【 ဆောင်းပါး 】 ပုဂံခေတ်ကစတဲ့ တောင်ပြုန်းပွဲ (၁)

【 ဆောင်းပါး 】 ပုဂံခေတ်ကစတဲ့ တောင်ပြုန်းပွဲ (၁)

ဟို တောင်ပြုန်းဆို ပွဲတော်ကြီး နီးလာပြီ၊*** ဟေး ယောက်ဖရေ နောက်ကနေခေါ်နေပြီ*** အိမ်ကိုမြန်မြန်ပြန်ပါ ကလေးလေးငိုနေပြီ***  အပြည့်အစုံမဟုတ်တဲ့ ဆရာမြို့မငြိမ်းရဲ့သီချင်းလေး တစ်ပိုင်းတစ်စပါ။

ဒီသီချင်းလေးကို တောင်ပြုံးပွဲနီးရင် သတိရတတ်ပါသည်၊ ကျနော့်သူငယ်ချင်းတွေလည်း သတိရကြမည် ထင်ပါသည်။ဘာကြောင့်သတိရသလဲဆိုရင် အသောက်အစားလေးနှင့်လည်း တွဲနေကြသောကြောင့်ဖြစ်ပါသည်။

တောင်ပြုန်းပွဲက ဝါခေါင်လထဲမှာ ကျင်းပခြင်းဖြစ်သည်။အောက်ပြည်မိုးများတဲ့အရပ်ကတော့ မိုးရွာလို့ကကောင်းတုန်း၊ ဒီအချိန်နှင့် နှိုင်းယှဉ်ရလျှင် အထက်က အောက်ပြည်လောက် မိုးမများ၊ ကျနော့်မိတ်ဆွေများက မန္တလေးဘူတာအရှေ့ဘက် ဗထူးကွင်းဘက်မှာရှိသည်။ဘူတာကြီးအနီးမှာတော့ လူထုစာအုပ်တိုက်ရှိသည်။ဦးထွန်းဦးစာပေဖြန့်ချိရေးရှိသည်။ယူနီစံလက်ဘက်ရည်ဆိုင်ရှိသည်။လက်ဘက်ရည်ဆိုင်က အခုပိုများလာသည်။တွေ့သော စာရေးဆရာတွေလည်းများလာသည်။

ကျနော်ခရီးထွက်မိတိုင်း ရက်ကိုကန့်သတ်ထား၍မရ။အောက်ပြည်ကတက်လာတော့ စီးပွားရေးလုပ်ငန်းကိစ္စပါလာသည်။ချောက်မှာ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များရှိသည်။ချောက်ဘက်၊ ဆိပ်ဖြူဘက်မှ မီးသွေးလုပ်ငန်းသမားတွေဖြစ်သည်။အဲဒီမိတ်ဆွေများကိုလည်း အချိန်ပေးရသည်။ရေပေါ်ကျွန်းကြီး၊ ထန်းတပင်၊ တညောင်တို့မှာ မီးသွေးလည်း တစ်ဖက်တစ်လမ်းက လုပ်ကြသော ကိုင်းကျွန်းသမား ရွာကြီးတွေရှိသည်၊ အဲဒီကကိစ္စများပြီးစီးလျှင် ရန်ကုန်ပြန်ဖို့ပဲရှိတော့သည်၊

ကျနော်နှင့်က ကိုသိန်းထွန်းနှင့် သိန်းဟန်ကြီး အဖော်နှစ်ယောက်ပါသည်။အချိန်လည်းရသေးသည်နှင့် မန္တလေးဆီ အာရုံကျသွားကြသည်၊ သို့နှင့် ချောက်-မန္တလေး ကားလက်မှတ်ဖြတ်ကာ လိုက်သွားကြသည်။အခုတော့ ခြေရှည်ကြဦးမည်ပေါ့။

ဇနီးသည်က ဖုန်းဆက်တော့ ကျနော်တို့က မိတ္ထီလာရောက်နေကြပြီဖြစ်သည်၊ ဘယ့်နှယ် ချောက်သွားတာ မိတ္ထီလာရောက်နေရတယ်လို့။မန္တလေးရောက်မှပဲ ဖုန်းထပ်ဆက်သည်။အဲဒီကျမှ ကျနော်ခြေရှည်တာ သိသွားတော့သည်။ယခုရောက်ရှိသော မိတ်ဆွေမှာ စာရေးဆရာဖြစ်သလို နိုင်ငံရေးသမားလည်းဖြစ်သည်။သူ့အိမ်မှာ ရက်စ်တော့ရင့်စားသောက်ဆိုင် ဖွင့်ထားသည်။ရေကန်အသင့် ကြာအသင့်ပဲဖြစ်သည်။

သူ့အိမ်မှာ တစ်ညအိပ် တစ်ရက်နှစ်ရက်တော့ ပျော်ပျော်ပါးပါး။အပြန်လမ်းစရိတ်မရှိလျှင်ပြတ်လျှင် မိတ်ဆွေများ တာဝန်မပိုအောင် နာရီချွတ်ရောင်းကြရန်လည်း ညှိထားကြသည်။အားလုံပျော်ရွှင်ကြဖို့ အခြေအနေကို ဝယ်ယူရန်လည်းအဆင်သင့်၊ အဲသည်မှာ တောင်ပြုန်းပွဲကျင်းပချိန်နှင့် တိုက်ဆိုင်သဖြင့် စိတ်ကူးသစ်ကပေါ်လာပြန်သည်။ဘယ်သူမှမတားနဲ့သွားမယ်။စိတ်က အဲသလို။သို့နှင့် ဘူတာကိုရောက်သွားကြသည်။ရထားကလည်း ထွက်လုထွက်ခင်။ဘူတာကြီးထိပ်ဘက်မှာက ဘတ်စ်ကားလေးငါးစီးက “တောင်ပြုန်း တောင်ပြုန်း” ဟု အော်နေ ခေါ်နေသည်။ဒီမှာကလည်း အရက်ရှိန်လေးနှင့် ထွေနေသည်။

စာရေးဆရာတစ်ယောက်က “ငါတို့က လက်ဝဲတွေ တောင်ပြုန်းနဲ့ ဘာဆိုင်သလဲ” ဟု အငေါ်တူးသည်။သို့နှင့် ရထားထွက်သွားသည်။ခုနက သူငယ်ချင်းကိုလည်း ပြန်ခိုင်းလိုက်သည်။

“ကိုးကွယ်တာ မကိုးကွယ်တာ ကမ္ဘာမှာလည်း အခုထိပြောရဆိုရတုန်းပါ။မိဘဘိုးဘွား ရိုးရာအမွေ ရိုးရာယဉ်ကျေးမှုလို့ သဘောထားလိုက်ပေါ့။စင်ကာပူဆို ရိုးရာအမွေ ယဉ်ကျေးမှုအမွေမရှိလို့ အခုမှစလုပ်နေရတာ” ကျနော် ကိုယ်လိုရာ ကိုယ်ဆွဲပြောသော စကားသာဖြစ်ပါသည်။အဓိကမှာ မရောက်ဖူးသောအရပ်၊ မကြုံဖူးသော ပွဲကို ရောက်ဖူးကြုံဖူးချင်တာ အဓိကဖြစ်သည်။

ဘူတာလိုက်ပို့သော မိတ်ဆွေကို ပြန်ခိုင်းလိုက်ပြီးနောက် “တောင်ပြုန်းနှစ်ယောက်လို တောင်ပြုန်းနှစ်ယောက်လို” ဟု အော်ခေါ်နေသော နောက်ဖွင့်ကျောမှီကားပေါ် ကျတော်တို့ရောက်သွားကြသည်။အချင်းချင်းကိုလည်း သေဖော်ညှိလိုက်သေးသည်။ “ယောက်ျားဆို စုံမှကွ” ပျော်ပျော်နေတတ်ကြသော ကျနော်တို့အဘိုးများခေတ်က အကြောင်းပြချက်တစ်မျိုးဖြစ်သည်။မဟုတ်လှသော အကြောင်းပြချက်ဖြစ်သည့်တိုင် ကျနော်တို့ခေတ် ယောင်္ကျားသားများအတွက် အသုံးတည့်နေသေးသည်။

                     ××××××××××××××××××××××

ရှေးခေတ် တောင်ပြုန်းပွဲသွားပုံကတော့ အိုးဘိုကို မြင်းရထားစီးသည်။အိုးဘိုကနေ တောင်ပြုန်းကို ငှက်သမ္ဗာန်စီးသွားကြသည်။ဒါက တိုးတိုးဝှေ့ဝှေ့ မသွားချင်သော အိန္ဒြေရှင်အပျိုများအတွက်က ပို၍နှစ်သက်စရာဖြစ်မည်။

ကာလသားတွေက တိုးစရာမလိုဘဲလျက် အသားချင်းထိရနည်းလားဟု တိုးကြပုံရပါသည်။အရင်ခေတ်တွေက နှစ်စင်းတွဲလောင်းလှေကြီးလုပ်၍ ကကြခုန်ကြနှင့်လည်း လာတတ်ကြသည်ဟု ကြားဖူးသည်။ယခုတော့ ချောင်းကလည်း ကောသွားလေပြီ။ပွဲလမ်းမပေါ်ရောက်တော့ လူတွေစည်နေပြီ။ဆိုင်းသံပတ်သံလည်း တချိမ်းချိမ်းကြားနေရလေပြီ။နတ်ကနားသဘောကတော့ ဆိုင်းကောင်းတာ မကောင်းတာထား အုံးဒိုင်းကြဲအောင် လက်ကိုမြှောက်၍မြှောက်၍ တီးလေ့ရှိကြသည်။ဟေ့ဟေ့ဝါးဝါး အော်ကြသည်ကလည်း အတော်အတန်ညံသည်။

ရန်ကုန်နတ်ပွဲကတော့ တစ်ပွဲတလေသာ တီးမှုတ်သံကြားရ၍ ဆူညံသည် မပြောနိုင်သော်လည်း ဒီမှာကတော့ လမ်းတလျှောက် ပွဲနန်းတွေ ရာဂဏန်းခန့်ပင်ရှိနိုင်သည်။ ၂၀၀၀-၂၀၀၁ မှာ ကိုဗစ်ကြောင့် ပွဲမဖြစ်၊ ၂၀၂၂- ပွဲဖြစ်သော်လည်း စတိလောက်သာဖြစ်သည်၊ ဒေသခံ နတ်ဆွေနတ်မျိုး နတ်ကတော်တွေသာ အကျဉ်းရုံးကြသည်ဟု ပြောကြသည်။

ကျနော်မှတ်မိသော နှစ်များထဲမှာပဲ ရန်ကုန်-မန္တလေးရထား မန္တလေးဘူတာဆိုက်ပြီဆိုလျှင် နတ်ကတော်တွေ အခြောက်တွေ ဘူတာထဲမှာ ပြည့်သွားသည်။ကားဖြင့် ဆက်သွားရန် ကြွက်စီကြွက်စီဖြစ်ကြသည်။အခြောက်တွေက မိန်းမအစစ်တွေထက် ဟန်ပိုများ၍ အသံလည်းပိုကျယ်လောင်ကြသည်။ယခုမူ သိပ်မဝေးလှသော နှစ်ပိုင်းကလေးမှာပင် အစစကွာခြားသွားသည်။တချို့မှာ မဖြစ်၍သွားကြရ စတိရောက်ကြရပုံမျိုးဖြစ်သည်။

မင်းညီနောင်ပွဲကို သြဂုတ်လလယ်ကနေ လကုန်လောက်အထိ ကျင်းပသည်၊ မြန်မာလိုတော့ ဝါခေါင် (၁၀) ရက်ကနေ ဝါခေါင်လပြည့်ကျော် (၁) ရက်အထိ ကျင်းပသည်။ဝါခေါင် (၁၀) ရက်က (၂၆.၈.၂၃) စနေနေ့ကျသည်။အရင်ကျင်းပခဲ့ပုံအတိုင်း ထိန်းသိမ်းခဲ့သည်တဲ့။သူတို့ပဲ ကျေးဇူးတင်ရသေးသည်။တောပြုန်းမင်းညီနောင်ပွဲသည် မင်းတုန်းမင်းလက်ထက်တော်ကြီးနှင့် သီပေါမင်းလက်ထက်တော်ကလေးမှာ ထင်ရှားစည်ကားလာသည်ဟု ရွာခံသက်ကြီးများက ပြောပြသည်။ဝါခေါင်လဆန်း (၁၀) ရက်မှာ မင်းနှစ်ပါး ညီတော်၊ နောင်တော် ညီလာခံဝင်သောနေ့ အထိမ်းအမှတ်နေ့ဟု သိရသည်။ညီလာခံဝင်ရသော ဘုရင်မှာ အနော်ရထာမင်းကြီးဖြစ်သည်၊ မင်းညီနောင် ထုပ္ပတ်မှာ မူကွဲတွေရှိသည်။တကယ်ဆို နှုတ်ပြောတွေကနေ အဆင့်ဆင့်လာရသည်။နှုတ်ဆင့်ကမ်းလာကြခြင်းပဲဖြစ်ပါသည်။

ပုဂံရာဇဝင်တောင် ဓားထမ်းတုတ်ထမ်း ပြောရသည်ဆိုမှတော့ မင်းညီနောင်ရာဇဝင်မှာ အဆွယ်အပွားသာဖြစ်သည်။ပုဂံကျောက်စာပင်လျှင် ပြည့်စုံလှသည် မဆိုနိုင်သေး။ပညာရှင်တစ်ယောက်ရဲ့စကားကို အလွယ်ဆွဲသုံးသလိုဖြစ်မှာလည်းစိုးပါသည်၊ ဆရာ ဒေါက်တာသန်းထွန်းကတော့ သူ၏ “ပါးစပ်ရာဇဝင် - ၁ - နှုတ်ပြောကို သက်သေတည် - သမိုင်းဆောင်းပါး” မှာ ဒီလိုပြောဖူးသည်။

“နှုတ်ပြောမို့မရေရာ၊ ရေးမှတ်မှသေချာ၊ ဒီလိုပဲယူကြတယ်။ဒါပေမဲ့ ပိဋိကတ်သုံးပုံကို အလွတ်ရွတ်ပြီး အစဉ်အဆက်မှတ်ခဲ့ကြတယ်လို့ ရဲရဲဝံ့ဝံ့ပြောသူကပြောရင် နားလည်တဲ့သူက သာဓုခေါ်တယ်။သံသယစိတ် လုံးဝမရှိဘူး။ဒီလိုဆိုရင် သမိုင်းအထောက်အထားထဲမှာ ပါးစပ်ရာဇဝင်ကလည်း အရေးပါတဲ့ အထောက်အထားတစ်ခုတော့ဖြစ်ပြီပေါ့။ဒါကို အလျင်စလိုပြောတာ မဟုတ်ဘူး။”

ဗဖူးနှင်းဆီ