【 ဆောင်းပါး 】 နန်ကျင်းမြို့

【 ဆောင်းပါး 】 နန်ကျင်းမြို့

နန်ကျင်းမြို့ (Nanjing) ဟာ ယန်စီမြစ်အောက်ပိုင်းရှိ မြစ်ကမ်းဘေးတွင် တည်ရှိပြီး လူဦးရေ ၅ သန်းကျော်ရှိတဲ့ တရုတ်ပြည် အရှေ့ပိုင်းဒေသရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးအချက်အချာမြို့ဖြစ်ပါတယ်။

နန်ကျင်းမြို့ဟာ ကျန်းစုပြည်နယ် (Gansu) ရဲ့ မြို့တော်လည်းဖြစ်ပါတယ်။ကျန်းစုပြည်နယ်ကတော့ တရုတ်လူမျိုးနှင့် တရုတ်ယဉ်ကျေးမှုများ၏ အရေးပါသော အစပြုရာနေရာဖြစ်ပြီး ရှေးဟောင်းပိုးလမ်းမကြီးသည် ကျန်းစုပြည်နယ်အတွင်းတွင် ကီလိုမီတာ (၁၆၀၀) ကျော်အရှည် ဖြတ်သန်းသွားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ကျန်းစုပြည်နယ်တွင် သဘာဝဂေဟစနစ် အသွင်များပြားစုံလင်ပြီး တမူထူးခြားသော ဘူမိရုပ်သွင်များ ပိုင်ဆိုင်ထားကာ ယနေ့လက်ရှိတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာ (၇) နေရာ ရှိနေပါတယ်။

ကျန်းယေ့တန်းရှာ (Zhangye Danxia) အမည်ရှိ ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်၊ မြစ်ဝါမြစ်ကျောက်သစ်တော၊ တွန်းဟွမ်မြို့ (Dunhuang) ရှိ ရွယ့်ရာကန် (Yueya) အစရှိသော ကမ္ဘာ့အဆင့်ရှိ သဘာဝထူးခြား အံ့ဖွယ်ရာများကြောင့်လည်း တရုတ်ပြည်တွင်းမှာသာမက ကမ္ဘာတစ်ဝန်းရှိ ခရီးသွားတွေကြားမှာ လူသိများထင်ရှားလှပါတယ်။

ကျန်းစုပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ နန်ကျင်းမြို့ (Nanjing) မြို့ဟာလည်း ကမ္ဘာ့စာပေမြို့တော်တစ်ခုဖြစ်ပြီး သမိုင်းကြောင်းရှည်ကြာလှတဲ့ ယဉ်ကျေးမှုပေါင်းစုံ စုဝေးတည်ရှိရာ နေရာဖြစ်ပါတယ်။

နန်ကျင်းမြို့ဟာ တရုတ်ပြည်ထဲမှာရှိတဲ့ မြို့များအနက် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးသမိုင်းရာဇဝင်များဖြင့် နာမည်ကျော်ကြားသော မြို့ဖြစ်ပါတယ်။ဒါ့အပြင် နန်ကျင်းမြို့ဟာ တရုတ်ပြည်၏ ရှေးမြို့တော်ဟောင်းကြီး ၄ မြို့ စာရင်းဝင်ဖြစ်ပါတယ်။တရုတ်သမိုင်းတွင် နန်ကျင်းမြို့ဟာ မင်းဆက်ပေါင်း ၆ ဆက်ရဲ့ မြို့တော်ဖြစ်ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံ၏ အကြီးဆုံးပြတိုက်များထဲမှ တစ်ခုဖြစ်တဲ့ နန်ကျင်းပြတိုက်ဟာလည်း ခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။နန်ကျင်းပြတိုက်ဟာ တရုတ်နိုင်ငံတွင် ပထမဆုံးတည်ထောင်သည့် ပြတိုက်များထဲမှ တစ်ခုဖြစ်ပါတယ်။ပြတိုက်ထဲမှာ အထူးထင်ရှားသည့် ကမ္ဘာ့အကြီးဆုံး ကြွေထည်လက်ရာများကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

လက်ရှိ နန်ကျင်းမြို့တွင် ယန်စီမြစ်အပျော်စီးသင်္ဘောပေါ်၌ လိုက်ပါစီးနင်းပြီး မုဖူတောင် (Mufu) ၊ ချယ်ရီပန်းလမ်းမ၊ ယန်စီမြစ်ကူးတံတား၊ မြစ်ကမ်းရှုခင်းလမ်းသွယ် စသည့် သာယာလှပသော ရှုမြင်ကွင်းများကို ကြည့်ရှုခံစားနိုင်တာကြောင့် ခရီးသွားတွေကို ကျေနပ်နှစ်သက်မှုပေးစွမ်းနိုင်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

မြင့်မားမတ်စောက်သော ဇီကျင်းတောင် (Zijin) နှင့် ကျယ်ပြောလှသော ရွှမ်ဝူရေကန် (Xuanwu) တို့သည် နန်ကျင်းမြို့ကို သဘာဝအလှများဖြင့် ခြယ်မှုန်းပေးထားပါတယ်။

ညအချိန်တွင် မီးရောင်ထိန်ထိန်လင်းနေသည့် ကွန်ဖြူးရှပ်ဘုံကျောင်း (Fuzimiao) ၊ စည်ကားသော (Xinjiekou) နေရာများတွင် ခြေလျင်ဖြင့်ဖြစ်စေ၊ ချင်ဟွိုင်မြစ် (Qinhuai) တစ်လျှောက် အပျော်စီးလှေ လိုက်ပါစီးနင်း၍ဖြစ်စေ ကျင်းလင်ရှေးဟောင်းမြို့ (Jinling) (နန်ကျင်းမြို့၏ ရှေးခေတ်အခေါ်အဝေါ်) ၏ ရှေးယခင်အချိန်မှ ယနေ့အထိ ခမ်းနားထည်ဝါပုံများကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်ပဲ တရုတ်ပြည်၏ ရှေးမြို့တော်ဟောင်းကြီး ၄ မြို့ စာရင်းဝင်ဖြစ်တဲ့ နန်ကျန်းမြို့ဟာ လေ့လာလည်ပတ်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။

ခန့်မောင်