【 ဆောင်းပါး 】 တရုတ်နိုင်ငံ၏ ရွှေရောင်သီတင်းပတ် ခရီးသွားလာခြင်း

【 ဆောင်းပါး 】 တရုတ်နိုင်ငံ၏ ရွှေရောင်သီတင်းပတ် ခရီးသွားလာခြင်း

ရွှေရောင်သီတင်းပတ်ဟု တင်စားခေါ်ဝေါ်သော တရုတ်နိုင်ငံ၏ အမျိုးသားနေ့ အားလပ်ရက်ကာလများသည် တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုများကို အတိုးချအပန်းဖြေသော သီတင်းပတ်ဖြစ်သည်။

ယင်းနေ့ရက်ကာလများတွင် ပျော်ပွဲရွှင်ပွဲများ၊ ခရီးသွားလာခြင်းများနှင့် တရုတ်ပြည်သူများ၏ ပြုံးပျော်ရွှင်နေသော မျက်နှာများကို မြင်တွေ့ရသည်။  

တရုတ်နိုင်ငံတစ်ဝန်း အမျိုးသားနေ့ အားလပ်ရက်များကို ပြည်သူများက နည်းလမ်းအသွယ်သွယ်ဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းကြသည်။ထိုကဲ့သို့ ပျော်ရွှင်စရာ နေ့ရက်များသည် ၁၉၄၉ ခုနှစ်က အစပြုခဲ့ခြင်းဖြစ်သည်။ ၁၉၄၉ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်လည်နေ့အဖြစ် အောက်တိုဘာ ၁ ရက် မှ ၇ ရက်အထိ ရွှေရောင်သီတင်းပတ် အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။

ရွှေရောင်သီတင်းပတ် မတိုင်မီ တရုတ်နိုင်ငံမှ ခရီးသွားအေဂျင်စီများ၏ ဒေသတွင်း စိတ်ဝင်စားဖွယ် ခရီးစဉ်များကို မိတ်ဆက်ကြသည်။အလွန်ကျယ်ဝန်းသော တရုတ်ပြည်တွင် သွားလာလည်ပတ်စရာများ မကုန်နိုင်အောင်လည်း များပြားလှသည်။ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တို့ စိတ်ဝင်စားစရာ နေရာများစွာဖြင့် ကမ္ဘာကျော်သည့် ခရီးစဉ်ဒေသများစွာရှိသည်။

ရွှေရောင်သီတင်းပတ် အားလပ်ရက်ခရီးရှည်တွင် တရုတ်ပြည်သူအချို့မှာ မိမိတို့နေရပ်ဒေသသို့ပြန်ကြပြီး အနားယူကြသလို အချို့မှာ အပန်းဖြေခရီးထွက်ကြသည်။ခရီးမထွက်သူတို့က မြို့တွင်းမှာပင် ဟောပြောပွဲများ၊ ပြဇာတ်များနှင့် ဆပ်ကပ်ရှိုးများ ကြည့်ရှုအပန်းဖြေသည်။မြို့တော် ပေကျင်းတွင် ရုပ်ရှင်ရုံ ၁၅၀ နည်းပါးရှိပြီး ယင်းကာလအတွင်း ဖျော်ဖြေပွဲများ ၈၀၀ ကျော်မျှရှိသည်။

အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၈ ရက်နေ့အထိ ကျင်းပသည့် အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ပုံမှန်အားဖြင့် နှစ်စဉ်ခရီးသွားလာမှုများ အလွန်များပြားခဲ့ပြီး ကိုဗစ်-၁၉ ကာလတွင်သာ ခရီးသွားလာမှုများ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ကိုဗစ်ကာလ ကန့်သတ်မှုများကို ပယ်ဖျက်လိုက်ပြီးနောက် ရွှေရောင်အားလပ်ရက် သီတင်းပတ်ကာလတွင် တရုတ်ပြည်သူ သန်းပေါင်းများစွာ နိုင်ငံအနှံ့အပြားသို့ လည်ပတ်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် အားလပ်ရက်တွင် မီးရထားဖြင့် ခရီးသွားကြသူ အလွန်များခဲ့သည်။စက်တင်ဘာလ ၂၉ ရက် တစ်ရက်တည်း၌ပင် တရုတ်နိုင်ငံတစ်ဝှမ်း၌ ရထားဖြင့် ပို့ဆောင်ပေးသည့် ခရီးသည်အရေအတွက် ၂၀ ဒသမ ၀၉၈ သန်းရှိခဲ့သဖြင့် တစ်ရက်တာ ခရီးသည်ပို့ဆောင်မှုအရေအတွက် စံချိန်ကို ချိုးနိုင်ခဲ့ကာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် သန်း ၂၀ ကျော်လွန်ခဲ့ကြောင်း သိရသည်။  

၂၀၂၃ ခုနှစ်၏ ဆောင်းဦးလယ် လမုန့်ပွဲတော်နှင့် အမျိုးသားနေ့ အားလပ်ရက်သည် ရှေ့ဆင့်နောက်ဆင့်ဖြင့် ရက်ဆက်ဖြစ်သွားပြီး တရုတ်ပြည်သူများ ၈ ရက်ကာလကြာအောင် အားလပ်ရက်ရှည်ကို ရရှိခဲ့ကြသည်။တရုတ်နိုင်ငံ၏ ဆောင်ဦးလယ် လမုန့်ပွဲတော်နှင့် အမျိုးသားနေ့ အားလပ်ရက်နှင့်အတူ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲကြောင့်လည်း ပျော်ပွဲရွှင်ပွဲများဖြင့် စံချိန်တင် သွားလာလည်ပတ်ကြသော နှစ်တစ်နှစ်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အမျိုးသားနေ့ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွား ၈၂၆ သန်းအထိရှိခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ တရုတ်ယွမ် ၇၅၃ ဒသမ ၄၃ ဘီလီယံ ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။၎င်းပမာဏသည် ကိုဗစ်မတိုင်မီ ၂၀၁၉ ခုနှစ် ကာလကထက် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။အားလပ်ရပ်ကာလအတွင်း ပြည်တွင်းခရီးသွားလည်ပတ်ရုံသာမက ပြည်ပနိုင်ငံများအထိ လည်ပတ်ကြသည်။ ပြည်တွင်းထိပ်တန်းခရီးစဉ်များမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ချန်တူး၊ ကွမ်းကျိုး၊ ချုံချင့်၊ ဟန်ကျိုး၊ နန်ကျင်း၊ ရှီးအန်း၊ ဝူဟန့်နှင့် စန်းကျန့် ခရီးစဉ်တို့ဖြစ်ပြီး ပြည်ပထိပ်တန်းခရီးစဉ်များတွင် တရုတ်ခရီးသွားများကို ဗီဇာအခမဲ့ပေးထားသည့်  ထိုင်းနိုင်ငံနှင့် ယူအေအီးနိုင်ငံက ဒူဘိုင်းမြို့တို့အပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊  အင်ဒိုနီရှားနှင့် အီဂျစ်နိုင်ငံများသို့ သွားရောက်လည်ပတ်မှုများသည်။

တရုတ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်လည်း ပွဲတော်များနှင့် ခရီးသွားရာသီကာလ ပျော်ပွဲရွှင်ပွဲ များစွာရှိပါသည်။မြန်မာ့ရာသီဥတုတွင် အောက်တိုဘာလသည် မိုးလေကင်းလွတ်သော ပွင့်လင်းရာသီ အစပျိုးကာလဖြစ်သည်။ပွင့်လင်းရာသီရောက်ပြီဆိုလျှင် ဘုရားဖူးခရီး၊ ကမ်းခြေအပန်းဖြေခရီး စသည်ဖြင့် ပြည်တွင်းခရီးသွားလာမှုများကြသည်။

တရုတ်နိုင်ငံတွင် ဆောင်းဦးလယ် လမုန့်ပွဲတော်နှင့် အမျိုးသားနေ့ အားလပ်ရက်အပြင် တရုတ်နှစ်သစ်ကူး (နွေဦးပွဲတော်)၊ တရုတ်နှစ်သစ်ကူး ပန်းပွဲတော်၊ နဂါးလှေပွဲတော်၊ ရေခဲနှင့် နှင်းပန်းပုပွဲတော် စသဖြင့် လအလိုက်၊ နိုင်ငံ၏ အထိမ်းအမှတ်အလိုက် နှစ်စဉ်ပြုလုပ်လေ့ရှိသော ပွဲတော်များစွာရှိပါသည်။

ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်နေကြသော မြန်မာနိုင်ငံတွင်လည်း ဘာသာရေးပွဲတော်များ၊ ရိုးရာ နေ့ထူးနေ့မြတ်ပွဲတော်များ၊ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့၊ အမျိုးသားနေ့ အစရှိသည့် နိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့ရက်များတွင် ကျင်းပသည့် အထိမ်းအမှတ်ပွဲတော်များရှိသည်။သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်နှင့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်တို့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် အထင်ကရပွဲတော်များဖြစ်သည်။ထိုကဲ့သို့ ပွဲတော်ရက်ကာလများတွင် အစိုးရ၊ ပုဂ္ဂလိကရုံးများ၊အလုပ်များပိတ်၍ ခရီးများသွားလာခြင်း၊ နေရပ်ပြန်ခြင်း၊ မိမိနေထိုင်ရာမြို့တို့တွင် သွားလာလည်ပတ်ခြင်းများဖြင့် နှစ်စဉ် စည်ကားသည်။

၂၀၂၃ ခုနှစ်သည် ကိုဗစ်ကပ်ရောဂါကို လွတ်လွတ်ကျွတ်ကျွတ် လွတ်ကင်းသော နှစ်တစ်နှစ်ဟူ၍ ဆိုရမလိုပင်ဖြစ်သည်။ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာလည်ပတ်မှုများကို တရုတ်နိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံမှာလည်း မြင်တွေ့ကြရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်ကတည်းက ပြည်တွင်းခရီးသွားလာလည်ပတ်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်လျက်ရှိသည်။ ခြောက်သွေ့သောရာသီသည် လူအများ၏ အပန်းဖြေခရီးသွားခြင်းကို ဆွဲဆောင်မှုများရှိသည်။

တရုတ်နိုင်ငံတွင် စက်တင်ဘာလသည် ဆောင်းဦးရာသီကို အစပြုသော်လည်း မြန်မာနိုင်ငံ၏ ဆောင်းဦးရာသီသည် နိုဝင်ဘာလ နောက်ပိုင်းမှသာ အသက်ဝင်သည်ကများသည်။ဥတုရာသီ မညီမျှမှု ဖြစ်စဉ်များရှိလာသော်လည်း အထိမ်းအမှတ်ပွဲတော်များနှင့် ခရီးသွားလာခြင်းများကတော့ ပုံမှန်အတိုင်းဖြစ်သည်။

သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေကြသော လူသားအများစုသည် ခရီးသွားလာ လည်ပတ်ခြင်းများဖြင့် စိတ်အပန်းဖြေကြသည်။ကိုဗစ်နောက်ပိုင်းတွင် တရုတ်လူမျိုးတို့၏ ခရီးသွားလာမှုများသည် ၎င်းတို့ ပြည်တွင်းနှင့် ပြည်ပများ၌ ထူးထူးခြားခြား တိုးတက်လာသည်ကို တွေ့ရှိရသည်။

အောက်တိုဘာလအစက ကျင်းပခဲ့သော တရုတ်နိုင်ငံ၏ ရွှေရောင်သီတင်းပတ်သည် ဆွေမျိုးပေါက်ဖော် မြန်မာနိုင်ငံ၏ နှစ်သစ်ကူးသင်္ကြန်ကာလကဲ့သို့ပင် ရက်ရှည်ရုံးပိတ်ရက်များနှင့် ပျော်ရွှင်စရာကောင်းလှသော သီတင်းပတ်တစ်ခုကို အားကျဖွယ်ရာ မြင်တွေ့ခဲ့ရလေသည်။

အမွန်