【 ဆောင်းပါး 】 မနစ်မျောစေနဲ့

【 ဆောင်းပါး 】 မနစ်မျောစေနဲ့

တစ်ခါက လူတစ်ယောက်သည် တောထဲမှာ ကြောက်စရာကောင်းသည့် ဧရာမသတ္တဝါကြီးတစ်ကောင်နှင့်တွေ့ပြီး ထိုအကောင်ကြီးလိုက်လို့ အသည်းအသန်ပြေးခဲ့ရသည်။အကောင်ကြီးက ထက်ကြပ်မကွာလိုက်နေတော့ သူလည်းမြန်သထက်မြန်အောင် ပြေးရသည်။

တစ်နေရာအရောက်မှာတော့ သူသည် တွင်းဟောင်းကြီးတစ်ခုထဲကို ရုတ်တရက်ပြုတ်ကျသွားသည်။ သူလည်း ကြောက်အားလန့်အားနှင့် ဆွဲမိဆွဲရာဆွဲလိုက်သောအခါ သစ်မြစ်တစ်ခုကိုကိုင်မိပြီး တန်းလန်းကြီးဖြစ်နေသည်။

တွင်းအောက်ကို ငုံ့ကြည့်တော့ တခြားသတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။အစွယ်အဖွေးသားနှင့် ပါးစပ်ကြီးဖြဲထားသည်။အပေါ်မော့ကြည့်ပြန်တော့ ပထမသတ္တဝါကြီးက တွင်းနှုတ်ခမ်းကနေ သူ့ကိုစောင့်နေသည်။သူ့အသက်က အပေါ်တစ်ကမ်း အောက်တစ်လှမ်းမှာရှိနေသည်။သို့သော်လည်း သူဖမ်းဆွဲထားသော သစ်မြစ်ကို သူလက်မလွှတ်သမျှ သူမသေနိုင်ဘူးလို့ စိတ်သက်သာရာရနေဆဲမှာ အားငယ်စရာတစ်ခုကို မြင်လိုက်ရပြန်သည်။သူကိုင်ထားသော သစ်မြစ်က ဆွေးနေလို့ တဗျစ်ဗျစ်မြည်နေပြီး စက္ကန့်ပိုင်းအတွင်းမှာ သူအောက်ကိုပြုတ်ကျဖို့ သေချာနေပြီဆိုတာ သိလိုက်ရသည်။ဒီအချိန်မှာပဲ သူ့မျက်နှာက ဝမ်းသာအားရဖြစ်သွားသည်။သစ်မြစ်ပေါ် က တစ်ရွက်တည်းသော သစ်ရွက်လေးမှာ ပျားရည်တစ်စက်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။သူသည် ပျော်ရွှင်သောမျက်နှာနှင့် ပျားရည်စက်လေးကို အားပါးတရလျက်လိုက်ရင်း ချိုမြိန်သောအရသာကို ခံစားပီတိဖြစ်ရင်း လက်ရှိကြုံတွေ့နေရသည့် သေခါနီးအခြေအနေလေးကို ခေတ္တခဏမေ့နေခဲ့သည်။

နိုင်ငံခြားစာရေးဆရာတစ်ယောက်၏ ဆောင်းပါးထဲက ဥပမာပေးထားသည့် စိတ်ကူးယဉ်အဖြစ်အပျက်လေးပါ။လူတွေဟာ သေမယ်ဆိုတာ သေချာပြီး ရှုပ်ထွေးပွေလီလှတဲ့ လောကကြီးမှာ ခဏတာသာယာမှုလေးတွေနှင့် ပျော်ရွှင်ကျေနပ်နေကြတာကို စာရေးသူကပြောချင်တာပါ။

တကယ်လည်းဟုတ်ပါသည်။လူတို့သည် သာယာမှုအပေါ် လွင့်မျောနေကြပါသည်။လူအများစုသည် သာယာမှုနှင့်တွေ့လျှင် မရှောင်နိုင်ကြပါ။အကယ်၍ ရှောင်နိုင်လျှင်တောင်မှ မရှောင်ဖြစ်ကြပါ။မရှောင်ချင်ကြပါ။
အန္တရာယ်ကိုလည်းမေ့၊ ကံကြမ္မာကိုလည်းမေ့၊ သံသရာကိုလည်းမေ့တော့သည်။

ထိုအခါမျိုးမှာ မေတ္တာလည်းပျက်၊ သစ္စာလည်းပျက်၊ ကိုယ်ကျင့်တရားလည်းပျက်ကြသည်။ပင်လယ်ရေသောက်မိသလို သောက်လေသောက်လေ ငတ်မပြေဖြစ်ကြလေသည်။

သာယာမှုအပေါ် လွင့်မျောနေသူသည် ကောင်းကင်၌လွင့်မျောနေသော တိမ်နှင့် မခြားနားတော့ပေ။တိမ်သည် သူ့ဘာသူထိန်းချုပ်ရပ်တည်နိုင်သည့် အနေအထား အစွမ်းသတ္တိမရှိပါ။လေတိုက်တိုင်း အလိုက်သင့် လွင့်မျောနေရသည်။ဦးတည်ချက် ကန့်သတ်ချက်မရှိဘဲ ရွေ့လျှားနေရသည်။အသွင်အမျိုးမျိုးပြောင်းကာ နောက်ဆုံးတွင် လုံးဝပျက်စီးသွားရသည်။

လူသည်လည်း လောဘ၏ စေခိုင်းရာသို့ ကိုယ်ပိုင်ခံယူချက်၊ ဦးတည်ချက်၊ ကန့်သတ်ချက်မရှိဘဲ သာယာမှုတစ်ခုတည်းနှင့် တွေဝေမိုက်မဲစွာ ကျေနပ်နေလျှင် လွင့်မျောတိမ်တိုက်များပမာ အဓိပ္ပါယ်ကင်းမဲ့နေပါလိမ့်မည်။

ငါးရာ့ငါးဆယ်လာ သိင်္ဂါလဇာတ်ထဲမှာ ရသတဏှာပေါ် နစ်မျောမိသော မြေခွေးအကြောင်းပါ။ဘုရားလောင်းသည် မြေခွေးဘဝတစ်ခုတွင် ဂင်္ဂါမြစ်အနီး တောတစ်ခုမှာနေသည်။တစ်နေ့ အစာရှာထွက်လာခဲ့ရာ မြစ်ထဲမှမျောလာသော ဆင်သေကောင်တစ်ကောင်ကို တွေ့ရသည်။သူ့တစ်သက် စားမကုန်နိုင်သော အသားတုံးကြီးရပြီဟု ဝမ်းသာအားရဖြစ်သွားသည်။

ပထမဆုံး ဆင်သေ၏ နှာမောင်းကို စ၍ကိုက်သည်။ခြောက်ပြီးမာနေသဖြင့် ဘယ်လိုမှကိုက်၍မရပေ။အစွယ်၊ နားရွက်၊ ဝမ်းဗိုက်၊ ခြေထောက်၊ အရိုးတို့ကို တစ်ခုပြီး တစ်ခု ပြောင်း၍ကိုက်သည်။မည်သည့်နေရာမှ ပျော့ပျော့ပြောင်းပြောင်းမရှိသဖြင့် လုံးဝကိုက်ဖဲ့လို့မရပေ။နောက်ဆုံး စအိုဝကို ကိုက်ကြည့်ရာ နူးညံ့သောအတွေ့အထိနှင့် အရသာကို ခံစားလိုက်ရသည်။စအိုပေါက်ဝမှတစ်ဆင့် ဆင်သေကြီး၏ ဝမ်းဗိုက်အတွင်းသို့ ရောက်သွားသည်။အသည်း၊ အညှို့၊ နှလုံး စသည်တို့ကို တစ်ခုပြီး တစ်ခု စားသည်။ရေငတ်လာလျှင် သွေးကိုသောက်သည်။အိပ်ချင်လာလျှင် ဝမ်းရေပြားပေါ်တွင် အိပ်လိုက်သည်။ဆင်သေကောင်၏ ဝမ်းဗိုက်အတွင်းပိုင်းသည် မြေခွေးအတွက် အစစအရာရာ အဆင်ပြေလှပေသည်။

အချိန်တွေကြာလာသည်နှင့်အမျှ ဆင်သေကောင်၏ အသားတို့သည် ခြောက်၍ တွန့်လာသည်။အပေါက်ဝတွေလည်း ပိတ်ကုန်သည်။အသားတွေ အသွေးတွေလည်း ခန်းခြောက်ကုန်ပြီ။အလင်းရောင်လည်းမရ အသက်ရှူလို့ကလည်း သိပ်မရချင်တော့။အထဲမှာ မည်းမှောင်ပိတ်လှောင်နေပြီး မြေခွေးအဖို့ ဆင်သေကောင်၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ဘယ်လိုနည်းနှင့်မှ ပြန်ထွက်ဖို့ မလွယ်ကူတော့ချေ။ကြာလျှင် အထဲမှာပိတ်လှောင်ပြီး သေဖို့သာရှိတော့လေသည်။

ကံကောင်းထောက်မသဖြင့် သုံးရက်ခန့်အကြာတွင် မိုးရွာသွန်းသည့်အတွက် ဆင်သေကောင်သည် ရေနှင့်ထိတွေ့ကာ အသားများပွတက်လာသည်။စအိုပေါက်နေရာလည်း အနည်းငယ်ပွင့်လာ၏။မြေခွေးလည်း ဝမ်းသာအားရနှင့် စအိုပေါက်အဝ ကျဉ်းကျဉ်းကျပ်ကျပ်လေးမှ အတင်းတိုးထွက်လိုက်ပြီး ဆင်သေကောင်နှင့်ဝေးရာသို့ အပြေးအလွှား ထွက်သွားလေသည်။သူစားရသည့် သုခချမ်းသာနှင့် ခံစားခဲ့ရသည့် ဒုက္ခဆင်းရဲကို နှိုင်းယှဉ်စဉ်းစားရင်း ဘယ်သူမပြုမိမိမှုဆိုတာလို ကိုယ့်လောဘနှင့် ကိုယ်ခံရတာပဲလို့ ကောင်းစွာသဘောပေါက်သွားလေသည်။မြေခွေးသည် အစားအတွက် အသက်ပေးရတော့မည့် အခြေအနေအထိ သာယာမှုအပေါ် နစ်မျောနေခဲ့သည်။ကံကောင်းလို့သာ အသက်မသေခဲ့ရခြင်းဖြစ်သည်။

လူတွေက ပိုခံစားတတ်တော့ ပို၍သာယာတတ်သည်။ပို၍နစ်မျောတတ်သည်။တချို့က အစားအသောက်အပေါ်မှာ သာယာပြီး နစ်မျောသည်။တချို့က အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းကို မက်မောနစ်မျောသည်။တချို့က ရာထူးနှင့် အာဏာအပေါ် သာယာနစ်မျောသည်။ လူအများစု လောဘတက်ပြီး အနစ်မျောဆုံးကတော့ ငွေကြေးဂုဏ်ဓနနှင့်ပတ်သက်၍ဖြစ်သည်။ငွေကြေးကို မရ ရအောင် ရှာသည်။အလုပ်ပိုကြိုးစားသည်။တချို့ကျတော့ အလုပ်နှစ်ခုသုံးခုလုပ်ကာ အပင်ပန်းခံပြီး ငွေရှာသည်။ဒါက မတရားမလုပ်တတ်သည့် လူကောင်းများပါ။တချို့သော ဆိုးသွမ်းသူများကတော့ တရားသည်၊ မတရားသည်ကို ဂရုမစိုက်ဘဲ ငွေရရင်ပြီးရော လုပ်တတ်ကြသည်။

သာမန်ဆင်းရဲသားများအပေါ် မတရားငွေတိုးယူ၍ ပိုက်ဆံချေးပြီး စီးပွားရှာသည်။တချို့ကခိုးသည်။တချို့ကလုသည်။တချို့ကလိမ်လည်လှည့်ဖျားသည်။အဆိုးဆုံးလိမ်လည်လှည့်ဖျားတာကတော့ အလုပ်ရမည်လို့ မယုံ ယုံအောင် ပရိယာယ်အမျိုးမျိုးနှင့်လိမ်ပြောပြီး တစ်ခြားနိုင်ငံကို ရောင်းစားတာမျိုးဖြစ်သည်။သူတို့ကတော့ တကယ်ဆိုးသွမ်းသူများဖြစ်သည်။သူများအသက်သေတာ သူများဒုက္ခရောက်တာကို မျက်နှာအပြုံးမပျက်ဘဲ လုပ်ရက်သူများပါ။တချို့အဖမ်းခံရလည်း ထောင်ထဲကထွက်သည်နှင့် ဆက်၍လိမ်ဆဲ၊ ဆက်၍ရက်စက်ဆဲပင်ဖြစ်သည်။တကယ်ကို ငွေနောက်လိုက်ကာ ငွေကြေးဂုဏ်ဓနအပေါ်မှာ သာယာနစ်မျောနေသူများပါ။

ဆင်သေကောင်ထဲဝင်၍ သာယာနစ်မျောမိပြီး မသေရုံတမယ် ဒုက္ခရောက်သော မြေခွေးတောင် ရှေ့ဆက်မတိုးဘဲ၊ ရှေ့ဆက်မဆိုးဘဲ သာယာမှုအပေါ် နစ်မျောနေမှုကို ရပ်တန့်နိုင်ခဲ့သည်။တကယ်ကြောက်လန့်သွားခဲ့သည်။ အသိဉာဏ်ရှိပါသည်ဆိုသော လူသားတချို့က အသိမရှိ အရှက်ဗလာ အကြောက်အလန့်ကင်းမဲ့ပြီး ဒုစရိုက်ပင်လယ်ကြောမှာ အမျောကြီးမျောနေတာကတော့ အံ့သြကုန်နိုင်ဖွယ်ပါပဲ။

ရိုက်မောင်း
Photo - independent