【 ဆောင်းပါး 】 ထောင်မဲ့နိုင်ငံ၊ အကျဉ်းသားမဲ့ထောင်နှင့် ထောင်စနစ်များ

【 ဆောင်းပါး 】 ထောင်မဲ့နိုင်ငံ၊ အကျဉ်းသားမဲ့ထောင်နှင့် ထောင်စနစ်များ

                       (၁)

၂၀၀၉ ခုနှစ်၊ တစ်ရက်တွင် စာကြည့်တိုက်သို့ ဦးစိုးမြင့် (ကလောင်အမည် - အောင်မှူး၊ စာရေးဆရာမ မိချမ်းဝေ၏ ခင်ပွန်း) ရောက်လာပါသည်။

လူထုဦးလှ နှစ် ၁၀၀ ပြည့် စာအုပ်ထုတ်မည်။ဆရာ ဦးသော်ကောင်းကို လူထုဦးလှ နှစ် ၁၀၀ ပြည့်အတွက် သဝဏ်လွှာရေးပေးပါဟု ဦးစိုးမြင့်က တောင်းဆိုပြီး၊ ကျွန်မကိုတော့ စာတမ်းတစ်စောင် ရေးပေးပါဟု ဆိုပါသည်။

ကျွန်မက အလွယ်တကူပင်၊ “ရေးတာပေါ့၊ လူထုဦးလှ ပုံပြင်တွေအကြောင်း ရေးမယ်လေ” ဟု ပြန်ဖြေပါသည်။ “ပုံပြင်ကို မန်းတက္ကသိုလ်က ဒေါက်တာစိုးနိုင် ရေးနေပြီ။ကျွန်တော် - - - နဲ့ ထောင် ကျန်သေးတယ်” ဟု ဦးစိုးမြင့်က ထပ်ပြောပါသည်။ကျွန်တော် မြင်းသမား၊ ကျွန်တော် ဗျူရိုကရက် စသည်တို့ကို အနည်းအကျဉ်း ဖတ်ဖူးသော်လည်း၊ ထောင်စာအုပ်များကို ပိုဖတ်ဖြစ်ခဲ့ရာ၊ ထောင်စာအုပ်တွေအကြောင်းရေးမယ်ဟု ကတိပေးလိုက်ပါသည်။

စာတမ်းတစ်စောင် ရေးတော့မည်ဆိုတော့၊ ထောင်စာအုပ်များကို ပြန်ရှာ၊ ပြန်ဖတ်ရပါသည်။ “ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ ပုံရိပ်များ” ကို ၂၀၀၉ တွင်ရေး၍၊ ၂၀၁၀ ပြည့်နှစ် လူထုဦးလှ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် စာအုပ်တွင် ဖော်ပြခံရပါသည်။ယခင်ထောင်စာအုပ်များကို ဖတ်ခဲ့စဉ်က၊ စိတ်ခံစားမှုများ ဖြစ်ပေါ်သော်လည်း၊ ရက်ပိုင်းအတွင်း ထိုခံစားချက်များ ပျောက်ကွယ်သွားပါသည်။စာတမ်းရေးသည့်အခါ ရေးနေရင်းပင် ဖတ်ရသည့်အခါများရှိလာပြီး၊ စိတ်ထဲတွင် ထောင်အကြောင်းကို ကပ်ပါလာသည်မှာ လချီခဲ့ပါသည်။

ထောင်ထဲတွင် အကျဉ်းကျနေသူများအား၊ ဦးလှ စပ်စုမေးမြန်းနေပုံ၊ ဦးလှတို့ လူသိုက်ထံ ဆရာ မြသန်းတင့်တို့ အလည်လာပုံ၊ ဦးလှတို့ လူသိုက် ထောင်တွင်း၌ ဘောလုံးကန်ပုံ စသည့် ပုံရိပ်များကိုလည်း မှန်းဆမြင်ယောင်မိပါသည်။ Opinion Leaders online Journal က ထိုစာတမ်းကို ၂၀၂၃ ဖေဖော်ဝါရီလမှစ၍ အပတ်စဉ် ပြန်လည်ဖော်ပြပေးခဲ့ပါသည်။ Opinion Leaders စာမျက်နှာတွင် ယခုမှ ဖတ်ရှုရသူတချို့က နှစ်သက်သည်ဆိုသဖြင့် ယခင်က၊ ရေးမည် ကြံရွယ်ခဲ့သော်လည်း၊ မရေးဖြစ်ခဲ့သည့် ဂျွန့်အကြောင်း၊ ကျွန်မစိတ်ဝင်စားသည့် ထောင်နှင့်ပတ်သက်သည့် အကြောင်းများကို ပြန်သတိရလာပါသည်။

                        (၂)
    
၂၀၁၀ ပြည့်နှစ် ဝန်းကျင်ခန့်တွင် ဆရာ ဦးသော်ကောင်းက ကျွန်မကို ဂျွန် (အမည်လွှဲ) နှင့် မိတ်ဆက်ပေးပါသည်။ဂျွန်၏ အဘိုးနှင့် ဆရာ ဦးသော်ကောင်းက အသိမိတ်ဆွေများဖြစ်ကြသတဲ့။ဂျွန် မြန်မာပြည်သို့လာသည်မှာ တရားအားထုတ်ရန် သင့်တော်မည့် တရားစခန်းလာရှာခြင်း ဖြစ်သတဲ့။ကျွန်မက ဂျွန်ကို ကူညီသည့်အနေဖြင့် ရန်ကုန်ရှိ တရားအားထုတ်နိုင်သော နေရာများကို လာမည့် တနင်္ဂနွေတွင် လိုက်ပို့ပေးပါတဲ့။သို့ဖြင့် နောက်တစ်ပတ် တနင်္ဂနွေတွင် ကျွန်မက သူငယ်ချင်းတစ်ယောက်နှင့်အတူ ဂျွန်ကို တရားအားထုတ်၍ရသည့်နေရာ အတော်များများသို့ လိုက်ပို့ပေးပါသည်။မိုးကုတ်၊ မဟာစည်၊ ဆရာကြီး ဦးဘခင် စသဖြင့် တရားအားထုတ်၍ရသော နေရာဌာနများသို့ တစ်နေရာပြီး တစ်နေရာ သွားကြပါသည်။တက္ကစီတစ်စီး ငှားလာရာ၊ ကားပေါ်တွင် စကားပြောသွားကြပါသည်။လမ်းတစ်လျှောက် ဂျွန်က သူ့ဘဝကို အကျဉ်းချုံးပြောပြလာပါသည်။

ဂျွန်၏ အဖေက ဩစတြေးလျနိုင်ငံသားဖြစ်ပြီး၊ အမေက အင်္ဂလိပ်လူမျိုးဖြစ်သည်။ဂျွန် ငယ်ငယ်ကပင် သူ့မိဘနှစ်ပါး ကွဲခဲ့ကြသည်။သူကား အဖေနှင့် အမေထံ တစ်လှည့်စီနေရင်း ကြီးပြင်းလာသည်။သူကိုယ်တိုင် ဗြိတိန်နိုင်ငံသားနှင့် ဩစတေးလျနိုင်ငံသားအဖြစ် ခံယူထားသည်။အဖေက ချမ်းသာသည်။သူသည် အဖေနှင့် အမေထံ တစ်လှည့်စီနေနေသော်လည်း လုံးဝမပျော်ရွှင်ပေ။ဘဝကို စိတ်ပျက်၍ မိမိကိုယ်မိမိ သတ်သေရန် ကြိုးစားဖူးသည်။တစ်နေ့တွင် သူနေထိုင်သည့် မန်ချက်စတာမြို့၌ ဖွင့်လှစ်ထားသော မဟာစည်ဘုန်းကြီးကျောင်းသို့ ရောက်သွားသည်။

“အော် - ဂျွန်က မန်ချက်စတာမှာ နေတာကိုး။ငါတို့ မြန်မာတွေက မန်ယူကို အတော်ကြိုက်ကြတာ” ဟု ကျွန်မက၊ သူ့စကားကို ထောက်လိုက်တော့ ဂျွန် ပြုံးပါသည်။အသက် ၂၅ နှစ်အရွယ် လူငယ်လေး၊ လူရည်သန့်လေး။အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်းနှင့် ဖြူနုသော ဂျွန့်မျက်နှာကို ကျွန်မကြည့်ရင်း “ အော် - ဒီရုပ်ရည်လေးနဲ့ သတ်သေဖို့ ကြိုးစားဖူးတယ်ဆိုတာ ဘယ်သူယုံမှာလဲ” ဟု တွေးမိပါသည်။ဂျွန်က ဆက် ပြော၏။

မဟာစည်မှ ဘုန်းကြီးတစ်ပါးက သူ့ကိုနှစ်သိမ့်ပေးပြီး၊ တရားမှတ်နည်း ပြသပေးသည်။အနည်းငယ် အေးချမ်းမှုကို သူစတင်ခံစားရသည်။သို့ဖြင့် မဟာစည်သို့ ပုံမှန်သွားပြီး တရားထိုင်ရင်း ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းလိုက်သည်။ထိုသို့မကူးပြောင်းမီ ဗုဒ္ဓတရားတော်များကို သူလေ့လာခဲ့ရာ၊ ဗုဒ္ဓတရားတော်များကို သူလေးလေးနက်နက် သက်ဝင်ယုံကြည်လာသည်။သူက ဥပဒေအထူးပြုဘာသာရပ်ဖြင့် တက္ကသိုလ်တတိယနှစ်တွင် တက်ရောက်နေသူဖြစ်ပါသည်။တက္ကသိုလ်ပိတ်ရက်၊ အားလပ်ရက်တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံ၌ သူတရားအားထုတ်လိုသည်။ထို့ကြောင့် ထိုင်းသို့ ဦးစွာသွားပြီး၊ ထိုင်းဘုန်းကြီးကျောင်းများကို လေ့လာသည်။သို့သော် သူ သဘောမတွေ့။သို့ဖြင့် မြန်မာနိုင်ငံသို့ ရောက်လာသည်။မြန်မာနိုင်ငံသို့လာမည်ဆိုတော့ အိမ်ရှင်တစ်ယောက်ယောက်နှင့် သိမှဖြစ်မည်ဟု တွေးလျက်၊ သူ့အဘိုး၏ မိတ်ဆွေ ဆရာ ဦးသော်ကောင်းကို ဆက်သွယ်ခဲ့သည်ဟု ရှင်းပြပါသည်။

ဂျွန်က ဆယ်မိုင်ကုန်းရှိ ဓမ္မဒူတကျောင်းကို သဘောကျသည်။သူ အင်္ဂလန်သို့ ခဏပြန်မည်။ကျောင်းပိတ်ရက်တွင် ပြန်လာပြီး၊ ဆယ်မိုင်ကုန်းတွင် တရားရက်ရှည်ဝင်မည် ဆို၏။ကျွန်မကို တစ်ခုထပ်တောင်းဆိုပါသည်။သူ့ကို စိပ်ပုတီး အကုံး ၅၀ နှင့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဝယ်ပေးပါတဲ့။ ကျွန်မက “ဗုဒ္ဓရုပ်ပွားတော်ကတော့ နင်ကိုးကွယ်ဖို့ဆိုတာ သိတယ်။စိပ်ပုတီး အကုံး ၅၀ က ဘာလုပ်ဖို့တုန်း” ဟု မေးမိပါသည်။

သူသည် ဥပဒေကျောင်းသားဖြစ်၍ အင်္ဂလန်ရှိ ထောင်များသို့ လက်တွေ့ဆင်းရသည်တဲ့ (ချိန်ဘာ)။သူတွေ့ဆုံရမည့် အကျဉ်းသားများအား ပုတီးစိပ်နည်း သင်ပေးရန် ဖြစ်ပါသတဲ့။ထို့နောက် ကျွန်မနှင့် ဂျွန် အဆက်အသွယ်ပြတ်သွားပါသည်။နှစ်အတန်ကြာမှ သတိရ၍ ဆရာ ဦးသော်ကောင်းကို ဂျွန့်အကြောင်း မေးမိပါသည်။ဂျွန် မြန်မာပြည်သို့ ပြန်လာသည်။သူ့စားဝတ်နေရေးအတွက် မျှတသင့်တင့်သည့် ငွေယူ၍ အင်္ဂလိပ်စာသင်ပေးသည်။မြန်မာများကို အင်္ဂလိပ်စာသင်ပေးရင်း၊ သူနှင့်အတူ စာကူသင်ပေးနေသည့် မြန်မာမလေးနှင့် ချစ်ကြိုက်သွားပြီး၊ ဘုန်းကြီးလည်း မဝတ်ဖြစ်တော့ဟု ဆရာ ဦးသော်ကောင်းက ရှင်းပြပါသည်။သို့ဖြင့် ကျွန်မလည်း ဂျွန်နှင့်တွေ့လျှင် မေးမည်ဟု တာစူထားသည့် ထောင်အကြောင်းကို မိမိဘာသာ ဂူဂဲလ်ခေါက်၍ ရှာဖတ်ပါသည်။

ထောင်မရှိသော နိုင်ငံဟူ၍ ကမ္ဘာတွင် မရှိသော်လည်း၊ အကျဉ်းသားမရှိ၍ ထောင်များ ဟောင်းလောင်းဖြစ်နေသည့် နိုင်ငံရှိသတဲ့။သည်နိုင်ငံကတော့ နယ်သာလန်။နယ်သာလန်တွင် ၂၀၁၃ ၌ အကျဉ်းသား ၁၉ ယောက် ရှိခဲ့သော်လည်း၊ ၂၀၁၈ တွင်မူ အကျဉ်းသားတစ်ဦးမျှ မရှိတော့ဟု ဆိုပါသည်။အဓိပ္ပာယ်မှာ ၅ နှစ်အတွင်း နယ်သာလန်တွင် ရာဇဝတ်မှုကျူးလွန်သူ ပပျောက်သွားပြီး၊ ပြစ်မှုကျူးလွန်သူ တစ်ဦးမျှ မရှိတော့ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။ထို့ကြောင့် နယ်သာလန်ရှိ အကျဉ်းသားမဲ့နေသည့် ထောင်ဟောင်းလောင်းပုံများကို ဂူဂဲလ်က ပြသထားပါသည်။ထို့အတူ ဥရောပနိုင်ငံအများစုတွင် တဖြည်းဖြည်း ရာဇဝတ်မှုများ လျော့ပါးလာသည်ဟု ဆိုပါသည်။

ဂျွန်တို့၏ အင်္ဂလန်ထောင်များကို လေ့လာကြည့်သော်၊ အကျဉ်းသားများကိုထားသည့် အခန်းတံခါးများအား၊ သေသေချာချာ စီမံထားသည်ကို တွေ့ရှိရပါသည်။အခန်းတံခါးများကို အပြင်မှလည်း ဖျက်၍မရ။အတွင်းမှလည်း ဖျက်၍မရ။အတွင်းရှိ ပစ္စည်းပစ္စယများကိုလည်း ပြင်ပမှ ဝင်ရောက်ယူ၍ မရစေရန် လုံခြုံရေးအတွက် အထူးစီမံထားသတဲ့။ထို့ပြင် လက်သရမ်းဖျက်ဆီးခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်းနှင့် မိမိကိုယ်မိမိ သတ်သေခြင်းမပြုနိုင်ရန် စီစဉ်ထားပါသတဲ့။ထိုတံခါးများကို cell door ဟု ခေါ်ဆိုကြပါသည်။

တီဗီဖန်သားပြင်ပေါ်မှတစ်ဆင့် ကျွန်မတို့နှင့် ရင်းနှီးနေသည်ကတော့ တောင်ကိုးရီးယား အကျဉ်းထောင်များဖြစ်ပါသည်။အကျဉ်းကျရန် ပြစ်ဒဏ်ချမှတ်ခံရသူများသည်၊ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ပြီး၊ မိမိနေထိုင်ရမည့် အခန်းတွင်းသို့ ဝင်သွားရုံသာ။အကျဉ်းကျသူများအနေဖြင့်၊ အိမ်မှ အထုတ်အပိုးများ သယ်ဆောင်လာသည်ကို မတွေ့ရပေ။သဘောကျစရာ အကောင်းဆုံးကား၊ ဧည်သည့်လက်ခံတွေ့ရပုံဖြစ်ပါသည်။အကျဉ်းသားကိုတွေ့လိုသူ မည်သူမဆို တွေ့ခွင့်ရကြပါသည်။မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေသူစိမ်းဖြစ်စေ၊ တွေ့ခွင့်ရကြသည်။အပေါက်လေးများ ဖောက်ထားသော မှန်၏ တစ်ဘက်တစ်ချက်တွင်၊ အကျဉ်းသားနှင့်တွေ့ဆုံရန် လာသည့် ဧည်သည့်တို့ မျက်နှာချင်းဆိုင်ထိုင်လျက်၊ စကားပြောခွင့်ရကြပါသည်။ထောင်ကျအချင်းချင်း စောရောက်သူက နောက်ကျရောက်လာသူကို အုပ်စုဖွဲ့အနိုင်ကျင့်ပုံများလည်း ကိုရီးယားဇာတ်ကားတချို့၌ တွေ့ရတတ်ပါသည်။

နိုင်ငံအသီးသီး၏ ထောင်စနစ်များ၊ အကျဉ်းသားချုပ်နှောင်ပုံ၊ ကျွေးမွေးနေထောင်စေပုံများ၊ အကျဉ်းသားတို့ တစ်နေ့တာဖြတ်သန်းရသည့် အချိန်ဇယားများကား၊ နိုင်ငံအလိုက် အနည်းနှင့် အများ ကွာခြားမှုလည်း ရှိနိုင်ပါသည်။တူညီမှုများလည်း ရှိနိုင်ပါသည်။အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများတွင် ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူခြင်းထက်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပေးရေးဘက်သို့ ဦးတည်လုပ်ဆောင်လာကြကြောင်း တွေ့ရှိရပါသည်။

အာရှနိုင်ငံတစ်ဝန်းရှိ ထောင်များ၊ ဥရောပနိုင်ငံများရှိ ထောင်များ၊ အနောက်နိုင်ငံများရှိ ထောင်များ စသည်ဖြင့် လေ့လာသုတေသနပြုမည်ဆိုလျှင်၊ ထိုသုတေသနများမှတစ်ဆင့်၊ နိုင်ငံရှိလူဦးရေနှင့် ပြစ်မှုကျူးလွန်သူ အရေအတွက် အချိုးအစား၊ ကျူးလွန်သည့်ပြစ်မှုများ၊ ကျူးလွန်မှုအများဆုံး ရာဇဝတ်မှုနှင့် အနည်းဆုံးရာဇဝတ်မှု အမျိုးအစားများ၊ ပြစ်မှုကျူးလွန်ကသည့် အသက်အရွယ်၊ ကျား-မနှင့် အုပ်ချုပ်သူတို့၏ ကိုင်တွယ်ပုံ ကိုင်တွယ်နည်း၊ ဥပဒေနှင့် တရားစီရင်ရေး စသည်တို့ကို သိရှိနိုင်မည်ဖြစ်ပါသည်။ဤတွင် အုပ်ချုပ်သူတို့၏ ဉာဏ်အမြှော်အမြင်၊ အကြင်နာ၊ ဂရုဏာတရားများက အကျဉ်းသားတို့၏ ထောင်တွင်းဘဝ ကြမ်းတမ်းခြင်း၊ သက်သာခြင်းတို့အပေါ် တိုက်ရိုက်အချိုးကျနေမည်ဟု ထင်မြင်မိပါသည်။

ခင်နှင်းဦး