【 ဆောင်းပါး 】 စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်မှုအတွက် စတုတ္ထစည်းမျဉ်း

【 ဆောင်းပါး 】 စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်မှုအတွက် စတုတ္ထစည်းမျဉ်း

          သိပ်မြန်တဲ့ အင်ဂျင်နီယာနည်းနဲ့ တည်ဆောက်တဲ့ ယုံကြည်မှု

အလုပ်ပူးပေါင်းလုပ်ဆောင်ကြတဲ့အခါ တစ်ခါတရံ ကျွန်‌တော်တို့က လူစိမ်းတွေနဲ့၊ ကောင်းကောင်းမသိတဲ့သူတွေနဲ့ အလုပ်အတူလုပ်ကြရတယ်၊ ဘာလို့လဲဆိုတော့ ဌာနပေါင်းစုံနဲ့ ‌ဒေသအနှံ့အပြား တစ်နေရာဆီက လူတွေကို စည်းရုံး စုပေါင်းထားတာဖြစ်လို့ပါ။

ပြောရရင် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု အားနည်းကြပါတယ်၊ လူစိမ်းတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အခွင့်အလမ်းနည်းခဲ့ပါတယ်။နောက်ပြီး မေးထူးခေါ်ပြောလောက်သာ ဆက်ဆံရေးရှိသူတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံ‌ရေး မတည်ဆောက်ခဲ့ရပါဘူး။ဒီကြားထဲ ပူးပေါင်းဆောင်ရွက်မှုက ညံ့ဖျင်းစွာ အစောကြီးပြီးသွားခဲ့မယ်ဆိုရင် အတူတူအလုပ်လုပ်သူခြင်း အယုံအကြည်မရှိဘဲတောင် ဖြစ်သွားနိုင်ပါတယ်။အတူတူပူးပေါင်းဆောင်ရွက်ကြတဲ့နေရာမှာ ယုံကြည်မှုက အဓိကအချက်ဖြစ်ပါတယ်။

ယုံကြည်မှုကို အဓိပ္ပာယ်ဖော်ရာမှာ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်အချိန်ဖြစ်ဖြစ် မျှော်လင့်ထားတဲ့အတိုင်း အရည်အသွေးမြင့်မြင့် အစွမ်းပြ အလုပ် လုပ်လိမ့်မယ်လို့ စိတ်ချထားတာကို ယုံကြည်မှုလို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ လူပေါင်း ၅,၀၀၀ အချက်အလက်ထဲက တစ်ဝက်နီးပါး (၄၆ ရာခိုင်နှုန်း) က သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အားပါးတရ ကြိုးစားအားထုတ်မှုရှိတယ်လို့ မယုံကြည်ကြောင်း ပြောကြပါတယ်။အဲဒါက သိပ်ကိုဆိုးပါတယ်၊ ကျွန်တော်တို့ရဲ့ တစ်ဦးတစ်ယောက်ချင်းအပေါ် လေ့လာမှုအရ ကိုယ်နဲ့ အလုပ်အတူတူ လုပ်နေသူအပေါ် ယုံကြည်မှုအရှိဆုံးသူဟာ အလုပ်စွမ်းအား ပိုကောင်းကြောင်း တွေ့ရှိရပါတယ်။ (“အလုပ်အတူတူ ပူးပေါင်းလုပ်သူအပေါ် ယုံကြည်စိတ်ထားရှိနိုင်ခြင်းမှာ ထူးချွန်တယ်” ဆိုတဲ့ အချက်နဲ့ လုပ်အားစွမ်းရည်တို့ရဲ့ ဆက်နွယ်မှုဟာ အလွန်မြင့်တဲ့ ၀.၇၀ အချိုးရှိပါတယ်။)

ကျွန်တော်တို့ဟာ ဆက်ဆံရေးနဲ့ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ကြိမ်ဖန်များစွာ ဖုန်းနဲ့ဆက်သွယ်ကြရုံမက သူတို့နဲ့တွေ့ဖို့လည်း မကြာခဏသွားခဲ့ကြပါတယ်။ကျွန်တော်က သူတို့ဟာ သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်တဲ့ အလုပ်ကိုလုပ်ရာမှာ အပြည့်အဝအားကိုးရတယ်လို့ ယုံကြည်တယ်။သူတို့ကလည်း သူတို့အကူအညီလိုတဲ့အချိန် ကျွန်တော့်ဆီလာနိုင်ကြောင်း၊ ချက်ခြင်းဆုံးဖြတ် အကြံဉာဏ်ကိုလည်း ရနိုင်ကြောင်း ယုံကြည်ကြတယ်။

သင်က သင့်လုပ်ဖော်ကိုင်ဖက်ကို မယုံဘူး၊ ဒါမှမဟုတ် တစ်ချိန်လုံး မယုံမကြည်ဖြစ်နေမယ်ဆိုရင် ဘယ်လိုအလုပ်လုပ်လို့ ရတော့မလဲ။ဒီနေ့ခေတ် ရေးကြီးသုတ်ပြာ လုပ်ငန်းခွင်သဘာဝအရ ပူးပေါင်းဆောင်ရွက်မှု မစခင် ရင်းနှီးမှုတည်ဆောက်ဖို့ အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။ဒါဆိုရင် သင်က အရည်အချင်းမမှီတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အခက်တွေ့ပြီလား။အဲလိုမဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ လေ့လာမှုကနေ တွေ့ရှိထားတဲ့ နည်းစနစ် အနည်းငယ်ကို အသုံးပြုပြီး ယုံကြည်မှုကို အချိန်တိုအတွင်း အင်ဂျင်နီယာဆန်ဆန် တည်ဆောက်လို့ ရနိုင်ပါပြီ။

ပထမအဆင့်အနေ‌နဲ့ ဘာလို့ ယုံကြည်မှုသိပ်နည်းနေရတာလဲဆိုတာကို နားလည်အောင် လုပ်ရပါမယ်။ရလာတဲ့အဖြေပေါ် မူတည်ပြီး တိကျတဲ့ ယုံကြည်မှုမြှင့်တင်စက်ကို အသုံးချကာ ဆက်ဆံရေးကို တည်ဆောက်ရမှာဖြစ်တယ်။ (‌အောက်မှာ ဖော်ပြထားတဲ့ ယုံကြည်မှုမြှင့်တင်စက်ကို ဘယ်လိုသုံးရမလဲဆိုတဲ့ အကြံပြုချက်တွေကို ကြည့်ပါ။)

ကျွန်တော်တို့ တွေ့ခဲ့တဲ့အတိုင်း အဂျေးလန့်က မိုက်က အချို့လူတွေက ကတိကဝတ်မပြုမှာ စိုးရိမ်ခဲ့တယ်။မိုက်က ဇီဝသိပ္ပံဌာနမှူး ကားလ်ရဲ့ ကတိကို ရပြီးပြီဆိုတော့ သူ ကားလ်ကို အားကိုးလို့ရမယ်ဆိုတာ သိခဲ့တယ်၊ ဒါပေမဲ့ ကားလ်လက်အောက်က လူတချို့က ပြဿနာရှိတယ်။မိုက် ပြန်ပြောပြတာက “ပရောဂျက်လုပ်တော့မယ့် အဆင့်မှာ တချို့လူတွေက LC triple quad လုပ်မယ့် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို တကယ်သဘောမတူကြဘူး” အဲဒါကြောင့် သူနဲ့ ကားလ်တို့ LC triple quad ကို ထုတ်လုပ်ဖို့ သဘောတူညီမှုရကြတဲ့အခါ သူတို့နှစ်ယောက်ပေါင်းပြီး သဘောတူညီမှုကတိပြု အသိပေး စာချွန်လွှာကို အီးမေးလ်နဲ့ ထုတ်ပြန်ခဲ့တယ်။ဒီလူအများကို အသိပေးတဲ့စာက ခေါင်းဆောင်နှစ်ယောက်ရဲ့ကြားက မြင့်မားတဲ့ ယုံကြည်မှုသင်္ကေတကို ဖော်ထုတ်ပြသလိုက်တာပဲဖြစ်ပါတယ်။ဒီလို သူတို့နှစ်ယောက်ကြားက ခိုင်မာတဲ့ ယုံကြည်မှုဟာ သူတို့နှစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်က အဖွဲ့အစည်းဆီကို စီးဆင်းပြီးသား ဖြစ်သွားပါတယ်။

မိုက်က ဇီဝသိပ္ပံက သူ့အဖွဲ့ B ကို ဒီပရောဂျက်ထဲ ဆွဲထည့်လိုက်မှာလည်း စိုးရိမ်နေခဲ့သေးတယ်။သူက သူတို့ဟာ ဒီပရောဂျက်အတွက် သူတို့ရဲ့ ပထမတန်းအဖွဲ့ဝင်တွေကို အချိန်ပြည့်ပါဝင်ဖို့ တာဝန်ပေးချင်စိတ်ရှိပါ့မလားလို့ အပြည့်အဝစိတ်ချယုံကြည်မှုမရှိဘဲ ဖြစ်နေတယ်။အဲဒါကြောင့် သူက ဇီဝသိပ္ပံအဖွဲ့က triple quad အတွက် သူ့ရဲ့ဒိတ်ဒိတ်ကြဲ ထူးချွန်တဲ့သူတွေနဲ့ ပရောဂျက်ကို ၁၀၀ ရာခိုင်နှုန်းပြည့် ပံ့ပိုးပေးရဲ့လားလို့ စူးစမ်းစစ်ဆေးကြည့်ခဲ့တယ်။သူ့အဖွဲ့တွေဖက်ကိုလည်း သူ အလားတူလုပ်ဆောင်ခြင်းဖြင့် ပါတနာ ဇီဝသိပ္ပံက သူ့အဖွဲ့ရဲ့ အရည်အချင်းအပေါ် အပြည့်အဝယုံကြည်မှုရှိလာအောင် လုပ်ခဲ့တယ်။အခုကျတော့ နှစ်ဦးနှစ်ဖက်စလုံးက ပရောဂျက်ဟာ ပြည့်စုံတဲ့ ရင်းမြစ်တွေနဲ့ လုပ်ဆောင်မှာဖြစ်တယ်လို့ စိတ်ချယုံကြည်သွားကြပါပြီ။အဲဒီနောက် မိုက်က နောက်ထပ်ခြေတစ်လှမ်း ထပ်တက်လိုက်တယ်၊ သူက လုပ်ငန်းလုပ်ဆောင်မှု လေးလပတ် သုံးသပ်ချက်ကို ကျကျနနတင်ပြပြီး လူမှန်နေရာမှန်ဖြင့် ရာနှုန်းပြည့် အားစိုက်လုပ်ဆောင်နေလို့ ပရောဂျက်ဟာ စီမံထားတဲ့အတိုင်း တိုးတက်အောင်မြင်နေကြောင်း  သေချာခိုင်လုံစွာ သက်သေပြခဲ့တယ်။

           စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့အတွက် ပဉ္စမစည်းမျဉ်း

အချိန်ကြာလာတာနဲ့အမျှ မိုက်ရဲ့ ဌာနနဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဌာန ဇီဝသိပ္ပံတို့ကြားက ယုံကြည်မှုက ခိုင်မြဲလာခဲ့ပြီး ပရောဂျက်ကလည်း အောင်မြင်ခဲ့တယ်။ဒီပူးပေါင်းဆောင်ရွက်မှု စတင်ပြီး နှစ်နှစ်နဲ့ ခြောက်လအကြာမှာ အဂျေးလန့်ဟာ LC triple quad ကို သူရည်ရွယ်ထားတဲ့ ဈေးကွက်ဆီ မိတ်ဆက်ပေးနိုင်ခဲ့တယ်။သုံးနှစ်အတွင်းမှာ LC triple quad ဟာ နှစ်ပတ်လည်ဝင်ငွေ ဒေါ်လာ သန်းပေါင်း ၁၅၀ ရရှိတဲ့ ပစ္စည်းအဖြစ် ရပ်တည်လာနိုင်ခဲ့တယ်။ပန်းတိုင်ကို ဆွတ်ခူးရောက်ရှိခဲ့ပါပြီ။

ကျွန်တော်တို့ အခုတွေ့တဲ့အတိုင်း မိုက်ရဲ့  LC triple quad နဲ့ပတ်သက်တဲ့ ကြိုးစားအားထုတ်မှုဟာ စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်း ငါးခုစလုံးကို သရုပ်ဖော်ပြီးဖြစ်နေပါတယ် - သူက ဆွဲဆောင်မှုအားကောင်းတဲ့ လုပ်ငန်းစီးပွားကို တည်ထောင်ခဲ့တယ် (သူက ဒီလုပ်ငန်းက လုံလောက်မှု မရှိသေးဘူးလို့ မြင်တဲ့အတွက် ပိုကောင်းတဲ့ လမ်းကြောင်းတွေကို အသေအချာ ဖောက်လုပ်ပြင်ဆင်ခဲ့တယ်)၊ သူက ဆွဲဆောင်မှုအလွန်အားကောင်းတဲ့ တူညီတဲ့ ပန်းတိုင်ကို တည်ဆောက်ခဲ့တယ် “သုညဒေါ်လာကနေ သုံးနှစ်အတွင်း ဒေါ်လာ ၁၅၀ မီလျံ ဖြစ်လာမယ်” ၊ “ဆုကြေးတွေကိုလည်း စနစ်တကျပေးနိုင်အောင် စီစဉ်ခဲ့တယ်၊ အထူးသဖြင့် ဝင်ငွေအားလုံးကို ဇီဝသိပ္ပံရဲ့အောက်မှာ ထားရှိခဲ့တဲ့ ဆောင်ရွက်မှုဟာ သိပ်ပညာသားပါတယ်။သူက ပရောဂျက်ကို အရင်းအမြစ်ပြည့် ပံ့ပိုးမှုရစေခဲ့တယ် (ငွေကြေး၊ ကျွမ်းကျင်မှု၊ အချိန်)၊ နောက်ဆုံး သူက ယုံကြည်မှုမြှင့်တင်ရေးစက်လို့ တင်စားနိုင်တဲ့ စနစ်တစ်ခု ထုတ်ဖော်ခဲ့တဲ့အတွက် ပူးပေါင်းပါဝင်သူတွေဟာ သူတို့ရဲ့တူညီတဲ့ ဘုံပန်းတိုင်ကို ကောင်းစွာဆွတ်ခူးနိုင်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်ပါမယ်ဆိုတဲ့ ကတိကဝတ်ရရှိနိုင်ခဲ့တယ်။အခုလို စည်းကမ်းတကျ ချဉ်းကပ်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူတဲ့နည်းဟာ ပရောဂျက်အတွက် ထူးခြားတဲ့ရလဒ်ကို ရရှိနိုင်စေခဲ့သလို မိုက်အတွက်လည်း ရလဒ်ကောင်းရစေခဲ့တယ်လို့ ကျွန်တော်ပြောကြားလိုပါတယ်။

၂၀၀၉ ခုနှစ် သူ့အထက်လူကြီး တာဝန်က အနားယူတဲ့အခါ မိုက်က အုပ်စုရဲ့ ဥက္ကဌအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရတယ်။ ၂၀၁၅ ကျတော့ သူက အဂျေးလန့် နည်းပညာကုမ္ပဏီရဲ့ စီအီးအိုဖြစ်လာခဲ့တယ်။မှန်ပါတယ်။အခုပြောပြတဲ့ဇာတ်လမ်းထဲက မိုက်ဆိုတာက တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားလုပ်ငန်းမှာ ဝင်ငွေ ဒေါ်လာ ၄ ဘီလျံရအောင် လုပ်ဆောင် မှတ်တမ်းတင်ခဲ့တဲ့ စီအီးအို မိုက်မက်မူလန်ပါပဲ။

မော်တန် တီ ဟန်ဆန်ရဲ့ အလွှာအသီးသီးက လူပေါင်း ၅,၀၀၀ နဲ့ ၅ နှစ်တာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေ့ရှိချက်တွေကနေ လူအများနဲ့ အလုပ်အတူလုပ်ရာမှာ ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် လက်တွေ့နည်းလမ်းပေါင်းစုံနဲ့ လမ်းညွှန်ပြပေးတဲ့ ဆောင်းပါးတွေကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခြင်းဖြင့်၊ မိမိအလုပ် လုပ်ရာမှာ ဉာဏ်ကိုလွှာသုံးပြီး အခက်အခဲမရှိ အစွမ်းပြနိုင်အောင် ဆက်လက်လေ့လာကြပါဦးစို့ ....။

(ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)