【 ဆောင်းပါး 】 စီစီတီဗီလောက်တော့ သနားတယ်

【 ဆောင်းပါး 】 စီစီတီဗီလောက်တော့ သနားတယ်

စက်ရုံက နိုင်ငံခြားကုမ္ပဏီနဲ့ မြန်မာဖက်စပ်ဆိုပေမယ့် စက်ရုံတစ်ရုံလုံးရဲ့ ကုန်ထုတ်လုပ်မှုတွေကိုရော စီမံခန့်ခွဲမှုကိုပါ နိုင်ငံခြားကုမ္ပဏီက တိုက်ရိုက်ကိုင်တွယ်တာမို့ စည်းကမ်းကြီးလှတယ်။

သက္ကရာဇ် ၂၀၀၀ ဟိုဘက် မြန်မာနိုင်ငံမှာ စီစီတီဗီကင်မရာဆိုတာကို မမြင်ဖူးသူများနေသေးတဲ့အချိန် အဲဒီစက်ရုံမှာတော့ ရေချိုးခန်းနဲ့ အိမ်သာကလွဲ နေရပ်လပ် မကျန်စေရ။စက်ရုံပတ်ပတ်လည် စက်ရုံခြံစည်းရိုးပြင်ပကိုတောင် မဆိုင်သူကပ်လာရင် မှတ်တမ်းတင်ထားနိုင်အောင် စီစီတီဗီကင်မရာတွေက ၂၄ နာရီ စောင့်ကြည့်ကာ။

စက်ရုံအတွင်းထဲ ကုန်ပစ္စည်းထုတ်လုပ်တဲ့ အခန်းအကျယ်ကြီးထဲကတော့ ထောင့်စေ့နေအောင် စောင့်ကြပ်နေတဲ့ ကင်မရာတွေပြည့်လို့။အဲဒီအခန်းကျယ်ကြီးနဲ့ကပ်လျက် နောက်ထပ်အခန်းကျယ်ကတော့ ထုတ်လုပ်ပြီးသား ကုန်ပစ္စည်းတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေထားတဲ့ အခန်း။အဲဒီ ၂ ခန်းကို အဖွင့်အပိတ်တံခါးမရှိတဲ့ အပေါက်ခပ်ကျယ်ကျယ်တစ်ခုနဲ့ ဆက်စပ်ထားပေမယ့် ထုတ်လုပ်ပြီးသား ပစ္စည်းတွေ သွားထားရတဲ့သူတွေနဲ့ တာဝန်ရှိသူတချို့သာ ဝင်ခွင့်ရှိတယ်။အဲဒီပစ္စည်းထားတဲ့ အခန်းရဲ့ အနောက်ဘက်ခြမ်းမှာတော့ ကားကြီးတစ်စီးဝင်စာ တံခါးပေါက်၊ အတင်အချပြုလုပ်နိုင်တဲ့ သံတံခါးလိပ်ကြီးနဲ့ သော့ခလောက် ခပ်ကြီးကြီးနဲ့။ အပြင်ကနေ ကုန်ပစ္စည်းလာယူတဲ့သူတွေက အဲဒီတံခါးကနေ လာယူကြ၊ ကုန်ကြမ်းပစ္စည်းတွေကိုလည်း အဲဒီအပေါက်ကနေ လာပို့ကြ။ကုန်ထုတ်လုပ်မှုအခန်းဘက်ကိုတော့ လုံးဝမဝင်ရ။

အဲဒီလို ကင်မရာတွေ ထောင့်စေ့အောင်တပ်ထားပြီး ဝန်ထမ်းတွေတောင် ကိုယ်နဲ့မဆိုင်တဲ့နေရာ သွားလို့မရအောင် စီမံထားပေမယ့် ကုန်ထုတ်လုပ်မှုစက်တွေနဲ့ ကွယ်နေလို့ ကင်မရာမမြင်ရတဲ့နေရာ နည်းနည်းပါးပါးရှိသလို ထုတ်လုပ်ပြီးသား ကုန်ပစ္စည်းထားတဲ့ အခန်းကျတော့ အထပ်ထပ်မြင့်တက်နေတဲ့ ကုန်ပစ္စည်းတွေကြောင့် ကင်မရာလက်လှမ်းမမီတဲ့နေရာတွေရှိတယ်။

အဲဒီစက်ရုံကြီးရဲ့အတွင်းပိုင်းကို အုတ်နံရံတွေနဲ့ကာရံကာ လိုအပ်သလို အခန်းတွေဖွဲ့စည်းထားပေမယ့် စက်ရုံခေါင်မိုးနဲ့ စီလင်ကြား လူတစ်ရပ်ကျော်အမြင့်ရှိတဲ့နေရာမှာတော့ အကာအရံမရှိ တိုးလျိုးပေါက်။အဲဒီခေါင်မိုးပေါ်မှာ ဝါယာကြိုးတွေနဲ့ ရှုပ်ယှက်ခတ်လို့။ခေါင်မိုးပေါ်ကို ကုန်ပစ္စည်းထားတဲ့နေရာကနေ လှေကားထောင်ကာ တက်လို့ရအောင် စီလင်တစ်ချပ်ကို အရှင်လုပ်ထားတယ်။ကုန်ပစ္စည်းထုတ်လုပ်ခန်းအပြင်ဘက် စက်ရုံဝန်းဘက်ကနေဝင်ရတဲ့ လေအေးပေးစက်အခန်းနဲ့ နောက်တစ်ခန်းကနေလည်း တက်လို့ရတယ်။

ဒါပေမဲ့ အဲဒီခေါင်မိုးပေါ်ကို ကျနော်တို့အင်ဂျင်နီယာဌာနက လူတွေပဲ ဝါယာကြိုးကိစ္စ၊ အဲကွန်းပိုက်လိုင်းကိစ္စနဲ့ အစစအရာရာအတွက် တက်ခွင့်ရှိတယ်။ကျနော့်မိတ်ဆွေက အင်ဂျင်နီယာဌာန (စက်မှု) ရဲ့ အလုပ်သမား။သူက ကုန်ချောနဲ့ ကုန်ကြမ်းထားတဲ့ အခန်းကျယ်ကြီးကနေ ခေါင်မိုးပေါ် နေ့စဉ်တက်ရတဲ့ အလုပ်ရှိတယ်။ဘာအလုပ်လဲဆိုတော့ ကုန်ကြမ်းတစ်မျိုးကိုစားတဲ့ ပိုး ရှိ၊ မရှိ သိနိုင်တဲ့ ဓာတုကတ်ပြားတစ်ခုကို နေ့စဉ်စစ်ဆေးရတာကြောင့်ပါပဲ။

သူက မနက်အစောကြီး စက်ရုံရောက်လေ့ရှိတယ်။စက်ရုံရောက်တာနဲ့ ကုန်ပစ္စည်းထားတဲ့ အခန်းသွား၊ လှေကားထောင်ကာ ခေါင်မိုးပေါ်တက်၊လုပ်စရာရှိတာ လုပ်ပြီးပြီဆို ခေါင်မိုးပေါ်ကနေပြန်ဆင်း။သူ ဘယ်အချိန်ခေါင်မိုးပေါ်တက်သွားသလဲ၊ ဘယ်အချိန်အောက်ပြန်ဆင်းလာသလဲ ဘယ်သူကမှ ဘယ်သတိထားမိကြမလဲ။

သူက နောက်ဆုံးအဆင့် ကုန်ပစ္စည်းပါကင်ထုတ်တဲ့စက်က အလုပ်သမား ၂ ယောက်နဲ့ လက်ဝါးချင်းရိုက်လိုက်တယ်။အဲဒီ ၂ ယောက်က တစ်ယောက် တစ်လှည့်စီ ညဆိုင်းဆင်း။ညဆိုင်းဆင်းသူက အမှိုက်ထည့်တဲ့ အိတ်ကြီးထဲ စီးကရက် ၁၀ ဗူးလား၊ ၁၂ ဗူးလားပါတဲ့ အတောင့် သုံး၊ လေးတောင့်လောက်ကို ပစ်ထည့်လိုက်တယ်။သူတို့စက်က ကင်မရာနဲ့ နည်းနည်းကွယ်နေတာမို့ အမှိုက်ထုပ်ထဲ စီးကရက် သုံး၊ လေးတောင့် ပစ်ထည့်ရတာ မခက်သလို အဆိုင်းတစ်ဆိုင်းပြီးတိုင်း စီးကရက်ဗူးနဲ့ အရောင်တူတဲ့ အမှိုက်ထုပ်ကြီး လေး၊ ငါးထုပ်ကို ကုန်ပစ္စည်းထားတဲ့ အခန်းထဲ သွားထားရတာမို့ ဘယ်သူကရိပ်မိမလဲ။

အမှိုက်ထုပ်တွေထဲက စီးကရက်အတောင့်ထည့်ထားတဲ့ အမှိုက်ထုပ်ကို အမှတ်အသားတစ်ခု လုပ်ထားလိုက်တယ်။အဲဒီကုန်ပစ္စည်း အခန်းထဲ မနက်စောစောဆို ဘယ်သူမှလာလေ့မရှိတာကြောင့် ကျနော့်မိတ်ဆွေက ကင်မရာကွယ်တဲ့နေရာမှာ အမှိုက်ထုပ်ဖြည်၊ စီးကရက်အတောင့်တွေယူ၊ ခေါင်မိုးပေါ်တက်၊ အဲကွန်းကွန်ထရိုးအခန်းရဲ့အပေါ်မှာ ဆေးလိပ်တောင့်တွေ သွားထား။

ခေါင်မိုးနေရာက စက်ရုံတစ်ရုံစာ အကျယ်ကြီးဖြစ်သလို အပေါ်က သစ်သားတန်းတွေပေါ် ဖြည်းဖြည်းချင်း သတိထားလျှောက်ရတာမို့  ကျနော်တို့အင်ဂျင်နီယာဌာနကလူတွေလည်း ကိစ္စမရှိဘဲ ဘယ်သူကလျှောက်သွားကြမလဲ။ဒါ့ကြောင့် သူက တစ်ပတ်မှာ လေး၊ ငါးရက် စီးကရက်အတောင့်တွေရသမျှ အဲကွန်းကွန်ထရိုးခန်းအပေါ်က ခေါင်မိုးပေါ် တင်ထားလိုက်တယ်။ဘယ်သူမှမသိ။

စက်ရုံက လကုန်ရက်တိုင်း ဝန်ထမ်းတိုင်းကို တစ်ယောက် စီးကရက် ၃ တောင့် ပေးတယ်။ရတဲ့ စီးကရက်တောင့် ကိုယ့်ဘာသာ ရောင်းချင်ရောင်း၊ သောက်ချင်သောက် ကြိုက်တာလုပ်။အဲဒီနေ့ဆို ကုန်ထုတ်လုပ်တဲ့ အခန်းထဲကလွဲလို့ ကျန်စက်ရုံဝန်းထဲ ဝန်ထမ်းတိုင်း ဆေးလိပ်အတောင့်တွေကိုယ်စီနဲ့။စက်ရုံဝန်ထမ်းတချို့က အဲဒီစီးကရက်တောင့်တွေကို ဈေးနည်းနည်းလျှော့ပြီး ပြန်ဝယ်ကာ အပြင်ကဆိုင်တွေမှာ ပြန်သွင်းလေ့ရှိတယ်။

အဲဒီနေ့မှာ ကျနော့်မိတ်ဆွေကလည်း ဝန်ထမ်းတွေရတဲ့ စီးကရက်တွေ လိုက်ဝေလေ့ရှိတယ်။ပြောရရင် နည်းနည်းပါးပါး အဝယ်ပြလိုက်တဲ့သဘော။အဲလိုအဝယ်ပြပြီးနောက် အဲကွန်းကွန်ထရိုးခန်းထဲကနေ ခေါင်းမိုးပေါ်တက်၊ ကွန်ထရိုးခန်းအပေါ်က စီလင်မှာတင်ထားတဲ့ စီးကရက်တောင့်တွေကို သယ်ချ။

အဲဒီအဲကွန်းကွန်ထရိုးခန်းဆိုတာက အင်ဂျင်နီယာဌာနကလူတွေသာ ဝင်ခွင့်ရှိပြီး အလုပ်မရှိဘဲ ဘယ်သူမှမဝင်သလို အလုပ်မရှိတာလည်းများများမို့ အေးအေးဆေးဆေး စီးကရက်တောင့်တွေ သယ်ချနိုင်တယ်။အဲဒီအခန်းက ထွက်လိုက်ရင် စက်ရုံဝန်းထဲက ချောင်ကျကျတစ်နေရာ။အဲဒီအခန်းနဲ့ မျက်နှာချင်းဆိုင်နေရာကဟင်းလင်းမို့ အဝင်အထွက်နဲ့ စီးကရက်ထုတ်တာ လူသတိမထားမိ။

အဲဒီလိုနည်းနဲ့ လခထုတ်တဲ့ရက် စီးကရက်တောင့်ပေးတဲ့နေ့တိုင်းမှာ ခိုးထားတဲ့ စီးကရက်တောင့်တွေ သယ်ထုတ်နေတာ တစ်နှစ်ခွဲလောက်ကြာသွားတယ်။ကျနော့်မိတ်ဆွေက အဓိကလှုပ်ရှားသူမို့ ရသမျှငွေရဲ့ တစ်ဝက်ကို သူကယူ။ကျန်တစ်ဝက်ကိုတော့ သူ့ပါတနာ ၂ ယောက် တစ်ယောက် တစ်ဝက်နှုန်း။

တစ်ရက်သော မနက်၊ အမှိုက်ထုပ်ထဲက စီးကရက်တောင့်တွေယူပြီး ခေါင်မိုးပေါ် လှေကားနဲ့တက်နေတဲ့အချိန် ပါကင်ပုံးအရေအတွက် လာစစ်တဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးက တွေ့သွားကာ တစ်နှစ်ခွဲလောက်ကြာ လုပ်စားနေသမျှ ပေါ်တော့တယ်။

ကုမ္ပဏီက ဇာတ်လမ်းတွေ အရှည်မခံချင်တော့ ရဲလက်မအပ်၊ သူတို့ ၃ ဦးကိုသာ အလုပ်ဖြုတ်လိုက်တယ်။သူ့ပါတနာ ၂ ဦးက ခိုးလို့ရတဲ့ ပိုက်ဆံနဲ့ မြေဝယ် အိမ်ဆောက်လိုက်နိုင်တယ်။သူကတော့ ရည်းစားတွေနဲ့ ပျော်ပါးနေသူမို့ တစ်ပြားမှမစုမိ။

နိုင်ငံခြားသား စက်ရုံမှူးက သူ့တစ်သက်တာ နှစ်ချီကြာ အခုလိုပါးပါးနပ်နပ်ခိုးတာမျိုး တစ်ခါမှမကြုံခဲ့ဖူးဘူးလို့ပြောကာ ဆလံသနေတော့တယ်။

ငြိမ်းဆက်