【 ဆောင်းပါး 】 ဆရာတာရာ၊ ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၆)

【 ဆောင်းပါး 】 ဆရာတာရာ၊ ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၆)

ဆက်ဆံရခက်တဲ့သူတွေလို့ ပြောရမလားမသိပါ၊ လူတစ်ကိုယ် စရိုက်တစ်မျိုးဟုပြောရလျှင် သင့်မည် ထင်ပါသည်။ထိုအထဲတွင် ဆရာတာရာနှင့် ဆရာနတ်နွယ်တို့လည်း ပါသည်။
 
ဆရာတာရာက ဘူးဆိုလျှင် ဖရုံမသီး (ဟူ၍ ဆရာနတ်နွယ်က ပြောသည်)။ဆရာနတ်နွယ်ကလည်း မှန်သည်ထင်၍ လုပ်သည်ကို အလျှော့မပေး တတ် (ဟူ၍ ကျနော်ထင်သည်)။
 
စာရေးဆရာဟု ဆိုကြသော်လည်း အားလုံးတူကြသည်မဟုတ်၊ ကွဲလွဲကြ မတူကြတာတွေက အများကြီး။ကြီးကြီးမားမား ကွဲလွဲမှုတွေအထိရှိသည်။လူသည် သတ္တဝါဖြစ်သည်။နိုင်ငံရေးသည်သာ အဓိကဖြစ်သည်ဆိုသူရှိသည်။စာရေးဆရာထဲမှာ နိုင်ငံရေးအကြောင်းပြောလျှင် သစ္စာဖောက်-ဒီလိုလူလည်းရှိသည်။
 
ကျနော် စာပေစိတ်ဝင်စားကာစ ၁၅ နှစ်သားလောက်က ကျနော့်မိဘများက ငှား‌ရမ်းသောအိမ်သို့ စာရေးဆရာမောင်နှံ ပြောင်းရွှေ့ရောက်ရှိလာသည်။ကျနော်သည် အလွန်လေးစားအားကျခဲ့သည်။ဇနီးမောင်နှံနှစ်ယောက်တွင် ကလေးအခါလည်သား တစ်ယောက်ပါသည်။ဇနီးကလည်း က‌ဗျာရေးသည်ဆို၏။
 
စာရေးဆရာသည် အသက်သုံးဆယ်ခန့်ရှိမည်။သူသည် ထင်ရှူးပုံးသာသာ ပုံးတစ်ခုပေါ်တွင် ဗလာစာအုပ်ချ၍ တကုတ်ကုတ်ရေးနေတတ်သည်ကို အမြဲလိုတွေ့ရသည်။
 
ကျနော်သည် “စာရေးဆရာဟူသည်မှာ ဤသို့လျှင် ပုံးလွတ်တစ်ခုပေါ်တွင် ဗလာစာအုပ်ချလျက် ပိုင်းလော့ဖောင်တိန်ဖြင့် တကုတ်ကုတ်စာရေးသူဖြစ်သည်” ဟု မှတ်သားမိရပါပေသည်။
 
ကျနော် ရှစ်တန်းနှစ်လောက်မှာ လက်လွှဲအိတ်ကို ဟန်ပါပါချိတ်လျက် ရှိုးစမိုးဖြင့် ဂိုက်ပေးတတ်သော စာရေးဆရာဆိုသူနှင့် သိခဲ့ရဖူးပါသေးသည်။သူကတော့ ဟန်ပိုများသောသူဖြစ်သည်။သူတို့နှစ်ဦးလုံး ဘာတွေရေးမှန်းတော့မသိ၊ ရေးတော့ ရေးတာပဲဟူ၍သာ သိပါသည်။နောင်ကာလအတော်ကြာမှ ၎င်းတို့သည် ရည်းစားစာဆန်ဆန် စာတိုပေစကို ဖလင်စတား ဘားမားစတားတို့တွင်ရေးကြောင်း သိရ၏။ဆရာ မတင်မိတာ မှန်ပါပေသည်။
 
ကိုးတန်း၊ ဆယ်တန်းလောက်က ကျောင်းနံရံကပ်စာစောင်တွင် ပါဝင်ရေးသားရင်း တွေ့ဆုံရသူတို့မှာ အတော်အဆင့်ရှိသည်။သူတို့ကြောင့် သခင်ကိုယ်တော်မှိုင်း၏ မှာတော်ပုံကို ဖတ်ရကောင်းမှန်း သိလာသည်။ ၁၉၇၄/၁၉၇၅ တွင် ကျနော် ကိုးတန်းနှစ်၊ ထိုနှစ်က မြို့ပေါ်မှာ အလုပ်သမားအရေးအခင်းကြီးဖြစ်သည်။ပဲခူးရိုးမပေါ်မှာ ကွန်မြူနစ်ပါတီ ကျရှုံးသည်။ဗမာနိုင်ငံကိုကယ်တင်မည့်ပါတီ မရှိတော့ဘူး။ပါတီထောင်ကြရမည်ဟု တိုင်ပင်ခဲ့ကြသော စာပေမိတ်ဆွေများသည် ထောင်ကျသွားကြသည်။စာရေးဆရာဘဝဆိုတာ ဒီလိုလည်းကြမ်းတမ်းပါတကားဟု သိလာသည်။စာရေးဆရာဆိုတိုင်းလည်း မတူကြ ကွဲပြားကြသည်ကို ပြောလိုခြင်းဖြစ်ပါသည်။ယခုလိုအချိန်တွင် မည်သို့သောသူမျိုးကို လေးစားပါသနည်းဟု မေးစရာမလိုတော့ဟု ထင်ပါသည်။
 
ဆရာဒဂုန်တာရာက နိုင်ငံရေးလွှမ်းသော (လွှမ်းမိုးသော) စာရေးဆရာဖြစ်ကြောင်း သိပြီးကြမည် ထင်ပါသည်။သတိတရ စာဖတ်မှတ်သားမိတာလေးပြောရလျှင် ဒဂုန်တာရာ၊ လေထီး‌ဗိုလ်အုန်းမောင်နှင့် စာရေးဆရာတိုက်စိုးတို့သည် တစ်နှစ်ကြီး တစ်နှစ်ငယ် ငယ်သူငယ်ချင်း (ကျိုက်လတ်/ဒေးဒရဲသား) များဖြစ်ကြသည်။ဆရာတာရာ ရန်ကုန်တက္ကသိုလ်ကပြန်လျှင် သူတို့နှင့်တွေ့သည်။တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) အကြောင်း ပြောကြ အမြင်ချင်းဖလှယ်ကြသည်။
 
၁၉၃၆ ဒုတိယကျောင်းသား သပိတ်အပြီး ရန်ကုန်မြို့၊ ဂျူဗလီဟောတွင်ကျင်းပသော ပထမဆုံး “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံ” သို့ ကျိုက်လတ်ကျောင်းသားကိုယ်စားလှယ်အဖြစ် ဆရာတာရာ တက်ခဲ့ရသည်။ဆရာတာရာ ကျိုက်လတ်သို့ပြန်လျှင် သူတို့နှင့်တွေ့သည်။လွတ်လပ်ရေးကြိုးပမ်းမှုကာလ ဂျပန်ခေတ်ကာလများတွင် တွေ့ဆုံတိုင်ပင်မှုများရှိ သည်။
 
၁၃၀၀ ပြည့်အရေးတော်ပုံ (၁၉၃၈) အတွင်းဝန်ရုံးဆန္ဒပြပွဲတွင် ဆရာတာရာ တက်ကြွစွာပါဝင်ခဲ့သည်။ဗိုလ်အောင်ကျော် ကျဆုံးသော သပိတ်ဟုသိသူများသည်။
 
ကိုအုန်းမောင်မှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အိန္ဒိယသို့ တာဝန်ဖြင့်ရောက်ရသည်။ဂျပန်များကို ပြန်လည်တိုက်ထုတ်ရန် မြန်မာပြည်သို့လေထီးဖြင့်ဆင်းရသည်။လေထီး‌ဗိုလ်အုန်းမောင်ဟု သမိုင်းတွင်သွားသည်။လွတ်လပ်ရေးရပြီးခေတ်တွင် ဗိုလ်အုန်းမောင်သည် လက်ဝဲယုံကြည်မှုကြောင့် ထောင်ကျပြီး (ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ မြသန်းတင့်တို့နှင့်အတူ) ကျွန်းသို့ အပို့ခံရသည်။ကျွန်းပြန်နိုင်ငံရေးသမား သိကြသည်။ ၈၈ အရေးအခင်းကာလနောက်ပိုင်းတွင် နှစ်ရှည်အဖမ်းခံရပြန်သည်။တစ်လျှောက်လုံးပင် မဆလအာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်သွားသည်။အဘအရွယ် အဖိုးအရွယ်တွင် ကျနော်ဆုံတွေ့ခဲ့ဖူးသည်။တောင်ဥက္ကလာအိမ်သို့ ရောက်ဖူး သည်၊ ဗိုလ်အုန်းမောင် ကွယ်လွန်တော့ ဆရာတာရာ ရောက်ရှိလာသည်၊ ငယ်သူငယ်ချင်းထဲမှ တစ်ဦးပဲ့ကြွေသွားခြင်းဖြစ်သည်။လေထီးဗိုလ်အုန်းမောင်၏ “နှစ်ပေါင်းငါးဆယ်ကြာသောအခါ” ကိုယ်တိုင်ရေးအတွေ့အကြုံ စာအုပ် ထွက်ခဲ့သည်။ဖတ်ရှုနိုင်သည်။
 
ဆရာတာရာ၏ ငယ်သူငယ်ချင်းတစ်ယောက်မှာ စာရေးဆရာတိုက်စိုး (ဦးသန်းထွတ်) ဖြစ်သည်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့လောက် နာမည်မကျော်သည့်တိုင် မြန်မာစာပေပညာရှင်အဖြစ် သိကြသူများသည်။တိုက်စိုးစာ တိုနံ့နံ့၊ ဂျူဗလီဟောမြင်ကွင်း၊ ဧရာဝတီ စာအုပ်တို့မှာ ထင်ရှားသည်။ဆရာတိုက်စိုးမှာ ဘောက်ထော် ကန်ပဲ့ ဘက်မှာ နေသည်။ဘူတာနှင့်နီးသည်။ဆရာတိုက်စိုး လည်ချောင်းကင်ဆာဖြစ်၍ ဆရာလေးတင်စံဦးမှ ဆေးကုပေးစဉ် အဖော်အဖြစ် လိုက်ပါဖူးခြင်းဖြစ်သည်။ဆရာတိုက်စိုး စကားပြောသမျှ ရက်ကော့ယူထားရန် ကက်ဆက်နှင့် အခွေများပေးခဲ့သည်။ဆရာ့ဇနီး တက္ကသိုလ်မြစိမ်းကလည်း ကျန်းမာရေးမကောင်း တုတ်ကောက်နှင့် လျှောက်နေရသည်။
 
လေထီးဗိုလ်အုန်းမောင်နှင့် ယှဉ်ကြည့်လျှင် ဆရာဒဂုန်တာရာသည် သက်သာစွာရှိသည် ဆိုရမည်။ဆရာတိုက်စိုးကဲ့သို့ ရာထူးဂုဏ်ထူးမရှိပါ။ဆရာတိုက်စိုးကတော့ အရာထမ်း စာပေပညာရှင်ဘဝနှင့် ကွယ်လွန်သွားသည်။လေထီးဗိုလ်အုန်းမောင်ကတော့ တိုင်းပြည်နိုင်ငံအပေါ် ပြည်သူလူထုအပေါ် အသက်ထက်ဆုံး အလုပ်အ ကျွေးပြုသည်ဟု ပြောရမည်။ထောင်ကျ ကျွန်းကျသည်။လေထီးဆင်းစဉ် ခြေထောက်ဒဏ်ရာရသည်။သေရာပါသည်။ရန်ကုန်ဘူတာကြီးတွင် ‌ရထားစောင့်ရင်း ကျနော်တို့လူငယ်များနှင့်တွေ့ရသည်။တောင်ဝှေးတစ်ချောင်းသာ အဖော်ပါသည်။သူသည် ကျနော်တို့ကို ပြန်မေးနေသည်။အဘ တာဝန်ကျေပါတယ်နော်။ရင်ထဲမှာကျင်သွားသည်။ဘဝမှာ လူ့အဖွဲ့အစည်းပေါ် တာဝန်ကျေပွန်ချင်သည်။သူ၏ ဘဝအပေါ်  ပိုင်းဖြတ်မှုဖြစ်သည်။ဦးအုန်းမောင်သည် ကွယ်လွန်ချိန်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဖြစ်သည်။ 
 
ဆရာဒဂုန်တာရာကတော့ စာပေနယ်မှာ လက်ဝဲအတွေးအခေါ်ကို တည်ဆောက်သူဖြစ်သည်။ထိုအချိန်ကာလ ခေတ်ပြိုင်လူတွေကို လက်ဝဲအတွေးအခေါ်က လွှမ်းမိုးထားသည်။ကိုယ့်တစ်နိုင်ငံတည်း မဟုတ်။အာရှမှာ လွှမ်းမိုးထားသည်ဟုပင် ပြောနိုင်သည်။တရုတ်-မော်စီတုန်း၊ ဗီယက်နမ်- ငုယင်ဗန်ထရွိုင်း၊ ကမ္ဘောဒီးယား-သီဟာနု၊ ကိုရီးယား-ကင်အီဆွန်း၊ လာအို၌ ပသက်လော၊ မြန်မာ-သခင်သန်းထွန်း စသည်။ဤသည်မှာ လက်ဝဲနိုင်ငံရေးနယ်ကို ပြောခြင်းဖြစ်သည်။ 
 
စာပေနယ်မှာလည်း ထို့အတူရှိသည်။တရုတ်ပြည်တွင် စာရေးဆရာကြီးလူရွှန်း၊ ရုရှားတွင် -ဂေါ်ကီ၊ မြန်မာတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒုတိယကမ္ဘာစစ်အပြီးတွင် အာရှမှ ကိုလိုနီများ နောက်ဆုတ်သွားကြရသည်။တရုတ်တွင်-ဂျပန်၊ မြန်မာတွင်-အင်္ဂလိပ်၊ ကမ္ဘောဒီးယား- ပြင်သစ်၊ မကာအို-ပေါ်တူဂီ စသည် ---၊ ကိုလိုနီသခင်များ ဆုတ်ခွာသွားသောအခါ ယခင်သွေးခွဲမှုများကြောင့် လက်ဝဲလက်ယာများ တိုက်ပွဲအဖြစ် ပေါ်ပေါက်လာတော့သည်။လက်ဝဲက ပြည်သူလူထုကို ကိုယ်စားပြုကာ လူတန်းစားတိုက်ပွဲကို ဆင်နွှဲရတော့သည်။လူထုအတွက် ငြိမ်းချမ်းရေးအတွက် တောင်းရ တိုက်ရတော့သည်။
 
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနေရာတွင် ဆရာ တာရာက ငြိမ်းချမ်းရေးအတွေးအခေါ်ကို ငြိမ်းချမ်းရေးမီးရှူးတိုင်ကို ဆက်လက်သယ်ဆောင်သူ ဖြစ်လာသည်။
 
၁၉၄၂-၄၅ တွင် ဒေါက်တာဗမော် ဦးဆောင်သော မြန်မာနိုင်ငံအုပ်ချုပ်ရေးစီမံအဖွဲ့က ဆရာဒဂုန်တာရာကို မြင်းခြံမြို့ပိုင်ရာထူး ပေးသည်။မြန်မာ့တပ်မတော် ဆက်ဆံရေးဌာနကြီး၏ ညွှန်ကြားရေးမှူးရာထူး ပေးသည်။ဗိုလ်ချုပ်အောင်ဆန်းကပင် စစ်ရုံးမှာ ရာထူးပေးသည်။ရာထူးနေရာများ မယူလို၍ ငြင်းပယ်ခဲ့သည်ချည်းဖြစ်ပါသည်။
 
ဆရာနတ်နွယ်သည်လည်း လူငယ်ပညာတတ်တစ်ယောက်ဖြစ်သည်။အသက်အရွယ်ချင်း ၁၄ နှစ်ခန့် ကွာခြားသည့်တိုင် စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်လိုပုံကဖြင့် တူညီကြသည်။အဆုံးအားဖြင့် ထမင်းငတ်ခါမှ ငတ်စေ တော့ စာရေးဆရာမှလွဲ၍ ဘာမှမဖြစ်ချင်သူများဖြစ်ကြပါသည်။စာရေးဆရာမှ ဖြစ်ချင်လျှင်တော့ ဤမျှတော့ သတ္တိရှိထားမှသာဖြစ်ပါလိမ့်မည်။
 
ကျနော်သည် စာရေးဆရာကြီးများကို ကြည်ညိုစိတ် မြတ်နိုးစိတ်ဖြင့် စေ့ငုလေ့လာရင်း ဘယ်ဆရာ ရာပြည့်၊ ဘယ်သူ ဆယ်ပြည့် စသဖြင့်တွက်ဆနေမိသည်။အတတ်နိုင်ဆုံးအားဖြင့် နှစ် ၂၀ ပြည့်၊ နှစ် ၅၀ ပြည့် မဟုတ်သော်မှ နှစ် ၁၀၀ ပြည့်ကိုတော့ ကျင်းပစေချင်မိပါသည်။
 
မော်ပီဆရာသိမ်း (၁၈၆၂)
သခင်ကိုယ်တော်မှိုင်း (၁၈၇၆)
ရွှေဥဒေါင်း (၁၈၈၉)
ညိုမြ၊ သိန်းဖေမြင့် (၁၉၁၄)
လူထုဒေါ်အမာ (၁၉၁၅)
ဂျာနယ်ကျော်မမလေး (၁၉၁၇)
ဒဂုန်တာရာ၊ သော်တာဆွေ၊ ထင်လင်း (၁၉၁၉)
ဗန်းမော်တင်အောင် (၁၉၂၀)
ဗဂျီအောင်စိုး (၁၉၂၄)
နတ်နွယ် (၁၉၃၃) (နှစ်-၉၀ ပြည့်)
ဝင်းဦး (၁၉၃၅)  (၂၀၂၅ တွင် ၉၀-ပြည့်မည်)
……………………………………………….
 
လွမ်းတတ်လျှင် လွမ်းစရာဖြစ်လေမည်။
 
လင်းထင်