နိုင်သူများ ဖြစ်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်။)

သက်ထွန်း (သျှမ်း)