【 ဆောင်းပါး 】 ဖျပ်ကနဲ ခုန်တက်ပြန်တဲ့ သင်္ကြန်ကုန်စျေးနှုန်းတွေ

【 ဆောင်းပါး 】 ဖျပ်ကနဲ ခုန်တက်ပြန်တဲ့ သင်္ကြန်ကုန်စျေးနှုန်းတွေ

သင်္ကြန်ရောက်ပြီဆို စျေးသွားရတာ စိတ်ညစ်ရသည်။
 
ဘာကြောင့်ဆို စျေးကို အရင်လို နောက်ကျမှ သွားလို့မရတော့။
 
တချို့စျေးသည်တွေက သင်္ကြန်တွင်း ဥပုသ်စောင့်ရန် နားကြသည်။တချို့ကတော့ ရွာပြန်ကြသည်။ရွာပြန်ကျသည်လို့ လွယ်လွယ်ဆိုရသော်လည်း တကယ်က သူတို့နေရာ မြစ်၀ကျွန်းပေါ်၊ အညာ၊ ရခိုင် စသည့် နေရာတွေ။
 
ကျနော်နေသည့် ရပ်ကွက်မှာ ဖွင့်ထားသည့် စျေးလမ်းတစ်လျှောက် ကုန်စိမ်းစျေးသည်အများစုမှာ အညာသည်တွေ၊ ရခိုင်သည်တွေများသည်။ယခု အညာနှင့် ရခိုင်မှာက ပြန်လို့မရအောင်ဖြစ်နေတော့ စျေးသည်တွေ မပြန်ကြ။ရန်ကုန်မှာ ဖြစ်သလို ဆက်နေကြသဖြင့် စျေးထဲမှာ ကုန်စိမ်းသည်တွေ ဖောခြင်းသောခြင်း ဖြစ်နေသည်။
 
အသားငါးသည်ကတော့ ရန်ကုန်အခြေစိုက်တွေ များသည်။အထူးသဖြင့် ရပ်ကွက်ထဲက လူတွေကရောင်းတာ များသည်။ကိုယ့်ရပ်ကွက် ကိုယ့်လမ်း ကိုယ့်အိမ်ရှေ့မှာ စျေးထွက်ရောင်းကြတာဆိုတော့ ဒီလိုသင်္ကြန်ဆို စျေးရောင်းတာ နားကြသည်။စျေးရောင်းတာ နားသဖြင့် သားငါးရောင်းသည့် အသည်က နည်းသွားသဖြင့် သားငါးဝယ်လိုပါက သင်္ကြန်တွင်းဆို မနက်စောစောထွက်ရသည်။ဒီစျေးသည်တွေက မနက် ၈ နာရီလောက်ဆို ကုန်နေပြီ။ဒါကြောင့် သင်္ကြန်တွင်းစျေးဝယ်ထွက်မည်ဆို စျေးဝယ်သည့် အချိန်ကို ပုံစံပြောင်းရသည်။
 
ပုံစံပြောင်းရသည်ဆိုလို့ အများကြီးတွေးနေဦးမည်။တကယ်က တခြားတော့မဟုတ်။စျေးဝယ်ရင် လဘက်ရည်ဆိုင်ထိုင်ပြီးမှ ယခင်က စျေးဝယ်သည်။ယခု အဲဒီလိုမဟုတ်။စျေးဝယ်ပြီးမှ လဘက်ရည်ဆိုင်ထိုင်ရတာဖြစ်သည်။စျေးကို အရင်ဝယ်‌ပြီးမှ လဘက်ရည်ဆိုင်မှာ စျေးဆွဲခြင်းချကာ လဘက်ရည်သောက်၊ နာရီဝက်လောက် အလာပသလ္လာပပြောပြီး အိမ်ပြန် ဒီလိုဖြစ်သည်။
 
ဒီနေ့ သင်္ကြန်အကျနေ့ဆိုတော့ လမ်းမှာ ကလေးအချို့ ရေကစားဖို့ ရေပုံးလေးတွေ ရှေ့ချနေကြသည်။လူကြီးတချို့ကတော့ ကလေးတွေ ရေကစားဖို့ ရေဇလားလေးတွေ ပိုက်လေးတွေ ရှေ့ချပေးနေသည်။လမ်းသွားလမ်းလာတချို့တလေကို ရေလှမ်းပက်စပြုနေသည်။လမ်းမှာတော့ လူက သာမန်အချိန်ထက် ပိုရှင်းသည်။ညက မီးပျက်တာ နှစ်ခါဖျက်တာမိသဖြင့် လူတိုင်း အပူဒဏ်ကြောင့် နုံးချိနေကြသည်။ဒီတော့ မနက်စောစော မထနိုင်တာလလည်းပါမည် ထင်သည်။
 
စျေးထဲမှာ ကုန်စိမ်းသည်တွေက စျေးလမ်းအ၀ကတည်းက ပုံနေသည်။အတာကြိုပန်းတွေ၊ အတာအိုးတွေ ရောင်းနေသည့် နေရာမှာ လူက များနေသည်။ယခင်နှစ်က အတာပန်းစျေး ဘယ်လောက်ပေးရသလဲ မမှတ်မိတော့။ဒီနှစ်တော့ အတာပန်းက တစ်စည်း တစ်ထောင်။အတာပန်းစည်းထဲ တံခွန်ကုက္ကားလည်းပါသည်ဆို ၁၅၀၀ ကျပ်၊ အတာအိုးက ၁၅၀၀။ငွေသုံးထောင်ကုန်မှ သိကြားမင်းကို ကြိုလိုရမည်။သိကြားမင်းကို ကြိုတဲ့ ကုန်ကျစရိတ် တစ်နိုင်ငံလုံးဆိုရင် မနည်းမနော။လောလောဆယ်တော့ အတာကြိုသည့် ပန်းစျေးကွက်နှင့်တင် စီးပွားရေးသမားတွေ တစ်နှစ် တစ်ခါ တွက်ချေကိုက်နေပြီ။
 
စျေးထဲမှာ ကုလားဟင်းချက်မယ်ဆိုပြီး ကုလားပဲစျေးမေးတော့ တစ်ဆယ်သား ၈၅၀ တဲ့။ဒါ ဒီရက်ပိုင်း စျေးနည်းနည်းထပ်တက်သွားတာ၊ ကုလားပဲမသုံးဘဲ တခြားပဲသုံးမယ်ဆိုတော့ ပဲဝါလေးက စျေးသိပ်မကွာ။တစ်ဆယ်သား ၇၀၀ ကျပ်တဲ့။တစ်ရာ့ငါးဆယ်ပဲကွာတော့ နှစ်ဆယ်သားဆို သုံးရာ။မထူးပါဘူး။တခြားဟာမှာ လျှော့လိုက်မယ်ဆိုပြီး ကုလားပဲခြမ်း နှစ်ဆယ်သား ဝယ်လိုက်သည်။နောက်ရက်မှာ ကင်ပွန်းရွက်ငပိချက်နှင့် ပဲရေပွကြော် စားမည်ဆိုပြီး စျေးမေးတော့ ပဲရေပွ တစ်ဘူး ၁၂၀၀ ကျပ်၊ ကင်ပွန်းရွက်က တစ်စည်း ၅၀၀။ဆူးပုတ်ရွက်လေး မေးတော့ တစ်စည်း ၂၀၀၊ ရွှေဖရုံသီးက တစ်စိပ် ၆၀၀၊ ခရမ်းချဉ်သီးတွေက တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးက ၃၀၀၀။ဒီအသီးတွေကို ရှေ့ရက်တွေက ၁၀၀၀ သာ ပေးရသည်။မုန်ညှင်းတို့ဖို့ မေးတော့ တစ်စည်း ၄၀၀၊ ဘူးသီးက တစ်လုံး ၁၅၀၀။ဒါအကြီးမဟုတ်။ကိုင်းသီးလို့ခေါ်သည့် အသီးသေးတွေ။ဘုံလုံသီး တစ်တောင့် ၇၀၀၊ ဂေါ်ရခါးသီးက တစ်လုံး ၅၀၀။အသီးအရွက်စျေးတွေက ယခင်တုန်းက အသားစျေးနီးပါး။
 
ပဲကုလားဟင်းထဲ ထည့်ဖို့ ကြက်သားသည်ဆီသွားပြီး ကြက်ခြေထောက်စျေး မေးတော့ တစ်ဆယ်သား ၉၀၀၊ CP ကြက်အသားစျေးတောင် တစ်ဆယ်သား ၁၂၀၀ ဆိုပဲ၊ ကြက်ပေါင် တစ်ခြမ်းဆို ၂၀၀၀၊ ရင်ပုံတစ်ခြမ်း ၃၀၀၀ ဗမာကြက်သာဆို တစ်ဆယ်သား ၁၈၀၀ တောင်တဲ့။
ဆိတ်သားစျေးဘက်လှည့်တော့ တစ်ဆယ်သား ၂၈၀၀၊ ဝက်က ပေါင်သားဆို တစ်ဆယ်သား ၁၆၀၀ သုံးထပ်သားဆို တစ်ဆယ်သား ၁၅၀၀၊ ဝက်နံရိုးဆို တစ်ဆယ်သား ၁၂၀၀၊ အမဲသားကလည်း တစ်ဆယ်သား ၂၂၀၀၊ အမဲပုဆိုးကြမ်းက တစ်ဆယ်သား ၁၈၀၀ ဈေး။
 
စျေးတစ်ပတ်လှည့်ပြီး စျေးနှုန်းတွေမေးကာ ရင်ဘတ်ကိုဖိနေရမယ့်အဖြစ်။
 
စျေးထဲ ကိုယ်ကရင်ဘတ်ဖိနေသော်လည်း အသားသည်တွေကို ကိုယ်မေးနေတုန်း တချို့အသားတွေက ကုန်နေပြီ။ကြက်ခြေထောက် နှစ်ဆယ်သားလောက်ဝယ်၊ ငါးကြင်းလေး ၃၀ ဆယ်သားလောက်၊ နောက် ဗူးသီးလေး ၂၀၀ တန် တစ်စိပ်။ဒါလေးဝယ်ပြီး လဘက်ရည်ဆိုင်ကို ဝင်ကာ လဘက်ရည်ဝင်သောက်သည်။
 
လဘက် ရည်ဆိုင်မှာက ၈ နာရီဆိုတော့ လူစုံနေပြီ။စျေးဝယ်ပြန်လာသော ကျနော့်ကိုကြည့်ပြီး စျေးဝယ်ကြီး ဘာတွေဝယ်လာတုန်းဗျဟုဆိုသည်။
 
လဘက်ရည်သောက်ရင်း စျေးတွေတက်တာ ပြောကြသည်။လဘက်ရည်ဆိုင်ရှင်ကတော့ သင်္ကြန်ပြီးရင် လဘက်ရည်စျေးတက်ရမလိုဖြစ်နေပြီဟု စကားစသည်။
 
အသိတစ်ယောက်က “ဟေ့လူ .. ခင်ဗျားတို့ လဘက်ရည်ဆိုင်တွေ သင်္ကြန်ပိတ်ပြီးတိုင်း စျေးတက်နေတာ ထုံးစံဖြစ်နေတာကြာပြီ။ဘာတွေ အပိုတွေ လာပြောနေတာလဲ။တက်မယ့်ဟာ တက်။ကျနော်တို့လည်း သောက်နိုင်ရင် သောက်။ မသောက်နိုင်ရင် မသောက်ဘဲနေ ဒါပဲရှိတယ်။ဘာတတ်နိုင်မှာလဲဟု ဘုတောသည်။ကျန်တဲ့သူတွေကတော့ စျေးတွေတက်တာကို ငြီးငြီးငြူငြူ။
 
ကျနော်ကတော့ ဆိုင်သောက်ပါဆယ် ၁၂၀၀ ဖြစ်နေသည့် လဘက်ရည်ပါလေရုံကိုကြည့်ပြီး နောက်ဆို လဘက်ရည်တိုင် တစ်လျက် ဘယ်လောက်ဆိုတာမျိုးတောင် ဖြစ်လေမလားဟု တွေးမိသည်။ပြီးတော့ တစ်ဆယ်သား ၂၈၀၀ စျေးရှိသည့် ဆိတ်သား ဘယ်အရသာမျိုးဖြစ်နေပြီလဲဆိုတာကိုလည်း တွေးမိသည်။
 
စျေးတွေက တက်ပြီးရင်း တက်နေသည်။စျေးတွေနှင့်အတူ လူတွေ သောကမှာလည်း အတက်ချည်းသာ။ဝယ်ရခြမ်းရ သွားရလာရ အဆင်ပြေသည့် ယခင်အချိန်တွေကိုသာ ပြန်တမ်း ‘တ’ မိတော့သည်။
 
ရှိနေတုန်းက တန်ဖိုးမထားမိသည့် အရာတွေကို ပြန် ‘တ’ မိသား။
 
ဪ … စားဝတ်နေရေးက ဝဲဂယက်မဟုတ်တော့ ဘဲ ဝဋ်တစ်ခုဖြစ်လာပါလားဟု လဘက်ရည်ဆိုင်ကနေ အိမ်အပြန်လမ်းတစ်လျှောက် တွေးနေမိတော့သည်။
 
ဒီလိုအပူတွေကြောင့် ကလေးတွေပက်သည့် ရေလည်း လူ့စိတ်ကို မလန်းစေတော့။
 
သန့်စင် (DA)
Photo Credit - Myanmar Digital News