【 ဆောင်းပါး 】 ဆေးလိပ်သမား တောသားပေမဲ့ စနစ်နဲ့

【 ဆောင်းပါး 】 ဆေးလိပ်သမား တောသားပေမဲ့ စနစ်နဲ့

ဆေးလိပ်ဆိုတာ ကျနော် ၆ လသားအရွယ်ကတည်းက ရှူရှိုက်ခဲ့ရတဲ့ အရာမို့ တော်တော်ငယ်ငယ်ကတည်းက ယဉ်ပါးခဲ့တဲ့ အရာပါပဲ။

ကျနော့် အဖေနဲ့ အမေက ဆေးလိပ်မသောက်ပေမဲ့ အဘွားက ဆေးလိပ်သောက်သူ။ကျနော် ၆ လသားအရွယ်မှာ အလုပ်မအားတဲ့ မိဘအခြေစိုက်ရာ ရန်ကုန်ကနေ အဘိုး၊ အဘွားရှိရာ ကျေးလက်ဆီ ရွှေ့ပြောင်းနေထိုင်ရတာမို့ အဘွားရဲ့ မေတ္တာဓာတ်နဲ့အတူ အဘွားရဲ့ ဆေးလိပ်ငွေ့ကိုလည်း ကောင်းကောင်းရှူရှိုက်ခဲ့ရသူ။ဒါတောင် အဘွားက သူ့မြေး ဆေးလိပ်ငွေ့မခံရလေအောင် အတတ်နိုင်ဆုံး ကလေးနားမှာ ဆေးလိပ်မသောက်။ဒါပေမဲ့ ဆေးလိပ်ငွေ့က အိမ်ထဲမှာ လွင့်နေတာမို့ နည်းနည်းတော့ဖြင့် ရှူရှိုက်မိ။

အဘွားရဲ့ အစ်မကလည်း ဆေးလိပ်သမား။သူတို့ညီအစ်မ ၂ ယောက်စလုံးက အပျိုဖော်ဝင်စအရွယ်ကတည်းက ဆေးလိပ်သောက်လာခဲ့တာ မဆုံးပါးခင် ၃ နှစ်လောက်အထိ။ဆိုတော့ အသက် ၁၃ နှစ်လောက်ကနေ အသက် ၈၀ လောက်အထိ ဆေးလိပ်သောက်ကြတဲ့ သဘော။

ကျနော်တို့ တောမှာက အမျိုးသမီးတွေ ဆေးလိပ်သောက်တာက သိပ်ထူးဆန်းတာလည်းမဟုတ်။ ၁၉၇၀၊ ၁၉၈၀ ဒီဘက်လောက်ရောက်မှသာ ကျေးလက်နေ အမျိုးသမီးတွေ ဆေးလိပ်သောက်တာ တော်တော်ကျဆင်းသွားတဲ့ပုံ။အဘွားတို့ခေတ် လွတ်လပ်ရေးမရခင် ရှေးသရောအခါက အမျိုးသမီးတွေလည်း ဆေးလိပ်သောက်ကြတာချည်း။

ကျနော့်အဘွားတို့က တစ်သက်တာ ဆေးလိပ်သောက်ခဲ့တာ ကွယ်လွန်တော့ အဆုတ်ကင်ဆာတွေ ဘာတွေ မဖြစ်။ကျနော်တို့ဆွေမျိုးထဲက ဆေးလိပ်သမား အဘိုးတွေ၊ အဘွားတွေ၊ ကြီးတော်တွေ…လည်း အသက်တစ်ခုရလို့ သေသာသွားကြတာ ဆေးလိပ်ကြောင့် ရောဂါတစ်ခုခုဖြစ်ပြီး သေတယ်လို့ မကြားမိ။သူတို့အဆုတ်တွေပဲ ခုခံအားသိပ်ကောင်းနေလို့ပဲလား။ကျနော်တို့ တောမှာသောက်တဲ့ ဆေးလိပ်တွေကပဲ ကျန်းမာရေးထိခိုက်နိုင်စွမ်း လျော့ပါးခြင်းကြောင့်ပဲလား။သူတို့ ဆေးလိပ်သောက်ပေမဲ့ အရမ်းကြီးမသောက်ကြလို့ပဲလား။အဆုတ်ကင်ဆာဖြစ်လို့ဖြစ်မှန်း မသိဘဲ ကွယ်လွန်သွားကြတာလား၊ အဖြေရှာရခက်လှ။

တစ်ခေါက်၊ ကျနော် ရွာကိုပြန်ရောက်ခိုက် ရာသက်ပန် ဆေးလိပ်ဆန့်ကျင်ရေးဝါဒီ ကျနော့်ဘကြီးနဲ့ အဲဒီအကြောင်း ဆွေးနွေးကြည့်တော့ ဘကြီးလည်း တော်တော်ခေါင်းစားသွားတယ်။

“ဟုတ်တော့ ဟုတ်တယ်။ဘကြီးတို့ အမျိုးထဲ ယောကျာ်းရော မိန်းမရော ဆေးလိပ်သောက်တဲ့သူ ပေါသလောက် အဆုတ်ထိပြီးသေတဲ့သူမရှိတာ အမှန်ပဲ”

“အဆုတ်ကင်ဆာဖြစ်တာ မသိကြတာလား”

“မသိတာမျိုးတော့ မရှိဘူး။ဘကြီးတို့ တောမှာလည်း ခေတ်ပညာမတတ်ကြပေမဲ့ သူ့အတွေ့အကြုံနဲ့သူ ရှိပြီးသားပဲ။တစ်ခုခုဖြစ်လို့ ဆေးရုံမတက်ကြတာတောင် တိုင်းရင်းဆေးဆရာတွေနဲ့ ကုကြတယ်။တိုင်းရင်းဆေးဆရာတွေက ဆရာဝန်တွေလောက် မစွမ်းတောင် ဘာရောဂါဖြစ်နေတယ်ဆိုတာမျိုး အဖြေထုတ်နိုင်ကြတယ်” လို့ ဘကြီးက ဆိုတယ်။

ဆိုတော့ အဆုတ်ကင်ဆာတွေ ဘာတွေဖြစ်တာ မသိဘဲ သေသွားတာမျိုးတော့ မဖြစ်နိုင်။ဒါဆို ဆေးလိပ်ကို နင်လားငါလား မသောက်ကြလို့များလား။

ကျနော်တို့ တောသားတွေက ကိုယ်ကာယအခြေပြုအလုပ် လုပ်သူများသလို အလုပ် လုပ်ရချိန်လည်း ကြာတတ်တာကြောင့် ဆေးလိပ်ကို အမြဲသောက်နေဖို့ရာ မဖြစ်နိုင်။ဆေးလိပ်တစ်ဖက် အလုပ်တစ်ဖက်နဲ့ဆို ဘယ်လိုမှ အလုပ်မတွင်တာကြောင့် များသောအားဖြင့် အလုပ် လုပ်ရင်း ဆေးလိပ်သောက်နေသူကို တွေ့ရခဲလှ။အလုပ်ကနေ ခဏနားတဲ့အချိန်ကျမှသာ ဆေးလိပ်သောက်လေ့ရှိကြောင်း တောသား ဘကြီးက တွေးတွေးဆဆ ဆိုတယ်။

“အဲဒါတော့ အမှန်ပဲ ငါ့တူကြီးရေ။လက်သမားလုပ်ရင်း ပန်းရံလုပ်နေရင်း ဆေးလိပ်သောက်နေတာမျိုး တွေ့ရခဲတယ်။အိမ်ခေါင်မိုး မိုးနေတုန်း၊ ကောက်စိုက် စပါးရိတ်လုပ်နေရင်းနဲ့ ဆေးလိပ်သောက်နေဖို့ ဘယ်လိုမှ အဆင်မပြေတော့ မသောက်ကြဘူး” တဲ့။

ကျနော့်မျက်လုံးထဲမှာလည်း ကျနော်တို့ တောသားတွေ အလုပ် လုပ်ရင်း ဆေးလိပ်သောက်နေတာမျိုး ပေါ်မလာ။အလုပ် လုပ်ရင်းနဲ့ ကွမ်းဝါးနေသူတွေကိုသာ တွေ့ရှိခဲ့ဖူး။ကျနော်တို့ရဲ့ လူကြီးသူမတွေကလည်း အလုပ်လေး လုပ်လိုက်၊ဆေးလိပ်လေးပြေးဖွာလိုက်ဆိုတာမျိုးကို မကြိုက်။လက်ကြောမတင်းတဲ့ကောင်၊ဆေးလိပ်ကို ဘိန်းစွဲသလို စွဲနေတဲ့ကောင်လို့ ခပ်ပြတ်ပြတ် ကောက်ချက်ချလေ့ရှိ။ ဆေးလိပ်သောက်တယ်ဆိုတာ ဇိမ်ခံခြင်းတစ်မျိုးဖြစ်ပြီး ဇိမ်ခံဖို့ဆိုတာ အချိန်တစ်ခုပေးနိုင်ဖို့လိုတာကြောင့် ဝမ်းရေးအတွက် အချိန်ပေးရတဲ့ တောသားများစွာအတွက် သိပ်မဟန်။

“ဘကြီးတို့ တောမှာက ဆေးလိပ် လက်ကြားထဲက မချတဲ့ကောင်တွေက အလုပ်မရှိတဲ့ ၁၀၉/၁၁၀ ကောင်တွေပဲရှိတာ။အရွယ်ရောက်လာရင် ကျောင်းမတက်တော့တဲ့ကောင် သူဌေးသားလည်းလုပ်၊ ဆင်းရဲသားလည်း အလုပ် လုပ်ပဲ။ကျောင်းလည်းမတက်၊ အလုပ်လည်း မလုပ်ရင် အဲကောင်ကို ဘယ်သူမှ လူရာမသွင်းတော့ဘူး” တဲ့။

ကျနော့်အဘွားဆိုရင်လည်း ပြည့်ပြည့်စုံစုံနဲ့ သက်သောင့်သက်သာ နေနိုင်ပေမဲ့ ဆေးလိပ် လက်ကြားကမချတာမျိုး မရှိ။သူ့အိမ်မှုကိစ္စနဲ့သူ လုံးချာလည်။အေးအေးဆေးဆေး နားချိန်ကျမှ ဆေးလိပ်ကောက်ဖွာတာမျိုး။တစ်ရေးနိုး အပေါ့အပါးထသွားချိန် ဆေးလိပ်ကောက်ဖွာလိုက်တာမျိုး မရှိ။မနက်အိပ်ရာထတာနဲ့ ဆေးလိပ်ကောက်ကိုင်လိုက်တာမျိုး မရှိ။အိမ်သာထဲ ဆေးလိပ်လေးဖွာနေတာမျိုး လုံးဝမရှိ။ဧည့်သည်တွေရှေ့ ဆေးလိပ်သောက်တာမျိုး မရှိ။ဆေးလိပ်ကို ကြိုက်လို့ သောက်နေပေမဲ့ မိန်းမတစ်ယောက် ဆေးလိပ်ကို လူရှေ့သူရှေ့ မသောက်သင့်ဘူးလို့ ခံယူထားတဲ့ပုံ။

ကျနော် လူပျိုဖြစ်ပြီးနောက် ဆေးလိပ်သောက်ခဲ့တဲ့အချိန်က နေ့နေ့ညည ဆေးလိပ်သောက်နေတာကို ရာသက်ပန် ဆေးလိပ်သမား အဘွားက မကြိုက်။

“ဆေးလိပ်ကို အဲဒီလောက် မသောက်ရ မနေနိုင်ပုံစံမျိုး မသောက်ရဘူး” လို့ အဘွားက ဆိုခဲ့။အဘွားက ဆေးလိပ်ကို စနစ်တစ်ခုပုံစံမျိုး အကန့်အသတ်နဲ့သာ သောက်စေချင်ပုံ။ဆေးလိပ်ကြောင့် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်တာမျိုး မဖြစ်စေချင်။

ဘာပဲဖြစ်ဖြစ် ကျနော်တို့ တောသားတွေက ဘဝပေး ဝမ်းရေးအခြေအနေအရ ဆေးလိပ်သောက်ပေမဲ့ နင်လားငါလား မသောက်တာက သေချာတယ်။အဲဒီလို မသောက်လို့ပဲ ရောဂါမရတာများလား၊ တိကျသေချာတဲ့ သုတေသနရလဒ်မရှိပေမဲ့ ကျနော်ကတော့ အဲဒီလိုထင်မိတယ်။

ဆေးလိပ်ဆိုတာ မသောက်ရင် အကောင်းဆုံး။အကြောင်းကြောင်းကြောင့် ဆေးလိပ်သမားဖြစ်နေရင်တောင် အကန့်အသတ်နဲ့သာသောက်တာ အကောင်းဆုံး။

ငြိမ်းဆက်