【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၀

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၁၀

တိတိကျကျပြောရလျှင်၊ မာမီက ရွာလွတ်ရွာဇာတိဖြစ်ပါသည်။
 
အမေ့ဇာတိ မေးမြန်းသူများကို ဘီလူးကျွန်း၊ ချောင်းဆုံဘက်ကဟု သူအလွယ်ဖြေလေ့ရှိသည်။
 
မော်လမြိုင်မြို့ရှိ စိန့်မက်သရူးကျောင်းတွင် သူ မူကြို တန်း တက်ရသည်။ထို့နောက် မူလတန်းပညာကို ရွာလွတ်ရွာ၏ အရှေ့ပိုင်း၌ရှိသော မူလတန်းကျောင်းသို့ ပြောင်းရွှေ့သင်ကြားရပြန်ပါသည်။ မာမီ့ဇာတိ ရွာလွတ်၌ကလေးဘဝတွင်သာနေခဲ့ရသည်။ 
 
အရွယ်ရောက်လာချိန်၌ ရွာလွတ်သို့ ရံဖန်ရံခါသာ ပြန်ရောက်ဖြစ်သော်လည်း၊ ဘီလူးကျွန်း၊ ချောင်းဆုံ၊ ရွာလွတ်ဝန်းကျင်၏ သာယာလှပမှုများက သူ့ကို ဖမ်းစား စမြဲပင်။သည်မြေ၊ သည်ရေ၊ သည်ဝန်းကျင်သည် သူတို့ငယ်စဉ်က ယခုထက်ပို၍လှပသာယာ ကြောင်း သူမှတ်မိနေသည်။  
 
သူတို့ကလေးဘဝတုန်းက လူတွေကလည်း ယခုလောက် မများပြားသေး။ရာသီဥတုကလည်းမျှတသည်။သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကလည်း မပြောပလောက်သေး။သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ရမည်ဟူသော အပြောအဆိုများပင်မရှိသေး။သစ်ပင်ပန်းမန်များနှင့် စားပင်သီးပင်များ ပေါများလှ သည်။ရေကြည်ရေသန့်များ စီးဆင်းနေသည့်၊ မြစ်ချောင်းအင်းအိုင်များ ပတ်လည်ဝိုင်းလျက်၊ ရှုမငြီးသည့် သံလွင်မြစ်က်ြီးကလည်းရှိနေသည်။ပင်လယ်ဘက်သို့ထွက်ပြီး သန့်ရှင်းလတ်ဆတ်သည့် ပင်လယ်လေကို ရှူရှိုက်ရင်း ပင်လယ်ပြင်နှင့်အပြိုင် ပြာလဲ့နေသည့် မိုးကောင်းကင်အလှများကို ငေးမောနိုင်သည်။လတ်ဆတ်သည့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ ရေခဲရိုက်မထားသည့် ငါး၊ ပုစွန် လတ်လတ်ဆတ်ဆတ်များကို မစားချင်အဆုံး စားသောက်ကြရသည်။ဆော့ကစားစရာ မြေနေရာကျယ်ကြီးများနှင့် အရိပ်မိုးပေးနေသည့် သက်တမ်းရင့်သစ်ပင်ကြီးများအောက်၌ သူတို့ပျော်ရွှင်မြူးတူး ကစားခွင့်ရခဲ့ခြင်းများကား သူတို့ငယ်ဘဝတွင်ရခဲ့သည့် လက်ဆောင်မွန်များပါပေ။သူတို့ငယ်ဘဝ၌ ထိတွေ့ခဲ့ရသည့် သဘာဝတောတောင်ရေမြေများအကြောင်း ပြန်တွေးမိလျှင်၊ သည်ခေတ်ကလေးတွေကို သူသနားမိသည်။
 
သို့သော် ဘဝကံအကြောင်းက ရွာလွတ်မှ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်စေပြန်ပါသည်။သူ့အသက် ၅ နှစ် ၆ နှစ်ခန့်၊ နှမလေး မဖြူ ၃ နှစ်ကျော်ကျော်ခန့်တွင် မာမီက နောက်အိမ်ထောင်ထူသည်။မာမီ့ခင်ပွန်းက ရန်ကုန်၌ ကားဝပ်ရှော့ထောင်ထားသဖြင့် စမ်းချောင်း၊ မြေနုလမ်းသို့ သူတို့ပြောင်းရွှေ့နေထိုင်ကြရသည်။ဒက်ဒီ နောက်အိမ်ထောင်ထူသွားသည်မှာ မာမီ့ထက် စောသည်။မှတ်မှတ်ရရ သူတို့လမ်းထဲတွင် ရုပ်ရှင်မင်းသားကြီး ဗိုလ်ဗကိုနှင့် ကျော်ဆွေတို့၏ အိမ်များလည်းရှိနေကြပြီး၊ သူတို့အိမ်နှင့် မင်းသားကြီးကျော်ဆွေ့အိမ်က ပိုနီးသည်။သို့ဖြင့် ယခု စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင်နေရာ၌ရှိသော မူလတန်းကျောင်းတွင် သူပညာ ဆက်လက်သင်ကြားရသည်။မောင်နှမနှစ်ယောက် ဒက်ဒီနှင့် ရံဖန်ရံခါသာတွေ့ဖြစ်ကြတော့သည်။သူစာစရေးပြီး ဆောင်းပါးလေးများ ကြိုကြားဖော်ပြခံရလာချိန်တွင်၊ အထက်တန်းပြဆရာမဖြစ်နေပြီဖြစ်သည့် နှမ မဖြူက ရယ်သွမ်းသွေးတတ်သည်။
 
“ကိုကိုက ဒက်ဒီ့ကို ဘယ်လောက်စိတ်နဲ့မတွေ့ဘူး ပြောပြော၊ သွေးကစကားပြောနေတာပဲ၊ စာရေး စာဖတ်ဝါသနာပါကြတာ ကိုကိုနဲ့ ဒက်ဒီ တူနေတယ်လေ။ညီမနဲ့မတူဘူး” ဟု ထိုးနှက်တတ်သည်။ထိုအခါ သူ့မှာချေပရန် စကားလုံးများကို ရုတ်တရက်ရှာမတွေ့ဘဲ၊ အောင့်သက်သက်ဖြင့် နှမ၏ ထိုးနှက်ချက်ကို လက်ခံရသည်။သွေးအေးချိန်မှာတော့ ချေပစရာစကားလုံးများ ပေါ်ထွက်လာသည်။သို့သော် တစ်ဦးတည်းသော နှမငယ်လေးကို စကားနိုင်မလုရက်ပါ။သူက ရသစာပေ၊ သုတစာပေနှစ်မျိုးစလုံးကို နှစ်သက်ဖတ်ရှုသော်လည်း၊ ကဗျာမရေးတတ်။ဝတ္ထုမရေးတတ်ပါ။ဆောင်းပါးရေးစေကာမူ ပင်ကိုယ်ရေးနည်းပါးလှပြီး အမှီးနှင့် ဘာသာပြန်ဆောင်းပါးသာ အရေးများသည်။သူရေးသည့် ပညာရပ်နယ်ပယ်ကလည်းမများပြားပေ။ကျန်းမာရေး၊ ဆေးပညာပေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆောင်းပါးများသာ သူဘာသာပြန်ဖြစ်သည်။
 
ဒက်ဒီကတော့ ကဗျာစရေးခဲ့သတဲ့။ထို့နောက် ဝတ္ထုလည်းရေးသတဲ့။နောက်ပိုင်းတွင်မူ သတင်းထောက်လုပ်ရင်း သတင်းဆောင်းပါးများရေးသည်ဟု သိရသော်လည်း ဒက်ဒီ့စာများကို တစ်ပုဒ်တစ်လေပင် သူမဖတ်ဖူးပါ။ဒက်ဒီလည်း နေထိုင်ရာအရပ်ဒေသ အပြောင်းအရွှေ့များဟန်တူပါသည်။ရန်ကုန်၊ မာမီ့ဇာတိ ရွာလွတ်၊ ဒိုက်ဦး စ သည့်နေရာများတွင် ဒက်ဒီနေခဲ့သည်ဟု သိရသည်။နောက်ဆုံး ဒက်ဒီနေထိုင်သွားသည့် နေရာကား တောင်ဥက္ကလာပဖြစ်ပါသည်။
 
တောင်ဥက္ကလာပတွင် သူလေးစားသည့် ဆရာကြီးဦးအံ့မောင်နှင့် ဆရာတိုက်စိုး (ဦးသန်းထွတ်) တို့လည်း နေထိုင်ကြသည်။တောင်ဥက္ကလာပမြို့နယ်စာပေအဖွဲ့က သက်ကြီးစာရေးဆရာများကို ပူဇော်ကန်တော့သည့်အခါ ကန်တော့ခံစာရေးဆရာများထဲတွင် ထိုဆရာကြီးနှစ်ဦးနှင့်အတူ ဒက်ဒီလည်းပါသည်။ဆရာတို့နှင့်အတူ ကန်တော့ခံထဲပါဝင်သော ဆရာရွှေတည်စံသည် ကျွန်တော့်ဖခင်ပါဟု သူပြောဆိုခြင်းမရှိပေ။ထို့ပြင် ဘာသာပြန်နှင့် အမှီးဆောင်းပါးရေးသည့် သူ့ကိုယ်သူလည်း တစ်ခါမျှ စာရေးဆရာဟု မခံယူခဲ့ပေ။စာပေချစ်သူ၊ စာပေဖြင့် လူထုကို အသိပညာပေးလိုသူဟုသာ မိမိကိုယ်မိမိသတ်မှတ်ထားသည်။
 
ဆောင်းရာသီရောက်လျှင်၊ ရှမ်းပြည်၏ ပြင်းထန်သည့် ဆောင်းဒဏ်ကို ရှောင်ရန်၊ အောင်ပန်းမှ ရန်ကုန်သို့ ပြန်လာသည့် ဆရာဒဂုန်တာရာလည်း တောင်ဥက္ကလာပတွင် တစ်ဆောင်းခိုလေ့ရှိပါသည်။ ဆရာဒဂုန်တာရာက၊ သူ့တူမတော်စပ်သူ စာရေးဆရာမ သင်းမြစန္ဒီ၏ တိုက်ခန်းတွင် ဆောင်းခိုပြီး နွေပေါက်လျှင် အောင်ပန်းသို့ ပြန်ပါသည်။ဆရာ အောင်ပန်းသို့ ပြန်ခါနီး တစ်ရက်ရက်ရွေး၍ သူနှင့် ကိုအောင်ကြင်တို့ ဦးစီးပြီး သန်လျင်ရှိ ကိုအောင်ကြင်တို့ခြံတွင် ဆရာဒဂုန်တာရာ နှုတ်ဆက်ပွဲကို ကျင်းပကြပါသည်။
 
၁၉၉၅-၉၆ ခန့်ဟု ထင်၏။ခုနှစ်အတိအကျ သူ မမှတ်မိတော့ပေ။ထိုဝန်းကျင်တွင် ကိုအောင်ကြင်၏ အ ဒေါ်တစ်ယောက်က သန်လျင်၊ ထန်းပင်ကုန်း - ၇ လမ်းတွင် မြေကွက်များဝယ်သည်။ ထိုမြေကွက်များထဲတွင် ကိုအောင်ကြင်တို့ဝယ်သည့် မြေကွက်လည်းပါပုံရ၏။ကိုအောင်ကြင်က ရန်ကုန်နှင့် သန်လျင် ကူးချည်သန်းချည်လုပ်၍ သူ့မြေကွက်ပေါ်တွင် သစ်ပင်များ စစိုက်ပျိုးသည်။မြသွေးတို့ သန်းမြင့်အောင်ပါ ဝင်ကူကြပြီး၊ မှော်ဘီဘက်ရှိ ပျိုးပင်ရောင်းသူများထံမှ စံပယ်ပင်၊ နှင်းဆီပင်၊ စားသောက်စရာနှစ်ရှည်သီးနှံပင် စသည့် ပျိုးပင်များဝယ်ကာ သန်လျင်၊ ထန်းပင်ကုန်းမြေကွက်တွင် သစ်ပင်ပန်းပင်များကို ကူ၍စိုက်ပေးကြသည်။ရန်ကုန်တွင် ခြေချစရာ မြေကြီးရှာမတွေ့ဘဲ ကွန်ကရစ်ပလက်ဖောင်းနှင့် ကတ္တရာလမ်းများဖြင့် နေ့စဉ် နှစ်ပါးသွားရပြီး တိုက်ခန်းကျဉ်းကျဉ်းထဲနေရသဖြင့်  ကျယ်ဝန်းသော ကိုအောင်ကြင့် ခြံထဲရောက်တိုင်း စိတ်ပေါ့ပါး လွတ်လပ်မှုကို သူခံစားရသည်။ရွာလွတ်တွင်နေရစဉ်က ရရှိခဲ့သည့် သဘာဝဝန်းကျင်ကိုလည်း ပြန်သတိရမိသည်။
 
သုံးလေးနှစ်ခန့် သူတို့ဆက်တိုက်ကျင်းပပေးခဲ့သော ဆရာဒဂုန်တာရာ နှုတ်ဆက်ပွဲများသို့၊ စာရေးဆရာ၊ ကဗျာဆရာ၊ ထုတ်ဝေသူ၊ ပန်းချီဆရာ စသဖြင့် လူစုံလာကြသည်ကိုလည်း သူမှတ်မိနေသည်။စတင်ကျင်းပသည့်နှစ်များတွင်၊ ဆရာကြီးဦးအံ့မောင်၊ မောင်သာနိုး၊ လင်းယုန်မောင်မောင်၊ မောင်ဝံသ စသည့် လူကြီးပိုင်း စာရေး ဆရာများ လာရောက်ကြသကဲ့သို့၊ မောင်တင်ဆင့်၊ မောင်တင်သစ်၊ သန်းမြင့်အောင်၊ မြသွေးရည်၊ စိုးမြင့်လတ် စသည့် လူလတ်တန်းများ၊ လူငယ်တန်းစာရေးဆရာများနှင့် ပန်းချီယဉ်မင်းပိုက်၊ ပန်းချီမမွှေး စသည့် ပန်းချီဆရာ၊ ဆရာမများ၊ နယ်မှ အထူးသဖြင့် မန္တလေးမှ စာရေးဆရာများ လူစုံတက်စုံလာကြပါသည်။ဆရာတာရာ၏ စာပေအယူအဆများကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ကြသည်။အထူးသဖြင့် ဆရာ၏ ကျော်ကြားလှသော “ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုသည့် ဒဿနကို ဝေဖန်ကြပါသည်။
 
ဝေဖန်သူများက ထိုအယူအဆကို လက်မခံနိုင်ကြောင်း ချက်နှင့်လက်နှင့် ထောက်ပြကြပါသည်။ဆရာတာရာကား ကုလားထိုင်ပေါ်တွင် တည်တည်ငြိမ်ငြိမ်ထိုင်လျက် ပြုံးနေပါသည်။ 
 
ဝေဖန်သူများဘက်က ပြောစကားများကို ဆရာက စိတ်ရှည်လက်ရှည် နားထောင်ပါသည်။ထို့နောက် သူ့ဘက်က ဤအယူအဆကို အကြောင်းမဲ့ပြောခဲ့ခြင်းမဟုတ်ဘဲ၊ သူဖြတ်သန်းလာရသည့် နိုင်ငံရေးခရီး၊ စာပေခရီးအတွေ့အကြုံများမှတစ်ဆင့် ပေါ်ထွက်လာသည့် ဒဿနဖြစ်ကြောင်း ပြန်ရှင်းပြပါသည်။
 
ဆရာဒဂုန်တာရာ နှုတ်ဆက်ပွဲသို့ တက်လာသူတိုင်းကို ဤစကားဝိုင်းက ကောင်းစွာဖမ်းစား နိုင်ခဲ့ပါသည်။နှစ်ဘက်အပြန်အလှန်ပြောဆိုကြသည်များကို၊ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြရပုံများကို သူပြန်သတိရမိပါသည်။
 
နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကား၊ တစ်ချိန်က လက်ဝဲဘက်ယိမ်းသည့် လူငယ်စာရေးဆရာများ၏ စာပေဝေဖန်ရေးအကြောင်းဖြစ်ပါသည်။ထိုလူငယ်တစ်စုကား ယခုအခါ အသက် ၅၀ ကျော် ၆၀ ကြား လူလတ်ပိုင်းနှင့် လူကြီးပိုင်းသို့ ချဉ်းနင်းလာကြပြီဖြစ်ပါသည်။သူတို့က ဖောက်ပြန်သော လူတန်းစားများကို သရုပ်ဖော် အမွှမ်းတင်သည့် ဝတ္ထုများ၊ အလုပ်သမား၊ လယ်သမားများကို ကိုယ်စားမပြုသောစာများကို ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ကြသတဲ့။သည်ဝေဖန်စာများကို စုပေါင်းလျက် “မိုးကြိုမုန်တိုင်း” ဟူသော အမည်ဖြင့် စာအုပ်ထုတ်ကြသတဲ့။ထိုစာအုပ်တွင် ဖော်ပြမည့် ဝေဖန်စာများကို သူတို့လူငယ်တစ်စုကြားတွင် အကြိမ်ကြိမ်ညှိနှိုင်းကြပြီးနောက်၊ ၁၉၇၄ တွင် ပုံနှိပ်စာအုပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသတဲ့။မိုးကြိုမုန်တိုင်းထဲတွင် ဆရာဒဂုန်တာရာ၏ မေဝတ္ထုကို ပြင်းပြင်းထန်ထန်ဝေဖန်ထားသည့် ဆောင်းပါးလည်း ပါရှိသတဲ့။ဝေဖန်သူများကား ထိုစဉ်က သူတို့ကိုယ်သူတို့ တက်ကြွပြီး နိုင်ငံရေးအသိနိုးကြားမှန်ကန်သူများအဖြစ် ခံယူထားသော အသက်၂၀ ကျော်ဝန်းကျင် လူငယ်တစ်စုဖြစ်၏။သူတို့က ဝါရင့်စာရေးဆရာကြီးများ၏ စာပေလက်ရာများကို ပယ်ပယ်နယ်နယ် ဝေဖန်ကြသည်။
 
ဆရာဒဂုန်တာရာ၏ မေ၊ ဗန်းမော်တင်အောင်၏ မြစ်ဧရာပေါ်ဝယ်၊ ဂျာနယ်ကျော်မမလေး၏ သွေး၊ မြသန်းတင့်၏ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် စသည့် စာအုပ်များကို ဝေဖန်ကြသည်။ဝတ္ထုတစ်ပုဒ်ကို လူငယ်တစ်ယောက်ချင်းက ဝေဖန်ခြင်းမဟုတ်ဘဲ၊ စာအုပ်တစ်အုပ်ကို ၃ ယောက်တစ်တွဲ၊ ၄ ယောက် တစ်တွဲ အုပ်စုဖွဲ့၍ တာဝန်ယူဝေဖန်ကြသည်။
 
ထိုကာလတုန်းက စာပေနယ်ကို ပွဲဆူစေသည့် ရဲရဲတောက်ဝေဖန် ရေးဖြစ်ခဲ့သည်ဟူ၏။
 
ခင်နှင်းဦး