【 ဆောင်းပါး 】 စာရေးဆရာနှင့် နာမကျန်းသော ကမ္ဘာ

【 ဆောင်းပါး 】 စာရေးဆရာနှင့် နာမကျန်းသော ကမ္ဘာ

စာမရေးတဲ့ အယ်ဒီတာကိုမှ အယ်ဒီတာအစစ်လို့ ပြောလိုတာ မဟုတ်ပါ၊ ကျနော်တို့ စာဖတ် - စာရေးခဲ့တဲ့တစ်လျှောက် တွေ့ရကြုံရ ပညာယူခဲ့ရတာ နာမည်ကျော်စာရေးဆရာတွေချည်းဖြစ်ပါသည်။

မင်းတုန်းမင်းခေတ် ရတနာပုံသတင်းစာကို မင်းတုန်းမင်းကြီးကိုယ်တော်တိုင် သဘောတူခန့်အပ်ခံရတဲ့ ဘိုးဝဇီရဆိုသူမှာ စာရေးကောင်းသူဖြစ်ပါသည်။စာရေးကောင်းသူမှာ စာကောင်း - မကောင်းကို ရွေးချယ်တည်းဖြတ်နိုင်သူဖြစ်လိမ့်မည်ဟု ယူဆဟန်ရှိပါသည်။

ဦးသိန်းဖေမြင့်တို့ ဒဂုန်တာရာတို့ ခေတ်ကိုထားပြီး ကျနော်တို့ စာရူးကဗျာရူးခေတ်မှာပဲ ဆရာမြသန်းတင့်၊ မင်းကျော်၊ နတ်နွယ်၊ တက္ကသိုလ်နန္ဒမိတ်၊ မြလှိုင် စတဲ့ ဆရာများဟာ အောင်မြင်ထင်ရှားတဲ့ စာရေးဆရာတွေချည်းဖြစ်ကြပါသည်။

ဆရာနတ်နွယ်၏ မိမိနှင့် --- စာရေးဆရာများကို ဖတ်ရသည့်အခါ၊ စာရေးဆရာမှာ စာရေးဖို့ရာသာ အဓိက၊ စာရေးဆရာက အယ်ဒီတာဝင်လုပ်ရသည့်အခါ စာရေးဆရာသည်သာ အလျင်နစ်နာပြီး စာဖတ်သူက ဒုတိယနစ်နာသည်ဟု ဆိုပါသည်။ဥပမာ ဆရာနတ်နွယ်သည်ပင်လျှင် “မြန်မာပြည်မြောက်ပိုင်း” အဆက်ကို ရေးမည် ရေးမည်ဟု ပြောရင်းဆိုရင်း မတ်တတ်ရေးမသွားနိုင်။ဆရာနတ်၏ မြန်မာပြည်မြောက်ပိုင်းကို ကြိုက်၍ ဖတ်ရနိုး ဖတ်ရနိုးဖြင့် စောင့်ရသည်မှာသာ အချိန်တွေကုန်သွားသည်။ဆရာလည်း မရေးဖြစ်တော့ပဲ အချိန်တွေကုန်သွားသည်။

စာရေးလို့အကောင်းဆုံးအချိန်မှာ လူပျိုဘဝ ဝင်စနှင့် တူသည်။အားအင်အကောင်းဆုံး အချိန်အရွယ်လည်းဖြစ်သည်။စာရေးမည့်သူကလည်း အဲသည်လိုအချိန်မှာ တခြားအနှောင့်အရှက် ဘာမှမရှိဘဲ တွန်းရေးဖို့ အားသွန်ရေးဖို့ လိုသည်။စာရေးရင်း ရေးစရာတွေ ထပ်ပေါ်လာသည်။ရေးစရာတွေက မကုန်နိုင် ဆက်တိုက်စဉ်တိုက် ရေးနိုင်ဖို့ရာမှာတော့ နောက်ခံဘဝအခြေအနေလည်း လိုသည်။နောက်ခံ မခိုင်သဖြင့် အယ်ဒီတာဘဝထဲလည်းရောက်သည့်အခါ မလုပ်မဖြစ်တာတွေ။ကိုယ်မျှော်လင့်မထားတာတွေ ဝင်လာကာ အချိန်ကိုလုသွားသည်။တစ်လအတွင်း မျက်မှောက်သတင်းတာဝန်ယူရလေတော့ စာအုပ်မိတ်ဆက်ပွဲ၊ သရုပ်ဆောင်မိတ်ဆက်ပွဲ၊ တေးစီးရီး၊ ရုပ်ရှင်ကား ဗွီဒီယိုကား မိတ်ဆက်ပွဲ၊ အဆိုတော်ကြီးစိန်ရတု စသဖြင့် စသဖြင့်။ဘာမှမဆိုင်မှန်း သိတော့ရော ဘာမှမတတ်နိုင်။

ကျနော်တို့ဆီမှာက ဝတ္ထုတစ်ပုဒ်ပေါက်ရုံဖြင့် ထိုင်စားလို့မရ။ဆရာမောင်သိန်းဆိုင်လား - ရေးဖူးသည်။နယ်ကလာသည့် ကလောင်သစ်ကလေးတွေက အယ်ဒီတာကြီးတွေစကားဝိုင်းမို့ စာပေအကြောင်း နာကြားခွင့်ရမည်ဟု အားခဲထားကြသည်။တကယ်ကြတော့ အယ်ဒီတာကြီးတွေက ကြက်မွေးတဲ့အကြောင်း ဝက်မွေးတဲ့အကြောင်းသာ ပြောနေကြသဖြင့် နယ်ကဆရာလေးတွေ စိတ်ပျက်ခဲ့ရခြင်းဖြင့် မဖူလုံတော့ကာ အယ်ဒီတာဘဝထဲ ရောက်လာသည်။စာပေဖြင့် မသက်ဆိုင်တာရော သက်ဆိုင်တာရော ရောကောသောကောတွေပါ ဝင်လုပ်ကြရသည်။အချိန်တွေကို တိုက်စားသွားသည်။ပြောနေဆိုနေကြအတိုင်း အယ်ဒီတာဘဝသည် စာရေးဆရာဘဝ၏ သင်္ချိုင်းဖြစ်သွားတော့သည်။

စာရေးဆရာမဖြစ်ခင်က စာရေးဆရာဖြစ်ဖို့ရာ အားခဲသည်၊ အဖေက အမေ့ကို “နင့်သား စာရေးဆရာ အုပ်စုတွေနဲ့ ပေါင်းနေတယ်။ ဖတ်တာက ကွန်မြူနစ်စာအုပ်တွေ ဆယ်တန်းလည်း အောင်သေးတာမဟုတ်ဘူး ဒီကောင်ခွေးဖြစ်မယ်” ဆယ်တန်းကလေးအောင်လေတော့ အဖေနည်းနည်းစိတ်အေးသွားပုံရသည်၊ ထားတော့။

စာပေလောကထဲရောက်တော့ ကိုယ့်ရှေ့က အယ်ဒီတာကြီးများထံက ဆည်းပူးရ နည်းနာခံယူရသည်။ကျနော်တိုရှေ့က စာရေးဆရာကြီးများပင်လျှင် မရေးချင်လှပဲ ရေးနေရခြင်းကို တွေ့မိသည်။ဆရာထင်လင်းက အသက် ၇၀ တန်းထဲ ရောက်ရှိခဲ့လျှင် စာကို တစ်စိုက်မတ်မတ်ရေးတော့မည်ဟု ဆရာနတ်နွယ်နှင့် ဖုန်းဆက်ပြောသည်။ဆရာထင်လင်းက ဆရာနတ်နွယ်ထက်စာလျှင် ခေတ်ပြိုင်မဂ္ဂဇင်းနှင့် စာစောင်များတွင် အရေးနည်းသည်။ရေးတာ မတွေ့တော့ စာမရေးတော့ဘူးထင်သဖြင့် စာမူမတောင်းကြ။သို့နှင့် စာပြန်ရေးနေပါကြောင်း စာရေးဆရာခြင်း စကားပါးရသည်။သို့တိုင် ဆရာနတ်ကို ဆောင်းပါးရေးရသည်မှာ အဖတ်မတင် စာပေါင်းစုံ အကြောင်းစုံ ရေးရသဖြင့် ထုတ်ဝေသူတွေက မထုတ်ချင်ကြကြောင်း ပြောသည်။ဝတ္ထုတိုလောက်ပင်ရေးရတာ မပျော်ရွှင်သည့်သဘော ပြောသည်။ဟုတ်လောက်ပါသည်။ကျနော့်မှာလည်း ဝတ္ထုတိုရေးဖို့ နှောင့်နှေးသွားသည့်အခါ ဆောင်းပါးရေးဖို့ စိတ်ကူးခဲ့သည်။ကျနော်တို့ရှေ့က ဆရာသမားကြီးတွေလည်း ဆောင်းပါးတွေရေးခဲ့ကြသည်ကို တွေ့ရသည်။ဆရာကြီးဦးသော်ဇင်၊ ဆရာဇေယျ၊ ဒဂုန်ဦးထွန်းမြင့်၊ ဆရာပါရဂူ၊ ဒဂုန်နတ်ရှင် စသဖြင့် စသဖြင့်။

ဤသို့ရေးဖို့ရာဆိုသည်မှာ တော်ရုံပညာ တော်ရုံဝမ်းစာဖြင့် မရ၊ ဝန်ခံရလျှင် စာပေနယ်ထဲ ခုန်ဆင်းဖို့ ခြေစုံပစ်ဖို့ဆိုလျှင် စာမျိုးစုံရေးနိုင်ဖို့ စဉ်းစားထားခဲ့သည်။ဘဝသရုပ်ဖော်ကတော့ အဓိကလိုင်းမှာထားသည်၊ ပြစ်မှု၊ စုံထောက်၊ လျှို့ဝှက်၊ ဂမ္ဘီရ နည်းနည်းစီတော့ ခြေလှမ်းစထားသည်။ဆရာမောင်သိန်းဆိုင်နှင် မောင်သွေးသစ်တို့ လျှို့ဝှက်မဂ္ဂဇင်းထုတ်တော့ ဘာသာပြန်ဝတ္ထုထဲက မှီငြမ်းကာ ရေးဖြစ်သည်။ဆရာတို့နှစ်ဦးလုံးက ဆက်ရေးဖို့ ပြောသည်။သူတို့လည်း ရပ်သွားသဖြင့် ကျနော်လည်း ဆက်မရေးဖြစ်တော့။အဲသည်လိုင်းမှာလည်း ခပ်ပေါ့ပေါ့မဟုတ်သော လေးနက်တာလေးတွေရှိသည်။ဆရာကြီးရွှေဥဒေါင်း၊ ဒဂုန်ရွှေများတို့ ဖော်သွားသော လိုင်းဖြစ်သည်။စုံထောက်ဦးစံရှား၊ ထောင်မင်းသားဖိုးထော် စသဖြင့်။အမှန်ဆို ကျနော့်စိုးရိမ်မှုဖြစ်သည်။သို့နှင့် ဆောင်းပါးတွေရေးချင်လာသည်။ခေါင်းထဲမှာ နှစ်ခုရှိသည်၊ စာပေရေးရာနှင့် သမိုင်းရေးရာဖြစ်သည်။အခုတော့ နည်းနည်းရေးဖြစ်လာသည်။သမိုင်းဆိုရာတွင် မက်စ်ဝါဒ သမိုင်းအမြင်ကိုအခြေခံကာ ဝေဖန်သုံးသပ်ရေးပါသော ဆောင်းပါးမျိုးဖြစ်သည်။

ကျနော်တို့ စာပေနယ်ထဲရောက်သောကာလမှာ စာပေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေသော ကာလဖြစ်သည်။ဆိုရှယ်လစ်ဆိုသော နိုင်ငံတွေအားလုံး ကြပ်မတ်ခြင်းသည်ပင်လျှင် ပြည်သူအတွက်ဖြစ်ကြောင်း အယောင်ဆောင်ထားနိုင်သော ကာလလည်းဖြစ်သည်။အစကတော့ ဘာပဲရေးရရေးရ စာရေးချင်တာပဲရှိသည်။ဝတ္ထုတိုလေးတွေရေးသည်။မဂ္ဂဇင်း စာစောင်မျိုးစုံ အကုန်ပို့သည်။ဘာမှမသိတုန်းက စိတ်ချမ်းသာသည်။စာတွေဆက်ဖတ် ဆက်ရေးလုပ်သောအခါ တစ်စ တစ်စ အတော်စိတ်ဆင်းရဲလာသည်။ချေဂွေဗားရားတို့ ဂျိုဆေရီဇော်တို့လို ဆရာဝန်များပင် ဆေးထိုးအပ် မကိုင်ကြတော့။ဆေးထိုးအပ်က တစ်ဦးတစ်ယောက်ချင်းသာ ကုလို့ရသည်။နာမကျန်းဖြစ်နေသော လူ့အဖွဲ့အစည်းကို ကုမဖို့ဆိုလျှင် ကလောင်ကိုင်ရမည်ဟု ခံယူလာကြသည်။

ယခုဆိုလျှင် မြန်မာ့လူ့အဖွဲ့အစည်းကြီးသည် နာတာရှည်ဝေဒနာသည်ကြီး ဖြစ်နေပေပြီ။ကလောင်ကိုလည်း ဆက်ကိုင်ရဦးမည်။ရေးချင်တာတွေလည်း ဆက်ရေးရပေဦးမည်။

လင်းထင်
Photo Credit - Burma Beauty 1900 to 2010