【 ဆောင်းပါး 】 တစ်ခါက အညာ….ဆောင်း

【 ဆောင်းပါး 】 တစ်ခါက အညာ….ဆောင်း

ယခုအချိန်ဆို အညာဒေသမှာ အရိုးကွဲလောက်အောင် အေးနေပြီ ထင်သည်။
 
ရန်ကုန်မှာတောင် ဒီရက်ပိုင်း ညနေဆို ရေချိုးဖို့ ဝန်လေးနေရသည်။ညလယ်ဆို အချမ်းက စိမ့်တက်လာသည်။ညဘက် အိပ်မရသဖြင့် ထထိုင် ရသည့်အဖြစ်သို့ မရောက်သေးသော်လည်း စောင်ကို အကြားအလပ်မရှိအောင် ခြုံကာ နွေးနွေးထွေးထွေးနေရသည်။ဒီလိုနေရသည့်အခါ ရန်ကုန်လမ်းများမှာ အိပ်ရသည့် အခြေအနေမဲ့တွေ၊ နေစရာမရှိသဖြင့် မှတ်တိုင်ဘူတာ စသဖြင့် ညဘက် နေရာလွတ်မှာ အိပ်ရသူတို့ ဘယ်လိုများအိပ်ကြပါလိမ့်ဟု တွေးမိသည်။ဒီအတွေးက မိုးတွင်းကာလမှာလည်း မိုးကြီးရေလျှံသည့်အခါလည်း တွေးမိသည်။ယခုတော့ အအေးဒဏ်ကို အမိုးအကာမရှိသည့် သူတို့တွေ ဘယ်လိုများကျော်ဖြတ်ကြမလဲ၊ ညယံကို အအေးဒဏ်ကြောင့် သူတို့ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ တွေးရင်း အိပ်မပျော်မိသည်။
 
အအေးဓာတ်က နေ့လယ်ဘက် နေ့မွန်းတည့်သည့်တိုင် မပြယ်။ဒီလိုအအေးမျိုး ရန်ကုန်မှာ ရခဲသည်။မှတ်မိသလောက်ဆို လွန်ခဲ့သော လေးငါးနှစ်က တစ်ခါ ဒီလိုမျိုးအေးဖူးသည်။ရှေ့တုန်းကတော့ ၁၉၈၉ ခုနှစ်လောက်တုန်းက တစ်ပတ် ဆယ်ရက် နေမပွင့်သည်အထိ အေးဖူးသည်။ဒီတုန်းက ဖြစ်ကြတာ နာဖျားခြင်းသာ။ယခုက ကိုဗစ်ကပ်ဘေးက လွတ်စ နှစ်တွေ ဖြစ်သဖြင့် အေးလာသည်နှင့်အတူ နှာခေါင်းစည်းတွေ ပြန်တွေ့လာရသလို ဆေးခန်းများတွင် လူစည်လာသည်။
 
လွန်ခဲ့သော ၁၉၉၆ ကာလတုန်းက အထက်အညာဘက်သို့ အသိတစ်ယောက်၏ အလုပ်ကိစ္စဖြင့် ပါသွားတုန်းက ဒီလိုမျိုးထက် ပိုအေးသော အအေးဒဏ်ကို ခံစားရဖူးသည်။အညာကို ရန်ကုန်ကနေ မန္တလေးကို ရထားဖြင့် သွားရသည်။ယခုလို အိတ်စပတ်စ်တွေဆိုတာ စကာစရှိသေးသဖြင့် မစီးနိုင်။စျေးချိုသည့် အမြန်ရထားဖြင့် လိုက်ရသည်။မန္တလေးရောက်တော့ စစ်ကိုင်းဘက်ကူး။စစ်ကိုင်းဟိုဘက်က ရွှေဘိုနှင့် ဝက်လက်ကြားက ရွာမကျ မြို့မကျ ရွာသို့။စစ်ကျန် ချက်ပလက်ကားကိုပြင်ကာ စျေးကြိုပို့လုပ်ကာ မြို့တက်သည့် ကားဖြင့် ထိုရွာသို့ လိုက်ရသည်။အဲဒီမှာ ရန်ကုန်သားနှင့် အညာဆောင်း ပက်ပင်းတိုးလေသည်။
 
အညာဆောင်းဆိုသည်မှာ ရန်ကုန်လို အအေးမျိုးမဟုတ်။အေးတာက အတော်ကိုအေးသည်။မနက်ဘက်ဆို အိမ်တိုင်းနီးပါး မီးဖိုကိုယ်စီနဲ့ မီးလှုံတတ်ကြသည်။မီးဖိုဘေးတွင် ထန်းမြစ်ဖုတ်နှင့် ကောက်ညှင်းပေါင်းပေါင်းကာ အိမ်တိုင်းနီးပါး မနက်အစောကြီးစာဖြစ်သည်။လက်ထဲ ကောက်ညှင်း လက်တစ်ဆုပ်ကြီးကြီးဆုပ်ကာ ပုဆိုးခြုံရင်း လယ်ထဲဆင်းကြသည့် အမျိုးသားတွေကို မနက်မှာမြင်ရမှာဖြစ်သလို ပဲဆွတ် နှမ်းဆွတ်ဖို့ ဖျင်စောင်တွေပတ်ကာ လှည်းတွေပေါ်မှာ ကုပ်ကုပ်လေးပါသွားသည့် အမျိုးသမီးတွေကိုလည်း တွေရမည်ဖြစ်သည်။လှည်းမောင်းတဲ့သူတွေမှာ ဖျင်စောင်ဖြစ်ဖြစ်၊ ဘာဘူစောင်ဖြစ်ဖြစ် ခြုံလျက် ကြမ်းပတ်ကာ ခေါင်းမှာ သဘက်ပေါင်းပြီး နှင်းတောထဲတိုးကာ မောင်းဝင် ပျောက်သွားသည်ကလည်း အညာဒေသ၏ ဆောင်းရာသီမြင်ကွင်းတစ်ခုဖြစ်သည်။ဒါတွေက မြင်ရချိန်မှာ ရန်ကုန်သား ကျနော့်အတွက် အဆန်း။နောက်မပြန်မခြင်း ဒီလိုတွေ့လာရတော့ သိပ်မထူးသလို။သို့သော် သူတို့အတွက်ကတော့ မနက်ပိုင်း ဒီလိုမှ စောစောမထွက်လျှင် ယာထဲ အချိန်မီရောက်ဖို့က မလွယ်။အလုပ်တွင်ဖို့က မလွယ်။
 
အညာမှာ မိုးရာသီဆို ရေသိပ်မရသဖြင့် ဆည်ရေသွင်းကာ လယ်တွေစိုက်ကြသည်။ယခုလို ဆောင်းအကုန် နွေအကူးဆို ပဲခင်း၊ နှမ်းခင်း၊ နေကြာခင်း၊ ကြက်သွန်ခင်းတွေ ဖြစ်ကုန်ပြီ။ကျနော်တို့ရောက်သွားသည့်အချိန်က ဆောင်းကုန်တော့မည့်အချိန် ရောက်သွားသဖြင့် အညာဒေသ၏ ဆောင်းရာသီကို ပီပီပြင်ပြင် ခံရသလို ယာနားချိန် လယ်နားချိန် အလှူအတန်းများနှင့် အညာဓလေ့စရိုက်နှင့် ရာသီစာကို ကြုံခဲ့ဆုံခဲ့ စားခဲ့ရသည်။
 
ရွာမှာ ညဘက်ဆို ပျော်စရာ သိပ်မရှိ။ဗီဒီယိုရုံတောင် မြို့ဘက်မှာသာရှိသည်။ဒီတော့ ညဘက်ဆို ရွာထဲက လူကြီးသူမ ဆွေမျိုးများထဲက အကြီးအမှူးရှိရာ အိမ်တွင် သစ်တုံးကြီးတစ်တုံးကို မီးရှို့ကာ ဘေးမှာ ဝိုင်းဖွဲ့ပြီး ယာအလုပ်ကို ညဘက်ဆက်လုပ်ကြသည်။ယာအလုပ်ဆိုသည်မှာ တခြားမဟုတ်။နေကြာပွင့်ကိုခေါက်ကာ အစေ့ခြွေသူက သူခေါက်၊ ပဲစေ့ထွင်သူထွင်ဖြင့် မိန်းမပျိုများ လူပျိုများဖြင့် စည်ကားလေ့ရှိသည်။ညဘက် ရွာလယ်လမ်း မှောင်ထဲကနေ တစ်အိမ်ကနေ တစ်အိမ်ဆီ အသံပေးရင်း ကူးလူးကြတာတွေက ကျနော်တို့လို မြို့သားတွေအ တွက် စိတ်ဝင်စားစရာ။တစ်နေ့လုံး ယာထဲ အခင်းထဲမှာ နေရသည်ဆိုတော့ ညရောက်မှ ကာလသားအလုပ်တွေ လုပ်ကြဟန် တူသည်။ဆောင်းအအေးဒဏ်ကို ရေနွေးကြမ်းနှင့် ထန်းမြစ်ဖုတ်လေး နိုင်နိုင်ဖုတ်ကာ ဆီနှင့်တို့ပြီး ဝိုင်းဖွဲ့စားသောက်ကြ၊ အစေ့ရင့်သည့် ပဲစင်းငုံသီးအစိမ်းတောင့်တွေကိုခူးပြီး ညမှာ မီးလှုံရင်း ပြုတ်စားကြ၊ စကားပြောကြနှင့် သည်အညာစောင်းညတွေက ယခုထိမမေ့နိုင်စရာ။
 
မီးစွဲနေသည့် သစ်ဆုံဘေးမှာ ဝိုင်းဖွဲ့ကာ အလုပ် လုပ်ရင်း လူကြီးသူမတွေက စကားပြောကြတာကို လူပျို အပျိုပေါက်တွေက နားထောင်ကြ၊ ကလေးငယ်တွေက မီးဖိုဘေးကွေးကာ အိပ်ကြဖြင့် မီးဖိုဘေးက စကားဝိုင်းမှာ ညအတော်နက်သည်အထိ စည်ကားလေ့ရှိသည်။
 
ကျနော်တို့ အဲဒီရွာသို့ရောက်သည်က ဇန်နဝါရီအကုန် ဖေဖော်ဝါရီလဆန်း။တစ်
ပတ်ကျော်ကျော်နေခဲ့သည်ဖြစ်တော့ ရွာမကျ မြို့မကျ ဒီရွာမှာ အတော်နှံ့ခဲ့သည်။လမ်းတွေဖောက် ဆည်တွေဆောက်ကြသည့် အချိန်ကာလ ဆိုတော့ ရွာထဲ ဆိုင်ကယ်တစ်စီးစ နှစ်စီးစ တွေ့ရသည်။ဂွမ်ဒေါင်းတွေလည်း မြို့လမ်းပေါ်မှာ မြင်လာရသည်။အများစုကတော့ တစ်ရွာနှင့် တစ်ရွာ လှည်းလမ်းမှာ လှည်းဖြင့်သာ ခရီးသွားနေကြတုန်း။အရပ်ထဲ တရုတ်စက်ဘီးတွေ၊ ပန်းကမ္ဘာစက်ဘီးတွေ ရန်ကုန်မှာ ပလူပျံနေချိန်တွင် ဒီအရပ်မှာ မောင်ဗမာစက်ဘီးကို တာလမ်းမမှာ ခန့်ခန့်ထည်ထည် တွေ့နေရတုန်း။
 
ကားလမ်းမကနေ ဖဲ့ဆင်းလာပြီး အထဲတော်တော်ဝင်ရသည့် ရှေးမြန်မာဓလေ့ မပျောက်သေးသော အရပ်ဖြစ်သည်။ဒီတော့ ဆောင်းတွင်းမှာ အအေးဒဏ်ကို ရန်ကုန်မှာလို ဆွယ်တာတွေ၊ အနွေးထည်တွေ ဝတ်လို့မရ။နေ့ဆိုပူပြီး ညဆို အအေးပြင်းသည့် အညာဆောင်းကို ယာထွက်၊ ဒေသထွက် ဖျင်ထမ်းကြမ်းတွေ ပင်နီတွေနှင့် ခုခံကြသည်။ညဆို အညာစောင် စောင်ကြမ်းများဖြင့် ဆောင်းတွင်း အအေးဒဏ်ကို မမှုသလို ဖြတ်သန်းကြသည်။ကျနော်က ဒီထက်အေးလာရင်ရောဆိုသည့်အခါ ရွာသားတစ်ဦးက မအိပ်ဘဲ ထထိုင်ရတာပေါ့ဟု ဖြေသဖြင့် ကျနော့်မှာ မရယ်နိုင်။တကယ်လည်း ညဘက် အအေးဒဏ် မခံနိုင်သည့်အခါ အိပ်ယာထဲကထပြီး မီးလှုံရသည်။အအေးဒဏ်မှာ ညဘက်ရောက်လာလေ ပို့စိမ့်တက်လာလေလေဖြစ်ရာ မီးဖိုဘေးထိုင်ကာ ရေနွေးအခါးရည်တစ်ခွက်နှင့် ငါးခြောက်ဖုတ်လေးတစ်ဖက် ဝမ်းထဲမျောချ ဝင်သွားမှ အတော်အတန် နေသာထိုင်သာရှိလေသည်။
 
အအေးဓာတ်ဖြင့် ချမ်းအေးသည့် အညာဒေသ၏ မနက်သည်  မနက်ဘက် နေပွင့်သည်နှင့် မြင်မြင်သမျှ ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမြူတို့ဖြင့် ဝေနေတတ်သည်။ကလော၊ တောင်ကြီးတို့လိုမဟုတ်ဘဲ နေရောင်ခြည်က နှင်းမြူထုကို ဖောက်ကာကျလာပုံက လူကိုယ်တိုင် သဘာ၀ပန်းချီကားတစ်ချပ်ထဲ ရောက်သွားသလို။အဲဒီလိုအချိန် မနက်စောစော ရွာအထွက် တာဘောင်လမ်းမှာလျှောက်ရင်း နေပူဆာလှုံရသည့် အရသာက တကယ်မမေ့စရာ။နေရောင်နွေးနွေးဖြင့် တမာ၊ ထနောင်း၊ ကုက္ကို စသည့် အပင်တွေကို ဖြတ်ပြီး တိုက်ခတ်လာသည့် မြောက်ပြန်လေအေးအေးမှာ မြင်သမျှ စိတ်ကူးယဉ်စရာ။
 
ခပ်လှမ်းလှမ်းက ယာသမားတွေကတော့ ယာထဲ တူးကြ၊ ဆွကြဖြင့် ချွေးတလုံးလုံး။အေးလို့ အေးမှန်း ချမ်းလို့ ချမ်းနေမှန်းတောင် သတိထားမိပုံမရ။
 
ယခုတော့ အညာဒေသသည် ကစင့်ကလျား။ပြင်းထန်သော အအေးဒဏ်ကို သူတို့ ဘယ်လိုခုံခံနေရသလဲဆိုတာ ဒီလိုအေးသည့် ညတွေမှာ ကျနော်တွေးမိကာ စိတ်ပူနေမိသည်။
 
တစ်ခါ တစ်ခါ မီးခိုးပြာငွေ့များဖြင့် လူခြေတိတ်နေသည့် အညာမြင်ကွင်းများကို တွေ့ရသည့်အခါ တစ်ခါက ကြုံခဲ့ရဖူးသည့် အညာဆောင်းနှင့် ညများကို ပြန်သတိရမိပြီး သက်ပြင်းချမိလေသည်။
 
ဖြိုးဝေလှ
Photo Credit - Facebook