【 ဆောင်းပါး 】 နည်းနည်းလုပ် စွဲမြဲလုပ် အဓိကမှတ်သားဖွယ်ရာများ

【 ဆောင်းပါး 】 နည်းနည်းလုပ် စွဲမြဲလုပ် အဓိကမှတ်သားဖွယ်ရာများ

အရင်ဆောင်းပါးတွေမှာ မော်တန် တီ ဟန်ဆန် လမ်းညွှန်ခဲ့တာတွေကို ပြန်လည်ကောက်နုတ်ရရင် အဓိက သူပေးတဲ့ မက်ဆေ့ချ်က နည်းနည်းလုပ် စွဲမြဲလုပ်ပါတဲ့။ဒါက ဉာဏ်ပါပါလုပ်နည်းတစ်မျိုးပဲဖြစ်ပါတယ်။ Work Smart, Not Hard လို့ ပြောတတ်ကြပေမယ့် - ဘယ်လို Smart (ဉာဏ်ပါပါ) လုပ်ရမှာလဲ၊ ကြိုးကြိုးစားစား ပင်ပင်ပန်းပန်း (Work Hard) လုပ်စရာ မလိုတော့ဘူးလား၊ အဲလိုကြိုးစားလုပ်တာက လူညံ့လား။ မော်တန် တီ ဟန်ဆန် လမ်းညွှန်တာကတော့ မိမိအလုပ်ပြီးဖို့ ထိရောက်မယ့် လုပ်ငန်းကို ရွေးချယ်ပြီး အဲဒီအလုပ်တွေကိုပဲ work hard တစိုက်မတ်မတ် ကြိုးကြိုးစားစား စွမ်းအားကုန် ထုတ်သုံး အလုပ်လုပ်ဖို့ မှာကြားတာဖြစ်ပါတယ်။သူရှင်းပြထားတာတွေ ဆက်ဖတ်ကြည့်ကြရအောင်။

          နည်းနည်းလုပ် စွဲမြဲလုပ် အဓိကမှတ်သားဖွယ်ရာများ

“ကြိုးကြိုးစားစားလုပ်” လုပ်နည်းလုပ်ဟန် ရိုးရာပညာရှင်များက အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး တာဝန်ပိုယူတတ်တဲ့သူက အလုပ်ပိုပြီးသလို စွမ်းဆောင်ရည်လည်း ပိုကောင်းတယ်လို့ ဖော်ကျူးခဲ့တယ်။ဒီအမြင်ကို အတိုက်အခံလုပ်တဲ့သဘော သက်ရောက်တဲ့ စီမံအုပ်ချုပ်ရေးကျွမ်းကျင်ပညာရှင်တို့က အဲဒီအလုပ်ကြိုးစားတဲ့သူတွေဟာ အလုပ်ရဲ့ တချို့အပိုင်းတွေကိုပဲ ရွေးချယ်ပြီး အာရုံစိုက်လုပ်သင့်တယ်လို့ အကြံပေးထားပါတယ်။

          “ဉာဏ်ပါပါ အလုပ်လုပ်” ခြင်းရဲ့ အမြင်သစ်

အလုပ်ပိုလုပ်ခြင်းဟာ မှားယွင်းတဲ့ ဗျူဟာတစ်ခုသာဖြစ်တယ်။အလားတူပဲ အာရုံစိုက်ဖို့ ရွေးချယ်ရာမှာလည်း နားလည်မှု လွဲနေပါတယ်။အာရုံစိုက်တယ်ဆိုရာမှာ အခြားလူတွေ စဉ်းစားသလို ဒီအပိုင်းကိုတော့ ဂရုစိုက်လုပ်လိုက်မယ်ဆိုပြီး ရွေးလိုက်တာပဲ ဆိုသလောက် မရိုးရှင်းပါဘူး။

ဒီနေရာမှာ နောက်ထပ်သတိထားစရာတစ်ခု လိုအပ်ပါတယ် - အဲဒီအပိုင်းကို စွဲစွဲမြဲမြဲလုပ်မှ ထူးခြားကောင်းမွန်တဲ့ အရည်အသွေးရရှိမှာဖြစ်ပါတယ်။ဉာဏ်ပါပါ အလုပ်လုပ်တဲ့ နည်းကတော့ ပထမနည်းနည်းလုပ်၊ ပြီးရင် စွဲမြဲလုပ်ရမှာဖြစ်ပါတယ်။

          အဓိကအချက်များ

•    ကျွန်တော်တို့ရဲ့ လေ့လာမှုထဲက လူတွေထဲက အဓိကဦးစားပေးလုပ်ရမှာကို ရွေးချယ်ပြီး အဲဒီအပေါ်မှာ အထူးအားစိုက်ကြိုးပမ်းမှု ပြုသူတွေရဲ့ စွမ်းဆောင်ရည်ရမှတ်ဟာ ဦးစားပေးလုပ်စရာ အများကြီးသတ်မှတ် အလုပ်လုပ်တဲ့သူတွေထက် ပျဉ်းမျှ ၂၅ ရာခိုင်နှုန်းရမှတ် ပိုသာတာကို တွေ့ရပါတယ်။

“နည်းနည်းလုပ် စွဲမြဲလုပ်” နည်းလမ်းဟာ ဒီစာအုပ်မှာ ‌ဖော်ပြမယ့် အလေ့အကျင့် ခုနစ်မျိုးထဲမှာ ထိရောက်မှု စွမ်းအားအကောင်းဆုံး အလေ့အကျင့်ဖြစ်ပါတယ်။

•    “အလုပ်ပိုလုပ်” ခြင်းကြောင့် ထောင်ချောက်နှစ်ခုထဲ ကျသွားနိုင်ပါတယ်။ပြန့်ကျဲဖြန့်ထုတ်ခြင်း ထောင်ချောက်ထဲ ကျသွားနိုင်တယ် - အလုပ်တွေ အများကြီးလုပ်ပေမယ့် ဘာတစ်ခုကိုမှ ရေရေရာရာ ပိုင်ပိုင်နိုင်နိုင်မရှိဘဲ ဖြစ်တတ်တယ်။ရှုပ်ထွေးမှု ထောင်ချောက်ထဲ ကျသွားနိုင်တယ်  - အလုပ်တာဝန်တစ်ခုပြီး တစ်ခု စီမံရတဲ့အတွက် ခွန်အားအပြည့် မသုံးနိုင်ဘဲ အလှည့်အပြောင်းကြားမှာ အချိန်ပုပ်ပြီး စွမ်းဆောင်ရည်ကိုလည်း လျော့နည်းကျဆင်းစေမှာဖြစ်တယ်။

•    ဒီအခန်းမှာ “နည်းနည်းလုပ်၊ စွဲမြဲလုပ်” နည်းစနစ်ကို ကျင့်သုံးဖော်ဆောင်ရာမှာ လိုက်နာရမယ့် အဓိကအချက် သုံးချက်ကို အထူးပြုဖော်ပြမှာဖြစ်ပါတယ်။

          ၁။ ရေဇာကို ကိုင်စွဲပါ - အရေးမပါတဲ့ လုပ်ငန်းတွေ၊ ဦးစားပေးမှုတွေ၊ ကော်မတီတွေ၊ အဆင့်တွေ၊ တိုင်းတာမှုတွေ နဲ့ လုပ်ငန်းစဉ်တွေကို ရိတ်ပယ်ဖယ်ရှားပစ်ပါ။ကျန်တဲ့ လုပ်ငန်းတွေကို အားကုန်သုံးပြီး ထူးခြားပြောင်မြောက်အောင် အာရုံစိုက်လုပ်ပါ။မေးပါ - လုပ်ငန်းဘယ်နှစ်ခု ငါဖယ်ထုတ်ပစ်နိုင်မလဲ၊ ထူးချွန်ပြောင်မြောက်အောင် ဘာတွေဖြည့်ဆည်းလုပ်ဆောင်ရမလဲ။သတိရပါ - “တတ်စွမ်းသမျှ အနည်းဆုံး ကိုရွေး၊ တတ်နိုင်သမျှအများဆုံးလုပ်”  

          ၂။ ကိုယ့်ကိုယ်ကိုယ် ရွက်တိုင်မှာ ချည်နှောင်ထားပါ - ဆွဲဆောင်မှုတွေနဲ့ အနှောင့်အယှက်တွေနောက် မပါသွားဘဲ တားဆီးနိုင်အောင် ကြိုတင်အချိန်ယူပြီး စည်းကမ်းဥပဒေ ထုတ်ထားပါ။ရှင်းရှင်းလင်းထုတ်ထားပါ။အနည်းဆုံး တစ်နာရီလောက် အီးမေးလ်မစစ်ဘဲ နေနိုင်အောင် စည်းကမ်းသတ်မှတ်ထားပါ။

          ၃။ သင့် အထက်အရာရှိကို “နိုး” လို့ ပြောပါ - မိမိလုပ်ရမယ့် အလုပ်စာရင်းထဲမှာ အလုပ်ထပ်တိုးတာဟာ မိမိရဲ့ စွမ်းဆောင်ရည် ထိခိုက်ကျဆင်းစေမှာဖြစ်တယ်လို့ သင့်အထက်အရာရှိကို ရှင်းပြထားပါ။ဉာဏ်ပါပါ အလုပ်လုပ်ဖို့ သွားတဲ့ လမ်းစဉ်မှာ အထက်အရာရှိကို အမြဲတမ်း စိတ်ကျေနပ်အောင် လုပ်ပေးဖို့ မပါဘူး။ “နိုးပါ” လို့ ပြောခြင်းဖြင့် သင်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ အားကုန်ကြိုးပမ်းပြီး ပြောင်မြောက်အောင်လုပ်နိုင်မှာဖြစ်တယ်။

အခုလို နည်းနည်းလုပ် စွဲမြဲလုပ်လို့ မော်တန် တီ ဟန်ဆန်က အကြံပေးလမ်းညွှန်ပြီးတဲ့နောက်မှာ လုပ်ငန်းခွင်မှာ ဉာဏ်ပါပါ အစွမ်းပြအလုပ်လုပ်ဖို့ သူဆက်ပြီး အကြံဉာဏ်ပေးတာက သင့်အလုပ်ကို ပုံစံအသစ်နဲ့ ပြန်လုပ်ပါတဲ့။ဒီအဆိုကို ပံ့ပိုးပေးမယ့် ကျောင်းအုပ်ဆရာကြီး ဂရေ ဂရင်းရဲ့ အထွေထွေကျဆင်းနေတဲ့ စာသင်ကျောင်းလေးကို အရမ်းဆိုးဝါးတဲ့ အခြေအနေကနေ သူ ဘယ်လို ထိပ်တန်းရောက်အောင် လုပ်ခဲ့သလဲ၊ နည်းစနစ်အသစ်ကို ဘယ်လိုရှာဖွေကျင့်သုံးခဲ့လဲ၊ သူ့ရဲ့ ပြောင်းပြန် စာသင်နည်းစနစ်ကို ဖော်ပြထားတာ တက်အားတက်ကြွ အတုယူစရာကောင်းလှပါတယ်။ဖတ်ရှု လေ့လာကြည့်ကြရအောင်။

          သင့်အလုပ်ကို ပုံစံအသစ်ဖြင့် ပြန်လုပ်ပါ

ဒီနေ့က ၂၀၁၀ ရဲ့ တက်ကြွလန်းဆန်းတဲ့ နွေဦးရက်တစ်ရက်ဖြစ်တယ်။ဂ‌ရေ ဂရင်း သူ့ရဲ့ မီနီဗန်ကားလေးကို ဒက်တွိုက်ဆင်ခြေဖုံးက ကလင်တန်ဒဲလ် အထက်တန်းကျောင်းရဲ့ ကားရပ်နားဝန်းထဲကို ချိုးကွေ့လိုက်ချိန်မှာ သူကြောက်စိတ်ဝင်လာတယ်။ဂရင်းက ကလင်တန်ဒဲလ်ရဲ့ ကျောင်းအုပ်ဖြစ်တယ်၊ နောက်နာရီအနည်းငယ်ကျရင် ကျောင်းသားတွေရဲ့ နောက်ဆုံးစစ်ဆေးချက် ရလဒ်အဖြေပါတဲ့ အီးမေးလ် သူ့လက်ထဲ ရောက်လာတော့မယ်။တကယ်လို့ အရင်က မှတ်တမ်းက ဒီနှစ်အဖြေကို ထင်ဟပ်မယ်ဆိုရင် လှလှပပဖြစ်မှာတော့ မဟုတ်ဘူး။

ကလင်တန်ဒဲလ်က ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည် ထိုးကျနေတာ နှစ်တော်တော်ကြာပါပြီ။ဂရင်းက အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ကြီးမားတဲ့ အချို့စိန်ခေါ်မှုတွေကြောင့် ဒီလိုဖြစ်တာပါ။ပြည်နယ်အစိုးရက အောင်လက်မှတ်ပေးဖို့ လိုအပ်ချက်တွေကို ပိုမိုတိုးမြှင့် သတ်မှတ်လိုက်တဲ့အခါမှာတော့ ကျောင်းရဲ့ နဂိုရ်ကမှ ကျပ်တည်းနေတဲ့ ဘတ်ဂျက်ကို အမြစ်ဖြတ်လိုက်သလို ဖြစ်သွားခဲ့ပါသေးတယ်။လက်ရှိမှာ ကျောင်းသားတွေ အတွက်ချက်က များသထက်များလာနေပါပြီ။ ၂၀၀၈ က U.S. က ကားလုပ်ငန်းတွေ ကျဆုံးကုန်တာကိုပဲ ကျေးဇူးတင်ရဦးမယ်၊ အခုဆိုရင် ကျောင်းသားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အစိုးရက ထောက်ပံ့တဲ့ နေ့လယ်စာကျွေးဖို့ လုံလောက်အောင် ဆင်းရဲနေကြပါပြီ။ အလုပ်လက်မဲ့ဦးရေကလည်း ၁၄ ရာခိုင်နှုန်းအထိ တဟုန်ထိုးတက်သွားပြီး မြို့ရဲ့ ရပ်ကွက်တိုင်းလိုလိုမှာ အခန်းတွေလူမရှိဘဲ ပိတ်ထားရပြီး လူမနေတဲ့ အရပ်တွေလို ဖြစ်ကုန်တယ်။သူတို့ရဲ့ မိသားစုဝင်တွေ အဲဒီလို ရုန်းကန်နေရတာနဲ့အမျှ ကျောင်းသားတွေကလည်း  အိမ်စာလုပ်ဖို့တို့၊ စာမေးပွဲအောင်ဖို့တို့ကို  အာရုံမစိုက်ကြတော့ဘူးပေါ့။သူတို့မှာ ပိုဖိအားများတဲ့ စိတ်ပူပန်စရာတွေရှိနေတယ်၊ သူတို့ရဲ့ မိဘက အလုပ်ရဖို့အတွက် ဒူးထောက်မတတ် ခယနေရချိန်မှာ သူတို့ရဲ့ ညီငယ်ညီမငယ်လေးတွေကို စောင့်ရှောက်ဖို့ ပိုအာရုံစိုက်နေခဲ့ရတယ်။

နေ့လယ်ပိုင်းလောက်မှာ အီးမေးလ် ဝင်လာခဲ့ပါပြီ။ဂရင်း ကြောက်နေခဲ့တဲ့အတိုင်း အကုန်လုံးအတိအကျ ဖြစ်နေတော့တာပါပဲ။ကျောင်းရဲ့  အံ့မခန်းစွမ်းဆောင်ချက်တွေက တစ်နယ်လုံးထဲမှာ အညံ့ဆုံး အောက်ခြေ ၅ ရာခိုင်နှုန်းအဆင့်ကို ဆွဲချခဲ့လိုက်ပါပြီ။ဖက်ဒရယ်အစိုးရက အခြေခံစစ်ဆေးချက် ရလဒ်အရ  သူတို့ကျောင်းရဲ့ စွမ်းဆောင်ချက်အပေါ်  တစ်စိတ်တစ်ပိုင်း မူတည်ပြီး “ထိပ်အဆင့်သို့ အပြေးပြိုင်ခြင်း” ပြိုင်ပွဲအတွက် ကနဦး ရန်ပုံငွေကို ပြည်နယ်အသီးသီးကို ပံ့ပိုးပေးခဲ့တယ်။ကျောင်းတွေရဲ့ စွမ်းဆောင်ရည် တိုးတက်အောင် ကြိုးပမ်းချက်အနေနဲ့ မီချီဂန်ပြည်နယ် မြို့တော် လန်ဆင်းရဲ့ ပြည်နယ်အစိုးရက အုပ်ချုပ်‌ရေးမှူးတွေကို လဲပစ်လိုက်ဖို့ လုပ်ဆောင်သလို ထည့်သွင်းရမယ့် ကျောင်းတွေကိုလည်း စာရင်းပြုစုခဲ့တယ်။ကလင်တန်ဒဲလ်က စာရင်းမှာ မပါခဲ့ဘူး၊ ဒါပေမဲ့ အခု စစ်ဆေးချက်ရလဒ်အသစ်နဲ့ဆိုရင် ပါလောက်ပြီ။

နွေဦးရာသီနဲ့ နွေရာသီတွေမှာ ဂရင်းက ကျောင်းရဲ့ ကံကြမ္မာကို ပြောင်းသွားစေဖို့  ကြံစည် အဖြေရှာနေပါတယ်။ခရိုင်တစ်ခုလုံးအ‌နေနဲ့ ဒေါ်လာ ၅သန်း လိုငွေပြနေပါတယ်။ဆရာ၊ ဆရာမ အသစ်ခန့်ဖို့တို့ သင်ရိုးအသစ်ပြောင်းဖို့တို့အတွက် ပိုက်ဆံမရှိပါဘူး။ဆရာ၊ ဆရာမတွေအနေနဲ့လည်း သူတို့ အရင်ကလောက် ကြိုးစားပမ်းစား မသင်ကြားနိုင်တော့ပါဘူး။သူတို့အနေနဲ့ သိသမျှ အစဉ်အလာ သင်ပုံသင်နည်းတွေနဲ့ ကျောင်းသားတွေ ကျောင်းစာနဲ့ ထိတွေ့လာစေဖို့ ကြိုးစားခဲ့ကြပါတယ်။စာမကြိုးစားတဲ့၊ ရမှတ်နည်းတဲ့ ကျောင်းသား/သူတွေကို ကျောင်းအားကစားပွဲတွေမှာ မထည့်ဘူးလို့ ခြောက်လှန့်သလိုမျိုး နည်းတွေနဲ့ပေါ့။မိဘတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်တယ်။အိမ်ကို ပြင်းထန်တဲ့ သတိပေးစာတွေ ပို့တယ်။ဘယ်နည်းကမှ အလုပ်မဖြစ်ခဲ့ပါဘူး။ကလေးတွေမှာ ထွက်ပေါက်မရှိဖြစ်နေပြီး အကျိုးဆက်ကတော့ စည်းကမ်းပိုင်ဆိုင်ရာ ပြဿနာတွေကို မီးထိုးသလို ဖြစ်လာခဲ့တယ်။ရက်သတ္တပတ် ၂၀ ကာလ တစ်ခုအတွင်းမှာ စည်းကမ်းဖောက်ဖျက်တဲ့ အဖြစ်အပျက်ပေါင်း ၇၀၀ ကြုံခဲ့တယ်။ဆရာမတွေ ခြေကုန်လက်ပန်းကျကုန်တယ်။

“ဘာကိုမှ ထိန်းချုပ်လို့ မရတော့ဘူးလို့ ခံစားရတယ်” လို့ ကျွန်တော်တို့နဲ့ အင်တာဗျူးတုန်းက ဂရင်းက ပြောတယ်၊ “အိပ်လို့မရတဲ့ ညတွေ အများကြီးရှိခဲ့တယ်။”

အဲလိုနဲ့ ၂၀၁၀ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့လည်းရောက်‌ရော အခြေအနေက ပိုတောင်ဆိုးလာခဲ့တယ်။ဂရင်းရဲ့ လူကြီး ခရိုင်အုပ်ချုပ်ရေးအရာရှိ သူ့ရုံးခန်းတံခါးကို ခေါက်ပြီး လန်ဆင်းက ကလင်တန်ဒဲလ်ကို ကျရှုံးစာရင်းသွင်းလိုက်ပြီလို့ လာပြောတယ်။အကြီးအကျယ် ပြောင်းလဲမှုတော့ ဖြစ်တော့မှာ သေချာတယ်။ပြည်နယ်က ကျောင်းကို ပိတ်ပစ်ပြီး ကိုယ်ထူကိုယ်ထကျောင်းအဖြစ် ပြောင်းလိုက်နိုင်တယ်။ဒါမှမဟုတ် အဖြစ်နိုင်ဆုံးက ကျောင်းအုပ်ကြီးကို ကျောင်းထုတ်ပစ်လိုက်လိမ့်မယ်။ငါတော့ အလုပ်ပြုတ်ဖို့ တစ်လပဲ လိုတော့တယ်လို့ ဂရင်း တွေးမိလိုက်တယ်။

ဒါပေမဲ့ သူမပြုတ်ခဲ့ပါဘူး။နောက်နှစ်နှစ်အကြာမှာ ဂရင်းက ဆက်လက်တက်မကိုင် ပဲ့ထိမ်းနေဆဲပဲဖြစ်ပြီး ကလန်တန်ဒဲလ် အထက်တန်းကျောင်းကလည်း အလံတလူလူ လွှင့်ထူဆဲပါ။အတန်းအောင်တဲ့ ကျောင်းသားတွေလည်း စံချိန်တင် ပေါ်ထွန်းလာခဲ့တယ်။ဂရင်းက နိုင်ငံကျော်ဆယ်လီတစ်ယောက်တောင် ဖြစ်ခဲ့တယ်၊ နယူးယောက်တိုင်းမ်စ် တယ်လီဗေးရှင်းမှာ သူနဲ့အင်တာဗျူး ထုတ်လွှင့်တဲ့အထိ ကျော်ကြားခဲ့တယ်။

          ကိုယ့်လုပ်ငန်းကို ပုံစံပြောင်း၍ ဆောင်ရွက်ကြခြင်းဖြင့် တိုးတက်အောင်မြင်သူများ ဖြစ်ကြပါစေ။

          (ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)